Tuesday, January 4, 2011

နေလို့ပိုကောင်းချင်ပါတယ်

တစ်ရက်မှာ စာပေနယ်က ဆရာတစ်ဦးက ကျွန်တော့်ကိုဆုံတာနဲ့ ဒီလိုနှုတ်ခွန်းဆက်ပါတယ်။ `ဟေ့ ခင်ဗျား နိုင်ငံရေးဆောင်ပါးတွေရေးနေတာတွေ့တယ် ဘယ်လိုလဲ ၀င်ကောအရွေးခံဖို့အစီအစဉ်မရှိဘူးလား ´ တဲ့။
ကျွန်တော်က သူ့ကိုဒီလိုပြန်ပြောခဲ့ပါတယ်။
` ကျွန်တော်ပြည်သူ့ခေတ်မှာ ရေးခဲ့တဲ့ စာပေအနုပညာသမားဆိုတာ ဆိုတဲ့ဆောင်းပါးကို ဆရာဖတ်ရလား ´
` ဖတ်မိပါတယ်´
` အဲဒါဆိုရှင်းနေပြီပဲ ကျွန်တော့်ဆောင်းပါးထဲမှာ ကျွန်တော့်သဘောထားရပ်တည်ချက်ကို အတိအလင်းရေးထားပြီးသားပါ ကျွန်တော်ဘယ်တော့မှရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးသမား လုပ်မှာမဟုတ်ဘူး´
ဒီတော့ သူက
` ဒါနဲ့များဗျာ ဘာဖြစ်လို့ ကိုယ့်ထမင်းကိုယ်စားပြီး ပြဿနာများတဲ့ ဟာတွေ ၀င်ရေးနေရတာလဲ သူများတွေက ရည်ရွယ်ချက်နဲ့လုပ်နေကြတာ ဆရာရဲ့ ခင်ဗျားကဘာလိုချင်လို့လဲ ´
ကျွန်တော်သူ့မေးခွန်းကို သဘောကျပြီးပြုံးမိလိုက်ပါတော့တယ်။ဘာ လိုချင်လို့လဲ .. တဲ့။ကျွန်တော့်ဘ၀မှာ ကိုယ်လုပ်ချင်တာတွေကိုလုပ်ခဲ့၊ဖြစ်ချင်တာတွေလည်းအတန်အသင့် ဖြစ်ခဲ့ပြီးပါပြီ။အဲဒီဖြစ်ချင်တဲ့အထဲ အမတ် ဆိုတာမျိုးမပါခဲ့။နည်းနည်းလေးမှ စိတ်ကူးယဉ်လို့မရခဲ့တဲ့ဘ၀မို့ တပ်မက်စိတ်လုံးဝမရှိပါ။ဒါဆို နီုင်ငံရေးစာတွေ၊အမြင်တွေဘာလို့ရေးနေရတာလဲ လို့ မသိသားထပ်မေးလာခဲ့ရင် `ရေးဖို့လိုအပ်လို့၊မရေးရမနေနိုင်လို့
ပဲ ဖြေပါရစေ။ကျွန်တော်တို့ စာပေသမားတွေတန်ဖိုးအထားဆုံးက အသိဥာဏ်ပညာပါ။အသိဥာဏ်ပညာနဲ့ဖွဲ့စည်းသော လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာရေးအတွက် ကိုယ့်အမြင်ကိုယ့်အတွေးတွေကို အပြုသဘောနဲ့စဉ်ဆက်မပြတ်
ရေးနေတာပါ။ဘာလိုချင်လို့လဲ ဆိုတဲ့ ခုနကမိတ်ဆွေရဲ့ အမေးကို ကိုယ့်ဖါသာမေးကြည့်ဖြေကြည့်ပါတယ်။ဆိုပါတော့ ကျွန်တော်တို့လိုချင်တဲ့ လူ့အဖွဲ့အစည်း၊လိုချင်တဲ့အုပ်ချုပ်ရေးစနစ်၊လူမှုရေးစနစ်၊အစစပြည့်စုံသွားပါပြီဆိုပါတော့ မင်းဘာလုပ်မလဲ လို့ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်မိပါတယ်။သေချာတဲ့အဖြေ ကျွန်တော့်မှာ ရှိပြီးသားပါ။အဲဒီအခါကျရင် ကျွန်တော် စာဆက်ရေးမယ်။တစ်ခါတစ်လေ ဗီဒီယိုရိုက်မယ်။အဆင်ပြေရင် ရုပ်ရှင်ရိုက်မယ် ဗျာ။နို့ ခုကော ဘာလုပ်နေလဲ လို့ မေးရင် ခုလဲ အဲဒါတွေလုပ်နေတာပါဘဲ။ဒါဆို ဘာထူးလို့လဲ လို့ ဆက်မေးစရာရှိပါတယ်။ ထူးမယ်လို့ယုံကြည်လို့ပေါ့။ဒီမိုကရေစီ ရပြီးရင်၊တစ်နည်းအားဖြင့် ဒီမိုကရေစီခေတ်သစ်ကြီးမှာ ဒါ့ထက် နေလို့ပိုကောင်းမယ်လို့ လေးနက်စွာ ရိုးသားစွာယုံကြည်လို့ပေါ့ လို့ပဲဖြေချင်ပါတယ်။ကျွန်တော်တို့အားလုံး နေလို့ပိုကောင်းချင်စိတ်နဲ့ အပြောင်းအလဲတွေကို လုပ်ခဲ့ကြတာမဟုတ်လား ။
ဟိုးသမိုင်းဦးဘုံမြေခေတ် ကနေ ခုချိန်ထိပြည်သူလူထုအများစု ယုံကြည်စွာနဲ့ ခေတ်အဆက်ဆက်ရုန်းကန်ဖြတ်သန်းလာတဲ့ ယုံကြည်မှု က ပိုမိုနေလို့ကောင်းတဲ့ လူ့အဖွဲ့အစည်းပါ။


သမိုင်းဦးဘုံမြေခေတ်မှာသဘာဝဘေးအန္တရာယ်တွေ၊သားရဲတိရစ္ဆန်တွေရဲ့ခြိမ်းခြောက်မှုတွေ၊တခြားသော
လူမျိုးစုတွေရဲ့တိုက်ခိုက်မှုတွေကို ဦးဆောင်ကာကွယ်ပေးခဲ့တဲ့သူရဲကောင်းတွေကိုခေါင်းဆောင်
တင်မြောက်တာကစပြီးပဒေသရာဇ်စနစ်ဆိုတာကြီးပေါ်လာရတယ်။
ပဒေသာရာဇ်တွေတဦးတယောက်တည်းမစွမ်းဆောင်နိုင်တာကို ၀ိုင်းဝန်းထောက်ပံ့ပေးရင်း သူတို့လိုချင်တဲ့ မျှတတဲ့အခွင့်အလမ်းတွေကို တောင်းဆိုညှိနှိုင်းရာကနေ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျည်းခံဘုရင်စနစ် တနည်းအားဖြင့် ပါလီမန်အုပ်ချုပ်ရေးစနစ် ပေါ်လာခဲ့တယ်။အဲဒီကာလတွေတုန်းက ပါလီမန်ဆိုတာလည်း ဘုရင်တွေ၊အနီးအပါးကဆွေတော်မျိုးတော် နယ်စားပယ်စားတွေ၊သြဇာကိတ္တိမကြီးတဲ့ မြေရှင်ကြီးတွေပဲတက်
ခွင့်ရခဲ့တဲ့ အုပ်ချုပ်ရေးအဆောက်အအုံ သာဖြစ်ခဲ့ပါတယ်။အုပ်ချုပ်ရေးဟာ စီးပွားရေးစနစ်နဲ့ကင်းကွာလို့မရခဲ့လေတော့ အဲဒီခေတ်မှာ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးရဲ့အဓိကအခြေခံ ထွန်ယက်စိုက်ပျိုးလို့ရတဲ့မြေယာတွေကို အများကြီးပိုင်ဆိုင်တဲ့မြေရှင်ကြီးတွေဟာသြဇာလွှမ်းမိုးခဲ့တယ်။အဲဒီခေတ်စနစ်ကို မြေရှင်ပဒေသရာဇ်စနစ် လို့သတ်မှတ်ခဲ့ပါတယ်။
မြေရှင်တွေကို ကာကွယ်ပေးတဲ့ဥပဒေတွေကို အုပ်ချုပ်သူပဒေသရာဇ်တွေနဲ့ အကျိုးတူခံစားနေတဲ့မြေရှင်ကြီးတွေက အကျိုးတူခံစားနိုင်ဖို့ အတူတကွပူးပေါင်းရေးဆွဲခဲ့ကြတယ်။သူတို့ရေးဆွဲခဲ့တဲ့ဥပဒေဟာ သူတို့အကျိုးစီးပွားကိုပဲရှေ့ရှုကာကွယ်ထားတယ် ဆိုတာအထူးတလည်ပြောစရာမလိုတော့ပါဘူး။အဲဒီကမှတဆင့် စက်မှုထွန်းကားတဲ့ခေတ်ကြီး
ကိုရောက်ခဲ့တယ်။နည်းပညာတွေအပြိုင်းအရိုင်းတိုးတက်ထွန်းကားလာမှုပေါ်အခြေခံပြီး စီးပွားရေးစနစ်ဟာ
ပြောင်းလဲခဲ့ပြန်တယ်။မြေယာပိုင်ဆိုင်မှုပေါ်မူတည်ပြီး သြဇာအာဏာကြီးမားမှုတွေက ရွေ့လျားနိမ့်ပါးသွားခဲ့ပြီး စက်ရုံတွေ၊ကုန်ပစ္စည်းတွေ၊ထုတ်လုပ်ဖို့ အရင်းအနှီးတွေပိုင်ဆိုင်တဲ့ သြဇာကြီးထွားလာစေတဲ့ အရင်းရှင်စီးပွားရေးစနစ်
ဆိုတာပေါ်လာပြန်ပါတယ်။အရင်းရှင်ခေတ်မှာ အရင်းရှင်တွေဟာပါလီမန်ထဲက မြေရှင်တွေနေရာမှာဝင်ယူလာတဲ့
အလျောက် ဥပဒေကိုလည်းသူတို့အကျိုးစီးပွားကိုရှေ့ရှုတဲ့ ဥပဒေတွေနဲ့အစားထိုးပြဌာန်းခဲ့ကြပါတယ်။အရင်းရှင်ခေတ်မှာ အစိုးရ၊ပါလီမန်နဲ့စစ်တပ်ဟာ အရင်းရှင်တွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးရတယ်။ကုန်ကြမ်းရဖို့၊ကုန်ချောတွေပြန်ရောင်းဖို့ စသဖြင့်ရည်ရွယ်ချက်တွေနဲ့ မမျှတတဲ့ဥပဒေတွေကို အမျိုးမျိုးပြဌာန်းပြီး ကမ္ဘာ့နိုင်ငံငယ်
လေးတွေကို နိုင့်ထက်စီးနင်းသိမ်းပိုက်ကျွန်ပြုတဲ့ ကိုလိုနီစနစ်ကြီးပါ အရင်းရှင်စနစ်ရဲ့နောက်ဆက်တွဲပေါ်လို့လာပါတယ်။
အဲဒီကမှ အစွန်းရောက် နာဇီဝါဒ၊ဖက်ဆစ်ဝါဒဆိုတဲ့ ချောက်ကမ်းပါးတွေအထိ အရင်းရှင်စနစ်ဟာ ကျရောက်ခဲ့ပါတယ်။
အဲဒီ လူနည်းစု မြေရှင်တွေ၊အရင်းရှင်တွေရဲ့ဖိနှိပ်မှုကို ခံခဲ့ရတဲ့ပြည်သူတွေဟာ သူတို့ရဲ့ဘoတွေအမှန်တကယ်
လွတ်မြောက်လိုတဲ့ဆန္ဒတွေနဲ့ လူတန်းစားလွတ်မြောက်ရေး ဆိုပြီး ဆိုရှယ်လစ်စနစ်၊ကွန်မြူနစ်စနစ် တွေကို ဖေါ်ဆောင်တိုက်ပွဲဝင်လာကြပါတယ်။လယ်လုပ်သူတိုင်းလယ်ပိုင်ဆိုင်ခွင့်ရရေး၊အလုပ်လုပ်သူတိုင်းမျှတတဲ့အလုပ်ချိန်၊လုပ်အားခတွေရရေး အဲဒီလို တိုက်ပွဲဝင်လာရင်းနဲ့ပဲအစွန်းရောက်အတွေးအခေါ်တွေနဲ့ အစွန်းရောက်လူတန်းစားကိုရှေ့တန်းတင်၊ပါတီကိုရှေ့တန်းတင်၊တော်လှန်ရေးကိုရှေ့တန်းတင်၊ခေါင်းဆောင်ကြီးကိုရှေ့တန်းတင်၊တဦးချင်း၊တယောက်ချင်း၊တသီးပုဂ္ဂလလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းလွန်းမကဆိတ်သုဉ်းပြီး အဲဒီအစွန်းရောက်စနစ်တခုလည်း ကျဆုံးခဲ့ရပြန်ပါတော့တယ်။ကျွန်တော်တို့ မွေးလာတဲ့အချိန်ကာလတွေမှာတော့ မြန်မာနိုင်ငံဟာ ၁၉၇၄ ပြည်သူ့ဆန္ဒခံယူပွဲတွေကျင်းပပြီး မဲရုံကိုသွားကြစို့ကြွေးကြော်သံတွေနဲ့ ညံနေခဲ့လေရဲ့။`သာယာဝပြော၍ ကိုယ်ကျင့်တရားကောင်းမွန်သော လောကလူ့ဘောင်သစ်ကြီးကိုတည်ဆောက်ရန် ´ တဲ့။ဆိုရှယ်လစ်ပန်းတိုင်ကို သွားရင်းသွားရင်း လူထုကောင်းစားရေးမှသည် လူတစုကောင်းစားရေးဖြစ်ခဲ့ကြပြီးကျဆုံးခဲ့ပါတယ်။
ခုတခါမှာလည်း ကျွန်တော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီခေတ်သစ်ဆီသို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အပြောင်းအလဲအချိုး
အကွေ့တွေ ပြောင်လဲချိုးကွေ့လို့နေပြန်ပါပြီ။ပြည်သူလူထုအမှန်တကယ်လိုချင်တာက အေးချမ်းပြည့်စုံတဲ့ဘ၀ပါ။
ကျန်းယီမူ(Zhang Yimou)ရဲ့ တူလစ်ဖ်(To Live)ကိုကြည့်ရတော့ ခေတ်အဆက်ဆက် လူတွေ၊အောက်ခြေလွှာအုပ်ချုပ်ခံ
ပြည်သူတွေ ရုန်းကန်ရတဲ့ဘ၀တွေကို ပေါ်လွင်အောင်၊ပီပြင်အောင်ပြသွားလိုက်တာ။အိမ်ကြီးရခိုင်သူဌေးသားဘ၀ကနေ လောင်းကစားနဲ့ဘ၀ပျက်ခဲ့တဲ့လူတယောက်၊သားမယားက သူ့ကိုစွန့်ပစ်သွားတယ်။အမြင်မှန်ရပြီး ဘ၀ကိုရုပ်သေးဆရာ
ဘ၀နဲ့ ပြန် စနေတဲ့အချိန်မှာ ကူမင်တန်တပ်တွေက သူ့ကိုချောဆွဲသွားပြီး သူတို့တပ်ထဲ ရုပ်သေးပြခိုင်းတယ်။ရှေးခေတ် သူရဲကောင်းစစ်ဘုရင်ကြီးတွေဇာတ်ကို ကူမင်တန်အရာရှိကြီးတွေ သိပ်ကြိုက်သိပ်အားပေးခဲ့ကြပေါ့။အဲဒီကနေ စစ်ပွဲမှာ မော်စီတုံးတို့ ကွန်မြူနစ်တပ်နီလက်အောက်ရောက်သွားပြန်တော့ အဲဒီစစ်ဘုရင်ဇာတ်ထုပ် ကိုသိမ်းပြီး အလုပ်သမားထုကြီးလွတ်မြောက်ရေးဇာတ်တွေခင်းခဲ့ ကခဲ့ရပြန်တယ်။နောက် သူ့သားသမီးဇနီးတွေနဲ့ပြန်ဆုံပြီး ဘ၀ကို စနစ်က၊ခေတ်က သတ်မှတ်ပေးတဲ့အတိုင်း ဆက်ခဲ့ကြတယ်။သူ့ဇနီး ပြောတဲ့စကား ရင်နင့်စရာ၊ပြည်သူတွေအားလုံးကို ကိုယ်စားပြုလေရဲ့။
` ဘာပဲဖြစ်ဖြစ် ကျမတို့မိသားစုလေး အတူတူအေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်လို့ရတယ် ထမင်းလေးနပ်မှန်စားနေရတယ်ဆိုတော်ပါပြီ ရှင် ´ တဲ့။
ကွန်မြူနစ်တော်လှန်ရေးကြီးအောက်မှာ တရုတ်လူမျိုးတို့ရဲ့ထုံးစံအတိုင်းဆွံ့အနေတဲ့သူတို့သမီးလေးအတွက် သတို့သားလောင်းရှာကြရတယ်။ရမယ့်ရတော့ သူတို့ထက် အရမ်းကို အဆင့်မြင့်တဲ့ ကွန်မြူနစ်ပါတီကေဒါ
လူငယ်တယောက်ကိုရတယ်။လူငယ်ကခြေတဘက်တော့မသန်ဘူး။ပါတီကေဒါခေါင်းဆောင်လူငယ်လေးဟာ သူတို့သမီးလေးကို မြန်နိုးရှာပါတယ်။ဒါကြောင့် သတို့သမီးတင်တောင်းတဲ့ခန်းဝင်ပစ္စည်းအနေနဲ့ ဥက္ကဋ္ဌကြီးမော် ရဲ့ဓါတ်ပုံနဲ့တောင် တင်တောင်းခဲ့လေရဲ့။ဥက္ကဋ္ဌကြီးရဲ့ ဓါတ်ပုံကိုကြည့်ပြီးသူတို့လင်မယား တယောက်မျက်နှာ
တယောက်ကြည့်တဲ့အမူအရာလေးတွေက သိပ်ထိပါတယ်။ တူလစ်ဖ် တဲ့။ရှင်သန်နေထိုင်ခွင့်ရဖို့ က သာမန်ပြည်သူတွေအတွက်အရေးအကြီးဆုံးပါ။ဘယ်စနစ်ပြောင်းပြောင်း၊ဘယ်ခေတ်ပြောင်းပြောင်း အဲဒီ
ပြည်သူတွေကို တကယ်ကိုယ်စားပြု၊တကယ်ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့စနစ်ဖြစ်ဖို့ ခေတ်ဖြစ်ဖို့ကအရေးအကြီးဆုံးပါ။
ပြောရရင် ပြည်သူတွေမှာ ပုဂ္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲ၊၀ါဒစွဲစနစ်စွဲမရှိပါဘူး။အာဏာကို လက်ဝယ်ကိုင်ထားတဲ့သူတွေဟာ ပြည်သူလူထုအတွက်ကိုသာရှေ့တန်းတင်၊ပြည်သူလူထုကို ဦးထိပ်ထားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့၊ပြည်သူတွေပိုင်ဆိုင်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေအမှန်တကယ်ပေးဖို့၊ပြည်သူတွေကိုရှေ့တန်းတင်ဖို့သာလိုပါတယ်။
သမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူတစုကောင်းစားရေးကိုကာကွယ်စောင့်ရှောက်ခဲ့တဲ့ မြေရှင်စနစ်ဆိုးကြီးတွေ၊အရင်းရှင်စနစ်ဆိုးကြီးတွေ၊ပဒေသရာဇ်စနစ်ဆိုးကြီးတွေဟာ ဒီကမ္ဘာမြေပေါ်ကနေကွယ်ပျောက်သွားသင့်ပြီး၊ဘယ်တော့မှလည်းပြန်မလာသင့်တော့ပါဘူး။
ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ၁၉ ရာစုတုန်းကပေါ်လာခဲ့တဲ့ အမြတ် အမြတ် အမြတ် လို့ရှေ့တန်းတင်၊လူတစုကောင်းစားရေးသာရှေ့ရှုတဲ့ စနစ်မျိုး လုံးဝ လုံးဝမဟုတ်ရပါဘူးလို့ ထပ်လောင်းပြောရင်း ပြည်သူတွေနေလို့ပိုကောင်းမယ့် ခေတ်သစ်ကြီးကိုမျှော်လင့်နေမိကြောင်းပါ ။ ။





ချိုတူးဇော်





ပေါ်ပြူလာနျူးစ် ဂျာနယ် ။ အတွဲ ၂ ၊ အမှတ် ၄၃ ။

No comments:

Post a Comment