Friday, September 6, 2019

" လူပေါင်းမှား လို့ ဘိန်းထုတ်တယ် "


လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေနဲ့ မကင်းနိုင်ဘူး ဆိုတာ ငြင်းစရာ မဟုတ်ဘူး။
 ဒီလောက် တိုက်နေကြမှတော့ ဒီစစ်စရိတ်ကို သဲ့နေအောင်သုံးနိုင်ဖို့ ရရာနည်းလမ်းစုံနဲ့ ရှာကြမှာပဲ။

ဒါပေမဲ့ ရှမ်းပြည်ကြီးတခွင်လုံး ကမ္ဘာ့မူးယစ်ဆေးအများဆုံးထွက်ရာဒေသကြီး ဖြစ်သွားရတာ အဓိက ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာ နိုင်ငံရေးအမြင် ရင့်ကျက်စွာ သုံးသပ်ကြဖို့ ပြောချင်ပါတယ်။

လွတ်လပ်ရေး ရပြီး နှစ် ၇၀ ကျော်လာသည်အထိ အစစ နိမ့်ကျဆင်းရဲမွဲတေနေတဲ့ ဒီဒေသသားတွေဟာ စစ်တပ်ရဲ့ နိုင့်ထက်စီးနင်း တရားဥပဒေမဲ့ ပြုကျင့်မှုတွေကို တောက်လျှောက်ခံခဲ့ရတယ်။

ရွာထဲစစ်ကြောင်းဝင်လာပြီဆိုရင် တွေ့ရာ ကြက် ဝက် ဆွဲချ စားသောက်၊ ပိုက်ဆံလည်း ပေးချင်မှပေး၊ ပေးချင်သလောက်ပေး၊ ရွာကယောက်ျားတွေ ပေါ်တာဆွဲ၊ မသင်္ကာရင်နှိပ်စက် သတ်ဖြတ်၊ မိန်းကလေးတွေ မုဒိန်းကျင့်နဲ့ ခံခဲ့ရတယ်။

အတိုက်ခံလိုက်ရရင် နီးရာရွာ မီးတိုက်ကြပြန်သေးတယ်။ ဒါတွေဟာ ဒီနှစ်ပေါင်း ၇၀ အတွင်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်စဉ်ဖြစ်ရပ်တွေပါ။

ခု တိုင်းရင်းသားအဖွဲ့အစည်းတွေက အရပ်သားတွေရဲ့ ကားတွေမီးရှို့တော့ စိတ်တွေဆိုးကြ၊ အဖျက်သမားတွေ ကင်ပွန်းတပ်ကြ နဲ့၊
ဒီနှစ် ၇၀ လုံး ရွာတွေမီးရှို့ခံ၊ ကြက် ဝက် မွေးထားတာတွေ လုယက်ခံ၊ တနှစ်လုံး နဖူးကချွေးခြေမကျအောင် တောင်ယာလုပ်ပြီး စုထားဆောင်းထားသမျှ လုယက်ဖျက်စီးခံရတဲ့ ဘဝတွေကို ခင်ဗျားတို့ရဲ့ မီးရှို့ခံရတဲ့ ကားတွေကြောင့် ပူတဲ့အပူတွေနဲ့ ယှဉ်ထိုး စာနာကြည့်နိုင်ပါစေ။

ဒီလို ဖိနှိပ်မှုတွေကြောင့် မခံနိုင်တဲ့အဆုံး လက်နက်ကိုင်ကြ၊ လက်နက်ကိုင်တော့ အစမှာ ပြောခဲ့သလို စစ်သုံးစရိတ်အတွက် ရရာနည်းလမ်းနဲ့ မူးယစ်ထုတ်လုပ်မှုတွေ လုပ်ကုန်ကြ ဖြစ်ကုန်ပြီး ဆိုးသံသရာ လည်မဆုံးတော့ဘူး။

ဒါတွေဟာ တောရမ်းမယ်ဖွဲ့ ပြောနေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ သတင်းမီဒီယာတွေကကို သေချာလေ့လာ ရိုက်ကူးမှုတွေနဲ့ ထောက်ပြခဲ့တဲ့ အချက်တွေပါ။
ဒီဆိုးသံသရာကြီး က ရပ်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီဒေသတွေရဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းကြပြီး ဒီစစ်မီး ငြိမ်းမှ ရမှာ ဖြစ်တယ်။

ဒေသသားတွေလိုလားတဲ့အတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို အပြည့်အဝပေးရမှာ ဖြစ်တယ်။

ဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားကြမှသာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေဟာ ရပ်ဆိုင်းသွားမှာဖြစ်တယ်။
မရပ်ရင် မရပ်တဲ့ ဒေသ၊ မရပ်တဲ့အဖွဲ့အစည်းဟာ နိုင်ငံတကာမူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းဝန်းချေမှုန်းခံကြရမှာပါပဲ။

တဘက်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရလာရင် မိမိတို့ဒေသတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်၊ ကုန်ကူးသန်းရောင်းဝယ်ခွင့်တွေ ရလာအောင် အပြိုင်အဆိုင် မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ကုန်ကြပါလိမ့်မယ်။

ခုတော့ မှားယွင်းသော ကိုင်တွယ်ဖြေရှင်းမှု၊ စီမံခန့်ခွဲမှုတွေနဲ့ ဒီဒေသကြီးဟာ စစ်မီးတွေဟုန်းဟုန်းတောက်၊ မူးယစ်ဆေးဝါးတွေ အလျှံပယ် ဖြစ်နေပါရော။

စကထဲက ပင်လုံမှာ လက်မှတ်မထိုးဘဲ သီးခြားရှမ်းဖက်ဒရယ်ပြည်ထောင်စုအနေနဲ့သာ ရပ်တည်ခဲ့ရင် ခုလောက်ဆို အင်မတန် လှပ ဧချမ်းတဲ့ အာရှတိုက်က နိုင်ငံတခု ဖြစ်နေရောပေါ့။
မောရစ်ကောလင်း က ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ Paradise on earth လို့ကို တင်စားခဲ့ရာဒေသ။

ဒီလိုလှပတဲ့ အရပ်ဒေသတခု ဒီလိုဖြစ်သွားရတာကို ဖြစ်ဖြစ် ငတို့ဗမာပိုင်ဖြစ်ရဖို့ အရေးကြီးတယ် ဆိုတာ ချစ်ခြင်းတဲ့လား။
ငှက်ကလေးတွေကို လှောင်အိမ်ထဲ ထည့်မွေးချင်တဲ့လူနဲ့ အဝေးကနေ ဓါတ်ပုံကလေးတွေရိုက်ပြီး အဲဒီငှက်ကလေးတွေ သူ့သဘာဝအတိုင်း နေနေတာကို လိုလားတဲ့သူ နှလုံးသားချင်း မတူပါလေ။

ကျနော်ဟာ ဗမာတယောက်ပေမဲ့ အဲဒီရှမ်းပြည် ကို ချစ်လှ၊ သာယာစေချင်လှတယ်။ ငတို့ဗမာတွေနဲ့ ပေါင်းလို့ သူတို့ဒေသကြီး ပျက်စီး စစ်သင့် ဘိန်းထွက် ဖြစ်ရတယ် လို့လည်း စိတ်မကောင်းဖြစ်ရတယ်။ မော်ရစ်ကော်လင်း ရဲ့ နှလုံးသားမျိုး ကျနော့်အမျိုးတွေ ရှိတတ်ကြစေချင်တယ်။

ကချင်ပြည်ဆိုလည်း လွတ်လပ်ရေးရပြီး ဦးနုအစိုးရ ရဲ့ တရုတ်ကို ဖဲ့ပေးခြင်းခံခဲ့ရတယ်။
တော်တော်စိတ်ဆိုးဖို့ကောင်းတယ်။ တပြည်နယ်လုံး မပေးခဲ့တာ။
ပေးခံလိုက်ရတဲ့ ဒေသတွေဟာ တရုတ်အစိုးရအောက်မှာ ဧချမ်းနေ သာယာနေလိုက်ပုံများ။

ခွဲထွက်လိုက်ရင် တရုတ်အောက်ရောက်သွားမယ်၊ ကုလားအောက်ရောက်သွားမယ်၊ ထိုင်းဘက်ပါသွားမယ် နဲ့ ဂျင်းစကား၊ ခြောက်လုံးလှန့်လုံးတွေ ပြောကြပြန်သေးတယ်။

ရောက်စမ်းပါစေဗျာ၊ အပေးခံလိုက်ရတဲ့ ကချင်ဒေသတွေက သက်သေပဲ၊ ဗမာအောက်ရောက်တာထက်တော့ ဘယ်အောက်ရောက်ရောက် သာမှာ သေချာပါတယ်။

ပြည်မသားဗမာတွေဟာ ဘာနဲ့တူသလဲ ဆိုတော့၊ ဆင်းရဲတာလည်း ကုန်းကောက်စရာမရှိ၊ ကလေးတွေ တပြုံတခေါင်းမွေးထားပြီး ပစ္စလက္ခတ်ထားသလိုပဲ။
တာဝန်မယူနိုင်ဘဲ ဒီပြည်ထောင်စု ဆိုတာကြီး ကို ဇွတ်ဖက်တွယ်နေကြတယ်။
ဖက်တွယ်ကြတာကလည်း ဂျင်းပညာရေး က ရိုက်သွင်းခံထားရလို့။

မကြာသေးခင်က တယောက်က လာမန့်တယ်။
ဒီဧရိယာစတုရန်းမိုင်နှစ်သိန်းခြောက်သောင်းဒေသကြီးတည်တံ့ဖို့ကို ခေတ်အဆက်ဆက် ဘ်ာသူတွေ ပေးဆပ်ခဲ့သလဲ ဘယ်လူမျိုးတွေရဲ့ အဓိကအားထုတ်မှုလဲ ကြည့်ကြည့်လိုက် ဆိုပဲ။

အံမယ်လေး ကြည့်ကြည့်တော့ ဟိုးပုဂံခေတ်ကထဲက သတ်လာလိုက်၊ တိုက်လာလိုက်တာ၊ ဓါးမိုးပြီး တည်ထောင်လာတာ။

ဒီတိုင်းပြည် ဧချမ်းတည်ငြိမ်သာယာနေတဲ့ နှစ်ကာလဟာ လောက်လောက်လားလား ပြစရာကို မတွေ့ပါဘူး။

ဒီသမိုင်းဆိုးကနေ ကိုလိုနီအောက်က ရုန်းထွက်စဉ်မှာ ဗမာလူထုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း နဲ့ တောင်တန်းဒေသခေါင်းဆောင်ကြီးများ အပြန်အလှန်ယုံကြည်လေးစားမှုတည်ဆောက်ပြီး ပင်လုံစာချုပ်ကြီးကို ချုပ်ဆို "ပြည်ထောင်စုစစ်စစ်"ကြီး တည်ဆောက်ဖို့ အားထုတ်ခဲ့တယ်။
ဒါပေမဲ့ ကြာကြာမခံပါဘူး၊ ၁၀ နှစ်ပြည့်တာနဲ့ ကလိမ်ကကျစ်တွေလုပ်ပြီး စာချုပ်ဖေါက်ဖျက် ဟိုးအရင့်အရင် ဘုရင်တွေရဲ့ ထုံးနှလုံးမူပြီး လက်နက်နဲ့ ပြန်သိမ်းပိုက် စစ်အင်ပါယာအဖြစ် ပြန်ကျဆင်း သွားခဲ့ပြန်တယ်။

ပြောကြည့်စမ်းပါ ဘယ်ခုနှစ်သက္ကရာဇ်မှာများ ဂုဏ်လုပ်စရာတွေ့သလဲ လို့။

မရင့်ကျက်တဲ့ ဦးနှောက်ဉာဏ်ရည်နဲ့ ဘုရင့်နောင်မင်းတရားကြီးသည် ယိုးဒယားကို သိမ်းပိုက်ခဲ့သည် ဆိုတာမျိုးကို ဂုဏ်ယူစရာအောင့်မေ့နေသေးရင်တော့ မပြောတတ်ဘူး။

သမိုင်းတလျှောက်ကြည့်လိုက်ရင် ဒီအမျိုးက လုယက်ဓါးပြတိုက်ခဲ့တာချည်းပဲ။ ဘယ်နယ်ပယ်မှာမှ ဘာတခုမှကြံစည် တီထွင်မှုဆိုတာ မတွေ့ပါလေ။

လောကမှာ မပေါင်းအပ်သောသူနဲ့ ပေါင်းခြင်းဟာလည်း အမင်္ဂလာ ကိုးဗျ။

ချိုတူးဇော်

" စစ်အာဏာရှင်တွေ ရွှေ့လိုက်တဲ့ ကျား "


ကမ္ဘာပေါ်မှာ အပက်စက်ဆုံး ထောက်လှန်းရေးမွှေချက်တွေဟာ
မြန်မာပြည်လက်နက်ကိုင်လောက မှာ ရှိခဲ့ပေါ့။
ဗမာပြည်ကွန်မြူနစ်ပါတီ၊ နောက်ဆုံး ABSDF အကုန် ထောက်လှန်းရေးလက်ချက်နဲ့ ပြိုကွဲ ချိနဲ့ ကျဆုံးခဲ့ကြရတယ်။

အသွင်တူစစ်ဆင်ရေး၊ တန်ပြန်စစ်ဆင်ရေး သိပ်လုပ်တတ်တယ်။
ရွှေဝါရောင်နဲ့ အရှိုက်ထိခဲ့တော့၊ မဘသ ကို ဖန်တီးတယ်။

ခုလဲ တနိုင်ငံလုံးရဲ့ အညှာကို သိပြန်လေတော့။ မြန်မာပြည်ရဲ့ ကမ္ဘာ့စာမျက်နှာပေါ် ပျော့ကွက်အရှိဆုံးနေရာကို လှလှပပ ကျားကွက်ရွှေ့လိုက်တာပါပဲ။

ဒီလိုပြောလို့ မောင်တောအကြမ်းဖက်မှုဟာ အတု လို့ ပြောချင်တာလား ဆိုတော့၊ အတု မဟုတ်ဘူး။ အစစ်ပါ။ မောင်တောသားတွေရဲ့ အနာကို ဆွပေး၊ နောက်ကနေ ပံ့ပိုးပေးခဲ့တဲ့ လက်တန်ဟာ ဘယ်သူလဲ အဖြေရှာ သတိထားကြဖို့ပါ။
တကယ့်ပြည်ပက စနစ်ကျလှတဲ့ လေ့ကျင့်မှုနဲ့ဆို ခုလိုမီးကျိုးမောင်းပျက်တွေ၊ သံချေးကိုက်ဓါးတွေနဲ့ ဒီလောက်တောင့်တင်းတဲ့ စစ်တပ်စွဲထားတဲ့ အခြေအနေမှာ တိုက်စရာကို မရှိဘူး။

ခုဖြစ်စဉ်ဟာ စဉ်းစားချင့်ချိန်နိုင်စွမ်းနည်းလှတဲ့ မောင်တောသားတွေကို ကိုဖီအာနမ်ကြေညာချက်နဲ့ သွေးကြွဒေါသူပုန်ထ အောင်မြှောက်ပေး တိုက်ခိုက်စေခဲ့တာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဒေသတချို့ရဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ်တွေမှာ ဟိုဘက်ကော သည်ဘက်ပါ စီအိုင်အေ နောက်ကွယ်က လှုပ်ရှားလိုက်သလိုပါပဲ။

ကျနော့်စာတပုဒ်အောက်မှာ တစုံတယောက်က ဒီဖြစ်စဉ်တခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ကို ကိုဖီအာနမ်တာဝန်ပေးမှုကြောင့်ဖြစ်ရတယ်၊ သူဟာ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်နဲ့ ဘင်္ဂလီကြားစေ့စပ်ဖို့တော့အားမထုတ်ဘူး၊ လက်လွှတ်စပယ်တာဝန်မဲ့ အာနမ်ကို တာဝန်ပေးတယ် လို့ အာနမ်ကြေညာချက်ကို ချိန်သားကိုက် ဦးနု ရဲ့ ရှမ်းဖဒရယ်မူ နဲ့ပါ ခိုင်းနှိုင်းပြီး လာမန့်သွားတယ်။

သာမန်ပြည်သူပါ တွင်တွင်ပြောပြီး တခွန်းစ၊ တစွန်းတစ အမြင် လို ဆိုဒ်ဝါးတွေက သူတို့ရဲ့ အိုက်ဒီယာလော်ဂျီစစ် ကို ထိုးတတ်ပါတယ်။

ဘာမှ မဆိုင်ဘဲ ဒေါ်စု ကို တရားခံ လုပ်တာ မြန်မာပြည်သူတွေ သိနားလည်ပြီးသားပါ။ ၂၀၁၅ ရွေးကောက်ပွဲကာလကထဲက ရခိုင်ဘက်ကလဲ ကုလားပင်းတယ် စွပ်စွဲ၊ ကုလားဘက်ကလဲ ရခိုင်ပင်းတယ် စွပ်စွဲပြီး ဒေါ်စုကို နှစ်ဘက်စလုံး ရဲ့ ဒေါသပစ်မှတ်ထားခဲ့တယ်။

ကွန်မန့်သမားက ဒေါ်စု ဟာ ရခိုင် ကို တချက်ကလေးတောင် မလာဘူး၊ ဘူးသီးတောင်မောင်တောကို တခေါက်တောင်ခြေမချဘူး လို့ ထည့်ရေးသွားသေးတယ်။

၂၀၁၅ တုန်းက ဒေါ်ဒေါ်စု ရခိုင်သွားမယ် လုပ်ခဲ့သေးလို့၊ ကျနော်တို့ကန့်ကွက်ရေးသားခဲ့ပါရော။

အသေအချာပါပဲ။ သူတို့ဒေါ်စုကို လုပ်ကြံဖို့ထိတောင် ရည်ရွယ်ထာသလားပဲ။ ဘင်္ဂလီထဲက ဖြစ်ဖြစ်၊ ရခိုင်ထဲက ဖြစ်ဖြစ် ဦးစော တယောက် ဖန်တီးပစ်နိုင်တယ်။
ဒေါ်ဒေါ်စု အနေနဲ့ ဒီလိုအခြေအနေတွေမှာ ရခိုင်ကို လုံးဝ မသွားသေးတာပိုသင့်လျော်ပါလိမ့်မယ်။

လတ်တလော မြန်မာပြည်သူတွေ ရခိုင်ဒေသခံတိုင်းရင်းသားတွေနဲ့ မောင်တောသားတွေ နှစ်ဘက်စလုံး အသုံးချခံလိုက်ရတာ
လို့ပဲ မြင်ပါတယ်။

စစ်အုပ်စု ရ လိုက်တဲ့အမြတ်က

၁။ ကမ္ဘာ့စာမျက်နှာပေါ်က အဖိနှိပ်ခံ ရိုဟင်ဂျာလှုပ်ရှားမှုကို အစွန်းရောက်အကြမ်းဖက်ဘင်္ဂလီ ဖြစ်သွားစေတယ်။

၂။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုဖီအာနမ်တာဝန်ပေးမှုကြောင့် ခုလို နှစ်ဘက်အသက်တွေဆုံးရှုံးရတာလို့ ဒေါ်စုကို တရားခံအမြင် လော့ဂျစ်တွေ ဖြန့်နေတယ်။

၃။ ထုံးစံအတိုင်း တပ်မတော် က ကယ်တင်ရှင်အခန်းကဏ္ဍ က ပေါ်လာ၊ အခြေအနေထိန်းသိမ်း။

၎။ ရခိုင်ပြည်သူလူထုအကြား အားကိုးနေတဲ့ AA ကို သိက္ခာချ၊ တပ်မတော် သာလျှင် ရခိုင်ကို ကယ်တင်၊ ကာကွယ် ။

၅။ ပြည်သူတွေထဲ၊ (မီဒီယာသမားတချို့တောင်ပါသေး) ညီညွတ်ကြဖို့တွေ အော်ကြ၊ ဘုံရန်သူပြည်ပကလူတွေ ကို တိုက်ကြနဲ့ ဖြစ်ကုန်။

ဆရာဦးဝင်းတင် ပြောခဲ့တဲ့ စကားတခွန်း ခုထိ အသုံးတည့်ဆဲပါ။ ကာလဒေသလိုက်လျောညီအောင် ပြန်မွန်းမံပြောရမယ်ဆိုရင်

" ဒီစစ်တပ် ကို ကျနော်လုံးဝမယုံဘူး "။

ချိုတူးဇော်

" ဤဖက်ဆစ်စစ်တပ်ရှိသရွေ့ ဖက်ဒရယ် သည်လည်း ငြိမ်းချမ်းရေးအတွက် စိတ်ချရသော အာမခံ ဟု မမြင်ပါ"


ခွဲထွက်ရေး သာ ငြိမ်းချမ်းရေးအတွက် အာမခံရှိလို့ ခွဲထွက်ရေးကို ရေးနေတာပေါ့။

လွတ်လပ်ရေးရပြီးကထဲက 
ဘယ်နှကြိမ်ရှိပြီးပြီလဲ၊ အပစ်အခတ်ရပ်စဲတာ။
ဘယ်နှခါမြောက်ပြီးပြီလဲ၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ။

နှစ်ချီ အပစ်ရပ်ပြီးလဲ ဒီစစ်တပ်က ပြည်နယ်တွေကို ထင်သလိုတပ်စွဲ တပ်ရွှေ့တွေလုပ်၊ စစ်ဆင်ရေးတွေလုပ်နဲ့ ပြန်ပျက်ပြား ပြန်စစ်ဖြစ်ခဲ့ရတာချည်းပဲ မဟုတ်လား။

ဒီစစ်တပ်ကို ခင်ဗျားတို့ ထိန်းကျောင်းနိုင်တဲ့ အရပ်ဘက်အစိုးရ၊ ပါတီ အဖွဲ့အစည်းလည်းမရှိ၊ ဥပဒေလည်း မရှိတဲ့အတွက် ဘာကိစ္စ တိုင်းရင်းသားတွေအနေနဲ့ ခင်ဗျားတို့ပြောတဲ့ ဖက်ဒရယ် ကို ယုံကြည်လက်ခံသင့်သလဲ။

ကျနော် ကတော့ ရှင်းရှင်းပါပဲ။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့ အာဏာပထမဦးစားပေး အာဏာရူးနိုင်ငံရေးသမားလည်း မဟုတ်၊

တိုင်းနယ်နမိတ်တည်တံ့ခိုင်မြဲရေးသာအဓိက ဆိုပြီး မဟာဗမာသြဇာဖြန့်ကျက်တဲ့ သောက်ရူးအမျိုးသားရေးသမားလည်း မဟုတ်လေတော့၊

ကျနော်မမွေးခင်ကထဲက 

မငြိမ်းချမ်းခဲ့တဲ့ ဒီဒေသကြီး ငြိမ်းချမ်းဖို့၊ 

မတိုးတက် မဖွံ့ဖြိုးနိုင်တဲ့ ဒီဒေသကြီး တိုးတက်ဖွံ့ဖြိုးဖို့၊ 

အန္တရာယ်ကြားမှာ ရှင်သန် အသက်မွေးနေထိုင်နေရတဲ့ ဒီဒေသသားတွေ ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်နိုင်ဖို့ ၊

အကောင်းဆုံးနည်းလမ်းဟာ ဒီစစ်အင်ပါယာကြီးပြိုကွဲမှ ဖြစ်မယ် လို့ပဲ မြင်ပါတယ်။

တနိုင်ငံစီဖြစ်သွားရင်ကော စစ်မက်ကင်းမှာမို့လို့လား ဆိုတော့ 

၁။ ကိုယ်စီကုလသမဂ္ဂဝင်နိုင်ငံတွေ ဖြစ်သွားရင် ခုလို ကျူးကျော်ချင်တိုင်းကျူးကျော်၊ စစ်မက်ပြုချင်တိုင်းပြုလို့ မရတော့ဘူး။
ဒီ့အတွက်ပိုငြိမ်းချမ်းမယ်။
ခင်ဗျားတို့ဖက်ဒရယ်ဆိုတာက "ပြည်တွင်းအကြမ်းဖက် စစ်အင်အားသုံးအနိုင်ကျင့်မှုမှန်သမျှကို အည်ြပြည်ဆိုင်ရာက ဝင်စွက်ဖက်ပိုင်ခွင့်မရှိတဲ့ ပြည်တွင်းရေးအဆင့်" ပဲ ရှိလို့ ဒီဖက်ဆစ်တပ်က ထင်သလို ဝင်ထွက်တပ်စွဲ ခြယ်လှယ်နိုင်သေးတဲ့အတွက် စိတ်မချရဘူး။
တနိုင်ငံစီဖြစ်သွားရင် သူကျူးကျော်တာနဲ့ နိုင်ငံတကာက အရေးယူလို့ရတာမို့ ဒီဖက်ဆစ်တပ် နဲ့ နိုင်ငံ 'ခြား' မှကို ငြိမ်းချမ်းရေး က စိတ်ချရမယ်။

၂။ စီးပွားရေးမှာလည်း အပြိုင်အဆိုင်ပိုရုန်းကန်လာကြမှာဖြစ်သလို၊ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကူးသန်းရောင်းဝယ်ခွင့်တွေ ရယူဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ကိုယ့်နိုင်ငံတွင်း ကိုယ့်ဖါသာ နှိမ်နှင်းလာကြလိမ့်မယ်။ ဒါဟာ ကမ္ဘာချီအကျိုးများစေမယ့် ရလာဒ်တခုဖြစ်တယ်။

၃။ နယ်စပ်ကူသန်းရောင်းဝယ်မှုတွေဟာလည်း ခုထိပိုမိုလုံခြုံချောမွေ့လာမယ်။ အဆင့်ဆင့်ဖြတ်သန်းရလို့ ပိုစရိတ်စကကြီးမသွားနိုင်ဘူးလား မအောင့်မေ့ပါနဲ့။ ခုလဲ ခင်ဗျားတို့ အဆင့်ဆင့် အစိုးရဂိတ်လည်းပေး၊ သက်ဆိုင်ရာ ဒေသအသီးသီးက လက်နက်ကိုင်တွေလည်း ပေးနေကြရတာပါပဲ။ 
အဲဒီလို တနိုင်ငံစီ စနစ်တကျ ဥပဒေပြဌာန်းပြီး အုပ်ချုပ်လာရင်၊အဓိက အကျဆုံးက ဒီဒေသကြီးတခုလုံး တရားဥပဒေစိုးမိုးသွားမယ်။ ကုန်သည်တွေ၊ စီးပွားကူးသန်းကြသူတွေဟာ တရားဥပဒေရဲ့ အကာအကွယ်အောက်မှာ လုံခြုံကုန်ကြမယ်။

၎။ နိုင်ငံငယ်လေးတွေ မွစိတက်သွားတာ ကောင်းပါ့မလား ဆိုတော့ ဥရောပ ကို လေ့လာလေ။ ဘာသာစကား စာပေ အကုန်ရောယှက်နီးစပ်တဲ့ နိုင်ငံငယ်လေးတွေ ကိုယ့်စည်းသူ့စည်းနဲ့ နေကြတာ ဘယ်လောက်ငြိမ်းချမ်းသလဲ။

၅။ ပြည်ထောင်စုကြီးတော့ အကွဲမခံနိုင်ပါဘူး၊ တိုင်းရင်းသားတွေကို မခွဲနိုင်ပါဘူး ဆိုပြီး စွဲမိစွဲရာ ကလေးအတွေးတွေနဲ့ ဆန့်ကျင်နေမယ့်အစား လေးလေးနက်နက် ရင့်ရင့်ကျက်ကျက် စဉ်းစားကြပါ။ 
ဒီ"မြန်မာ" နိုင်ငံဆိုတာကြီး ထူထောင်ခဲ့တာ ဟိုး ပုဂံခေတ်ကထဲက ဒီကနေ့အထိ တခါဖူးမှ မငြိမ်းချမ်းခဲ့ဘူး။ ဓါးမိုးပြီး အာဏာစက်နဲ့ လူသတ်အုပ်ချုပ်ခဲ့တာ။
ဒီဒေသသားတွေဟာလည်း ဥရောပကလူတွေလိုပဲ ငြိမ်းချမ်းခွင့်၊ တိုးတက်ခွင့်တွေ ရသင့်ပါပြီ။
ခင်ဗျားတို့အတ္တစွဲတွေ၊ မာန်မာနတွေ၊ မတရားလောဘတွေနဲ့ လူသတ်စစ်တိုက်တာတွေ ရပ်ဖို့သင့်ပါပြီ။

အကွဲတော့ မခံနိုင်ဘူး စစ်တိုက်မယ် ဆိုတဲ့ ရူးနှမ်းရမ်းကားမှုတွေ ဆင်ခြင်ပြီး၊ စားပွဲမှာ အတူထိုင် အတူပိုင်းခြား ခွဲခြမ်းဖို့ လိုပါပြီ။

နယ်မြေတွေ ကို ပြန်လည်ခွဲခြမ်းတာ မကောင်းသော အရာ မဟုတ်ပါ။ 
တဆိတ်ရှိ မရင့်ကျက်သော ယူဂိုဆလဗ်ဗီယား ဥပမာမျိုးပဲ ပြေးမြင် ပြနေကြမယ့်အစား၊ တည်ငြိမ်စွာနဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံထိ ခွဲခြမ်းနိုင်ခဲ့တဲ့ ဆိုဗီယက်ယူနီယမ် ကို မြင်ပါ။
ချက်ကိုစလိုဗက်ကို မြင်ပါ။
လောကမှာ ဘယ်အရာမှ မတည်မြဲပါ။
ဗာရာဏသီ၊ ရာဇဂြိုဟ်၊ ကပ္ပိလဝတ်၊ ဒေဝဒဟ တိုင်းပြည် ဆိုတာတွေ မရှိတော့သလို၊ မရှိတော့လို့လည်း ဘာမှ မဖြစ်ပါ။
ယူဂိုဆလဗ်ဗီးယားပြည်ထောင်စုကြီး ပြိုကွဲမခံနိုင်ဘူး ဆိုပြီး လူသိန်းချီအသက်ပေး တိုက်ခဲ့ကြတယ်။ ခုခွဲခြမ်းပြိုကွဲပြီးတော့လည်း ဘာမှ မဖြစ်ပါ။ ပိုတောင် ချမ်းသာ သွားကြပါတယ်။

ပြည်ထောင်စုကြီး ပြိုကွဲသွားတယ် ဆိုပြီး မဟုတ်ကဟုတ်က ခြောက်လုံးတွေနဲ့ အခြောက်အလှန့် မခံပါနဲ့တော့။ 
ဒါဟာ လိုအပ်၍ ပိုမိုကောင်းမွန်စီမံခန့်ခွဲမှု တခုကို ပြောင်းခြင်းသာ ဖြစ်ပါတယ် လို့ မြင်ပါ။

တိုင်းပြည်ကြီးမှ အင်အားကြီးမှာလဲ မဟုတ်ပါဘူး။
ရန်ကုန်တိုင်းလောက်တောင်မရှိတဲ့ စင်္ကာပူမှာ အလုပ်လုပ်နေကြရတာ သိလောက် သိသင့်ပါပြီ။

ဒီစစ်အင်ပါယာကြီး ကနေ ခွဲထွက်မှသာ ဒီဧရာဝတီ၊ သံလွင် ဒေသကြီး အလုံးစုံ ငြိမ်းချမ်း သွားမှာ ဖြစ်ပါတယ်။

ဧချမ်းသော စိတ်နှလုံးများဖြင့် အတ္တစွဲ မောဟစွဲတွေ ဖယ်ရှားကာ ဆင်ခြင်ကြပါကုန်။


ချိုတူးဇော်

" မီဒီယာများ တည်ဆောက်နေသော ဗမာလူမျိုးကြီးဖက်ဒရယ်ပြည်ထောင်စု "


ကျနော်တို့ ပြည်မသား တချို့ဗမာတွေ ဖြစ်နေပုံက သူတပါးဆီက မတရား လှည့်ဖျားရယူ ခိုးယူ လုယက်ထားတဲ့ ပစ္စည်း၊ ပိုင်ရှင်စစ်က ပြန်တောင်းတာ၊ တောင်းမှာကို မအိပ်မစားနိုင်ကြောင့်ကြနေကြတာနဲ့တူတယ်။

ဝ ဒေသနဲ့ပါတ်သက်ပြီး တိုင်းပြည်ရဲ့ နားမျက်စိတာဝန်ယူထားတဲ့ မီဒီယာတွေကိုယ်တိုင်က တလွဲတွေ ရေးသားနေကြတယ်။
"သေနတ်တချက်မှ မဖေါက်ရဘဲ စင်္ကာပူထက် သုံးဆကျယ်သောနယ်မြေကို သိမ်းသွားခြင်း"
တို့၊
" နယ်ချဲ့သစ် ဝ " တို့။

နယ်ချဲ့ပြောရအောင် သူ့ဒေသမှာပဲ သူနေနေတာ မဟုတ်ဘူးလား။ ဝ က အဲဒီမှာ မွေး၊ အဲဒီမှာ ကြီး တဲ့ အဲဒီဒေသသားစစ်စစ်တွေလေ။
နယ်ချဲ့တယ် ပြောရကြေးဆို ဗမာတွေကိုသာ ပြောရမပေါ့။
ဝ တွေဟာ ဆင်းရဲနိမ့်ပါး အဖိအနှိပ်ခံနင်းပြားဘဝကနေ သူ့ဖါသာ ကြမ်းတမ်းလှတဲ့သမိုင်းကြောင်းတွေကို ဖြတ်သန်းပြီး ဝ ပြည်ပြန်လည်ထူထောင်ရေး လုပ်ခဲ့တယ်။ ဒီကနေ့မြင်ရတဲ့ ပန်ဆန်းဒေသ ဖြစ်လာဖို့ ဝ လူမျိုးတွေရဲ့ သွေး၊ ချွေး၊ မျက်ရည်များစွာ ပေးဆပ်ခဲ့ရတယ်။
ဝ တွေရဲ့ ခါးသီးတဲ့ သမိုင်းအတွေ့အကြုံတွေကြောင့် ကာကွယ်ရေးကို အားကောင်းအောင်တည်ဆောက်တယ်။
ဝ ပြည်မှာ တရုတ်စာသင် တရုတ်စကားပြောတော့ ပြည်ထောင်စု ကို သစ္စာမဲ့တယ် စွပ်စွဲခံရပြန်တယ်။ တသက်လုံး တရုတ်နယ်စပ်နားမှာ နေလာတဲ့ ဝ အဖို့ တရုတ်နဲ့ ပိုနီးစပ်တာ အမှန်ပဲ။
တရုတ်စာမသင်ရင် မြန်မာစာသင်တော့ကော ဝ ကလေးတယောက်အတွက် မိခင်ဘာသာစကားမဟုတ်တဲ့အတွက် ဒုက္ခအကြီးအကျယ်ရောက်ရတာပဲ ဖြစ်တယ်။

ဘယ်အချိန်မှာ ဘယ်လိုသဘောဆန္ဒတွေနဲ့ ဘယ်သူတွေ က ဝ တွေကို သူတို့ပိုင်ဆိုင်မှုတံတိုင်းထဲ ထည့်ခတ်၊ သူတို့သြဇာခံ၊ သူတို့သဘောဆန္ဒအတိုင်းနေ လို့ ပြဌာန်းနေကြသလဲ။
ဝ တွေဟာ အသက်ခန္ဓာကိုယ်နဲ့ လူသားတွေဖြစ်တယ်။ ဝ တွေဟာ ကျေးကျွန်တွေလည်း မဟုတ်သလို ဘယ်လူမျိုးရဲ့သြဇာခံ၊ ဘယ်လူမျိုးရဲ့ ပိုင်ဆိုင်မှုလည်း မဟုတ်။
ဒီတော့ ဝ တွေရဲ့ နေထိုင်မှု ပုံစံကို ဝ တွေသဘောကျ ရွေးချယ်ပိုင်ခွင့် ရှိတယ်။
ရှိရမယ်။ ရှိသင့်တယ်။

ဒါကို ဒါ ငတို့ဗမာပြည်ပိုင်နက်၊ ငတို့စာပဲ သင်ရမယ်၊ ငတို့စကားပဲ ပြောရမယ်၊ ငတို့လက်အောက်ခံ ငတို့ သဘောတူညီမှ လုပ်ပိုင်ခွင့်ရှိတယ် သတ်မှတ်လာရင် ဘယ်သူက နယ်ချဲ့လဲ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

ဝ က မန္တလေး ကို ဝင်လာပြီး ဝ စာ၊ ဝ စကား ပြဌာန်း၊ အရာရာ ဝ သဘောနဲ့ စီမံခန့်ခွဲအုပ်ချုပ်မယ် ဆိုရင်ကော ခင်ဗျားတို့ သဘောကျမတဲ့လား။

ခက်ရချီရဲ့။
လိုချင်လိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလဲ တပြားမှ မလျှော့ဘူး။
ပြောနေ ဆိုနေ ရေးသားနေတာကလဲ လူမျိုးကြီး၊ အစွန်းရောက် နိုင့်ထက်စီးနင်းစိတ်တွေ ပြည့်လို့။

ချိုတူးဇော်
Aung Zaw Min

" ပြည်မသား ဗမာတိုင်း ထမ်းရမယ့် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ တာဝန် "


" တိုင်းရင်းသားတွေမှာ အချိန်မရွေးခွဲထွက်ခွင့်ရှိတယ်။ ခွဲထွက်ချင်စိတ် မရှိအောင် လုပ်ရမှာ ဗမာတွေရဲ့ တာဝန်ပဲ "

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လှပါချီရဲ့ဆိုတဲ့ ဗမာတွေဟာ သူ့ရဲ့တန်ဖိုးကြီးလှတဲ့ ဒီစိတ်ဓါတ်မျိုးကိုကျတော့ ချောင်ထိုးထားကြတယ်။

ဦးနေဝင်း ဖျက်စီးခဲ့တဲ့ သန္ဓေဆိုး "ခွဲမထွက်ရ၊ ခွဲထွက်ရင် စစ်ခင်းမယ် " ဆိုတာကြီးကို ဆုပ်ကိုင်ထားနေကြတယ်။

ပင်လုံစာချုပ်ချုပ်ဆိုပြီး ၁၉၄၇ အက်ဥပဒေရေးဆွဲတဲ့အခါမှာ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည် ဆိုတဲ့ အချက်ကို အတိအလင်းထည့်သွင်းရေးဆွဲခဲ့တယ်။

ဒီထည့်သွင်းချက် အဲဒီကတည်းက မဟာဗမာစိတ်ရှိတဲ့ နိုင်ငံရေးသမားတွေက ကန့်ကွက်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လက်မခံဘဲ ထည့်သွင်းခဲ့တယ်။

ဒါဟာ ဒီပြည်ထောင်စုဟာ "သေနတ်မိုးပြီး မခွဲထွက်ရ၊ ခွဲထွက်ပိုင်ခွင့်မရှိ" လို့ ခြိမ်းခြောက်ပေါင်းစည်းထားတာမျိုးမဟုတ်ဘဲ၊ လွတ်လပ်သော ပြည်ထောင်များက ခွဲထွက်ပိုင်ခွင့်ရှိပါလျှက် အပြန်အလှန်ယုံကြည်ကိုးစား ချစ်ခင်လေးစားမှုများနဲ့ ပေါင်းစည်းကြပါသော အင်မတန်တန်ဖိုးမြင့် ပြည်ထောင်စုတရပ်" အဖြစ်ကို ရအောင် အမျှော်အမြင်ကြီးမားစွာ ထည့်သွင်းပေးခဲ့တာပါပဲ။

လက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဥပမာပြုကြည့်ပါ။
ဟိုးမြောက်ပိုင်းက ကချင်၊ ဝ၊ တအန်း၊ ကိုးကန့်၊ နဲ့ ဟိုးအနောက်ဘက်က ရခိုင်တို့ဟာ သူတို့ကို ဖိနှိပ်နေတဲ့ ဘုံရန်သူစစ်အုပ်စုကို တွန်းလှန်ဖို့ တူညီသော စိတ်ဝမ်းနဲ့ တွဲလက်တွေ ကျစ်ကျစ်ပါအောင်ဆုပ်ထားကြတယ်။ ပုခုံးချင်းယှဉ်ပြီး အတူအသေခံ တိုက်ပွဲဝင်ကြတယ်။
ဒါဟာ "ပြည်ထောင်စုစိတ်ဓါတ်" ပါပဲ။

ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ငတို့သြဇာခံရမယ်၊ ငတို့စာသင်ရမယ်၊ ငတို့စကားပြောရမယ်၊ ငတို့စီမံခန့်ခွဲအုပ်ချုပ်သလိုနေရမယ် လို့ အောင်မေ့နေတဲ့သူတွေ သေချာ အလေးအနက်ဆင်ခြင်ကြဖို့ပါ။
ကချင်က ကချင်စကားပဲပြောတယ်၊ ကချင်စာပဲ သင်တယ်၊ တအန်း၊ ဝ၊ ကိုးကန့်၊ ရခိုင်တို့လည်း ကိုယ့်စကားပဲကိုယ်ပြော၊ ကိုယ့်စာပဲ ကိုယ်သင်၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေကြတယ်။ ဒါပေမဲ့ သူတို့အကြားမှာ အပြန်အလှန်ချစ်ကြည်လေးစားမှု၊ တဦးကိုတဦး သစ္စာစောင့်သိမှုတွေ ရှိကြတယ်။
ဗမာလူမျိုးကြီးဝါဒ ဆိုတာ မရှိပါဘူး၊ ဗမာတွေဟာ တိုင်းရင်းသားတွေကို မနှိမ့်ချပါဘူး၊ တန်းတူရည်မျှသဘောထားပါတယ် တွင်တွင်ပြောနေကြပေမဲ့ ပြည်မသားတွေဟာ ဝ တွေ တရုတ်စာသင်၊ တရုတ်စကားပြောတော့ ဆွေ့ဆွေ့ခုန်ကြတယ်။
ဝ တွေ လက်နက်ကိုင်အင်အားတည်ဆောက်တော့ မကျေမချမ်းဖြစ်ကြတယ်။
ဝ တွေကို ဗမာလိုပြော၊ ဗမာစာသင်ပြီး ဗမာသစ္စာခံမှ ပြည်ထောင်စုစိတ်ဓါတ်ရှိတယ် အောင်မေ့နေကြတယ်။

ခင်ဗျားတို့ တက်တက်စင်အောင် မှားနေတယ်။

ဖက်ဒရယ်ပြည်ထောင်စု ကို လိုချင်လှပါရဲ့ ဆိုပြီး ရေးနေ ပြောနေကြပြီး၊ " ပြည်ထောင်စု" နဲ့ "စစ်အင်ပါယာ" လေ ဝမ်းမကွဲ ဖြစ်နေကြတယ်။
ဒါဟာလည်း ပြည်မသားဗမာပြည်သူတွေ ရဲ့ အတွင်းစိတ်သဘောနိမ့်ကျလို့ မဟုတ်ဘူး လို့ ကျနော်မြင်ပါတယ်။ ဒီတိုင်းပြည်ရဲ့ ပညာရေးစနစ်ဟာ အင်မတန်ဆိုးရွားလှစွာ တဘက်စောင်းနင်း ပြဌာန်းသင်ကြားခဲ့တဲ့အတွက် ပြည်သူအများစုရဲ့ တွေးမြင်စဉ်းစားမှုတွေဟာ ကျဉ်းမြောင်း လွဲချော်ကုန်ကြတယ်။

ပြည်ထောင်စု ပုံစံ လေ့လာဖို့ အိမ်နီးနားချင်းအိန္ဒိယ လောက်ကို ဥပမာယူနိုင်ရင် နားလည်လာမှာ ဖြစ်တယ်။
အိန္ဒိယဟာ မြန်မာပြည်ထက် လူမျိုးပေါင်းရာချီများတယ်။ ဘာသာစကားတွေလည်း အများကြီး။ စာပေတွေလည်းအများကြီး။ ဒီတော့ ရုံးသုံးဘာသာစကားကို အင်္ဂလိပ်စာ ကို ပြဌာန်းလိုက်ရတယ်။
လူမျိုးစုတမျိုးချင်းရဲ့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ ပြည်နယ်အလိုက် ပြဌာန်းထားတယ်။
အမေရိကား မှာဆိုလည်း ပြည်နယ်တိုင်းမှာ ဖွဲ့စည်းပုံဥပဒေကိုယ်စီရှိတယ်။

လူလူချင်းပေါင်းတာ အပြန်အလှန်လေးစားမှု လိုတယ်။ မြန်မာပြည်သားတွေဟာ ပညာရေးစနစ်မကောင်းတော့ ဒါကိုလဲ မသိကြ၊ မကျေညက်ကြဘူး။
အပြန်အလှန်လေးစားမှုပျောက်ကွယ်ရင် ပြည်ထောင်စုရေးမပြောနဲ့ အိမ်ထောင်ရေးတောင် အဆင်မပြေဘူး။

ကျနော်တို့ပညာရေးဟာ
အပြန်အလှန်ပေါင်းသင်းဆက်ဆံရေး၊
အသင်းအဖွဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ကို သင်ကြားလေ့ကျင့်ပေးနိုင်မှု မရှိတဲ့အပြင်၊
တဦးကောင်းတယောက်ကောင်း ပြိုင်ဆိုင်မှုစိတ်ဓါတ်တွေ မြင့်အောင် တွန်းပို့ခဲ့တယ်။
စာမေးပွဲစနစ်တွေ၊ အမှတ်နဲ့ သတ်မှတ်တဲ့ စနစ်တွေကလည်း ကျနော်တို့ကို ကိုယ်ကျိုးစီးပွားအတ္တကြီး လူ့အဖွဲ့အစည်းဖြစ်အောင် တွန်းပို့ခဲ့တယ်။

မူလ အင်မတန်ရက်ရောဖေါ်ရွေရိုင်းပင်းကူညီတတ်သော စေတနာထက်သန်လူမျိုးတွေ ဖြစ်ပါလျှက်နဲ့ အုပ်ချုပ်သူလူတန်းစားအဆက်ဆက်ရဲ့ လောဘတွေ၊ အတ္တတွေ၊ မာနတွေ အောက်မှာ မြန်မာလူ့အဖွဲ့အစည်းဟာ ပုံးပန်းသဏ္ဍန်ပျက်ယွင်းနေသော လူ့အဖွဲ့အစည်း ဖြစ်ခဲ့ရတယ်။

ဒီလို မှားယွင်းစနစ်တွေ၊ ပညာရေးတွေကြောင့် လွတ်လပ်ရေး ရပြီး နှစ် ၇၀ ကျော်လာသည့်တိုင် တိုင်းပြည်ကြီးဟာ စစ်မီးမငြိမ်းနိုင်ဘဲ ဆင်းရဲနွံက ရုန်းမရအောင် ဖြစ်နေတယ်။

မြန်မာပြည်သားတိုင်း ငတ်မွတ်စွာ လိုလားတောင့်တနေတဲ့အရာက တိုင်းပြည်ကို ငြိမ်းချမ်းပြီး တိုးတက်ဖွံ့ဖြိုးချမ်းသာချင်တာပဲ ဖြစ်တယ်။
ပြည်မသားဗမာတွေဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ ခွဲခြားနှိမ့်ချလိုစိတ်မရှိကြ၊ ချစ်ခင်လေးစားမှု ရှိကြသူတွေချည်းပဲ ဖြစ်ပါတယ်။
ပြဿနာက ပညာရေးစနစ်က လွဲမှားစွာရိုက်သွင်းထားတော့ သမိုင်းကိုလည်း တည့်မတ်စွာ မမြင် မသုံးသပ်တတ်ကြဘူး။
အလောင်းမင်းတရားကြီးသည် ဟံသာဝတီကို သိမ်းပိုက်ခဲ့သည် ဆိုတာမျိုး၊ ဘုရင့်နောင်မင်းကြီးသည် ယိုးဒယားကို သိမ်းပိုက်ခဲ့သည် ဆိုတာမျိုးကို ဂုဏ်ယူစရာအောင့်မေ့ သင်ယူကျက်မှတ်နေကြတယ်။
စစ်အင်အားနဲ့ မတရားနယ်ချဲ့ကျူးကျော်ခြင်းဟာ ဓါးပြတိုက်ခြင်းတမျိုးပဲ လို့ ရှက်ရွံ့ရမှာကို သင်ကြားမခံရဘူး။
ပဒေသရာဇ်လူ့အဖွဲ့အစည်းရဲ့ ရွံရှာစရာ လုပ်ရပ်တွေကို ယဉ်ကျေးသောဒီမိုကရေစီလူ့အဖွဲ့အစည်းစံ နဲ့ တည့်မတ်စွာ ရှုမြင်သုံးသပ်တတ်အောင် မသင်ကြားခံခဲ့ရဘူး။

ဒေါက်တာမတင်ဝင်း လို ပညာရေးပါရဂူ ဘွဲ့ရ ပညာတတ်မျိုးက အစ၊ ဒီလို သုံးစားမရတဲ့ အမြင်မျိုး ရှိခဲ့တယ်။
ခုထိကို ပညာတတ် ဆိုတဲ့ လူတန်းစားတွေထဲမှာကို "ဒီတိုင်းပြည်ကြီး ကို ဗမာတွေ ဦးဆောင် ထူထောင်ထားတာ" ဆိုတဲ့ အမြင်စောင်းတွေ စွဲမှတ် ဆုပ်ကိုင်ထားကြတယ်။

ဒါတွေကြောင့်ပဲ ဒီတိုင်းပြည်ဟာ စစ်မီးမငြိမ်းနိုင် ဖြစ်နေရတာ ဖြစ်တယ်။

သမိုင်းတလျှောက် ပုဂံခေတ် က စပြီး မြန်မာနိုင်ငံ ထူထောင် ခဲ့တဲ့ အချိန်က စ ပြီး၊ ဒီဒေသကြီး မငြိမ်းချမ်းတော့တာ ခုထိတိုင်အောင်ပါပဲ။
ပထမမြန်မာနိုင်ငံ ပုဂံ ထူထောင်တယ်။ သထုံ ကို စစ်သွားတိုက်၊ ပိဋကပ်သုံးပုံလု။
ဒုတိယမြန်မာနိုင်ငံ ဘုရင့်နောင်၊
တတိယမြန်မာနိုင်ငံ အလောင်းဘုရား
လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ထက်တိုင်၊
သက္ကရာဇ်တွေ ချရေးကြည့်စမ်းပါ။
ဘယ်နှနှစ်များ စစ်မက်ကင်းကင်းနေဖူးခဲ့သလဲလို့။

ဒီဒေသသားတွေ စစ်မီးမငြိမ်းနိုင် စစ်အင်ပါယာဘဝနဲ့ပဲ နေခဲ့ရတော့၊
" ပြည်ထောင်စု" ဆိုတာ ဘာမှန်းကို ခုထိ နားမလည်၊ ဝ ကို ဗမာစကားပြောခိုင်း၊ ဗမာစာသင်ခိုင်းပြီး ပြည်ထောင်စု လုပ်ချင်နေကြတယ်။
တိုင်းရင်းသားတွေက ဗမာနိုက်ဇေးရှင်း လို့ လက်ညှိုးထိုးတာကိုလဲ သဘောကို မပေါက်နိုင်ကြဘူး။

ခင်ဗျားတို့ သားလေး သမီးလေး မွေးလာတယ်၊
တီတီတာတာ စကားလေးတွေ ပြောတတ်လာ၊ ကလေးလေးက သွက်သွက်လက်လက် ချက်ချက်ချာချာ၊ ငါးနှစ်ပြည့်လို့ ကျောင်းလည်း သွားထားရော သူတလုံးမှ နားမလည်၊ သူ့အိမ်မှာ အဖေရော အမေရော မပြောတဲ့ ဘာသာစကားတွေနဲ့ သင်တဲ့ စာသင်ကျောင်းကြီး ကို တက်လိုက်ရတယ်။
အင်မတန်သွက်လက်ချက်ချာတဲ့ သားလေး သမီးလေးဟာ ငထုံ ငထိုင်း ငညံ့လေး အဖြစ်ရောက်သွားရ၊ သူ့စာသင်ခန်းထဲ သနားစရာ ရယ်စရာ သတ္တဝါကလေး ဖြစ်သွားရတယ်။
ကြည်လွှင်ရွှင်ပျပြီး နေခဲ့တဲ့ မျက်နှာကလေးဟာ စာသင်ကျောင်း သွားခဲ့တဲ့ အချိန်က စ ပြီး မျက်မှောင်ကြုတ် အုံ့အုံ့မှိုင်းမှိုင်း ငူငူငိုင်ငိုင် ကလေး ဖြစ်သွားတော့တယ်။
ဒါတွေဟာ ဘယ်သူ့မှာ တာဝန် ရှိသလဲ။

ဒီလို ပြည်ထောင်စုအမည်ခံ ဒီဒေသကြီးတနံတလျား မှာ ဒီလိုဖြစ်ရပ်တွေနဲ့ နိမ့်ကျ ပညာမတတ်သော ဆင်းရဲမွဲတေသော လူ့အဖွဲ့အစည်း ဖြစ်သွားအောင် ဘယ်သူတွေက လုပ်ခဲ့တာလဲ။

" တိုင်းရင်းသားတွေ ခွဲထွက်ချင်စိတ် မရှိအောင် လုပ်ရမှာ ဗမာတွေ ရဲ့ တာဝန် "

ဒီကနေ့အထိ တိုင်းရင်းသားလူမျိုးစုတွေရဲ့ နာကျင်မှုတွေ ခံစားချက်တွေကို နားလည်အောင်အားမထုတ်၊
မျှတစွာ မစဉ်းစား၊

ဘာကြောင့် သူတို့ လက်နက်ကိုင်ကုန်ကြသလဲ၊
ဘာကြောင့် သူတို့ မုန်းတီးရန်လို ကုန်ကြသလဲ လို့ အဖြေမရှာဘဲ၊

ဘယ်ဗမာမှ တိုင်းရင်းသားတွေကို နှိမ်မနေဘူး၊
တိုင်းရင်းသားတွေကို ညွှန်မှူးမဖြစ်ရ၊ ဝန်ကြီးမဖြစ်ရ မကန့်သတ်ထားဘူး
ဆိုတာတွေချည်းပဲ တဘက်ပိတ်ပြောနေကြတယ်။

ခင်ဗျားတို့ ဖက်ဒရယ်ပြည်ထောင်စု ကို လိုချင်ရင် တိုင်းရင်းသားတွေရဲ့ နာကျင်မှု ကို မျှဝေခံစားနိုင်ရမယ်။
မတရားမှုတွေ လုပ်နေတာ လူတစုထဲပါ ပြောရုံ ထိုးချလိုက်ရုံနဲ့ မပြီးဘူး။
မတရားလုပ်ခံထားရတာကို တသားတည်းရပ် ဝိုင်းဖေါ်ထုတ်၊ အတူဆန့်ကျင်တိုက်ပွဲဝင်ပေးဖို့ လိုတယ။်

ပင်လုံစာချုပ်ချိုးဖေါက်ခံရတယ်။ ဒါကို မတရား ခံရတာ လို့ မမြင်၊ သူတို့ဘက်က မရပ်တည်ပေးဘဲ စစ်အုပ်စုသံယောင်လိုက် ပြည်ထောင်စု က ခွဲထွက်မှာကိုတော့ သဘောမတူပါဘူး လုပ်နေသရွေ့ ခင်ဗျားတို့ကို ဘယ်တိုင်းရင်းသားမှ ယုံကြည် ပေါင်းသင်းလိုမှာ မဟုတ်ဘူး။

ကိုယ့်သားသမီး ကိုယ့်တူကိုယ့်သား သူများအိမ်က ကလေးကို မတရား နိုင့်ထက်စီးနင်း လုပ်ခဲ့ရင် ယဉ်ကျေးတဲ့ တာဝန်သိတဲ့ မိသားစုဟာ တာဝန်ယူ ဝန်ချတောင်းပန်ရမယ်။
လျော်ပေးစရာရှိလျော်ပေးရမယ်။
ပြစ်ဒဏ်ကျခံဖို့လို ကျခံပေးရမယ်။

ဒါမှ အပြန်အလှန် ဆက်ပေါင်းသင်းဆက်ဆံလို့ ရမှာ ဖြစ်တယ်။

ဒီတိုင်းပြည်မှာ တိုင်းရင်းသားတွေဟာ ပြည်ထောင်သော ပဋိညာဉ်စာချုပ်ကို ချိုးဖေါက်ခံခဲ့ရပြီး ဖိနှိပ်ခံ၊ သူတို့ဒေသထွက် သယံဇာတတွေ အလွဲသုံးစားပြုခံထားရသူတွေ ဖြစ်တယ်။
တက်လာသမျှ ဗမာပြည်မခေါင်းဆောင်တွေဟာ ဒီဖြစ်စဉ်တွေကို ရဲရဲတာဝန်ယူ ဝန်ချတောင်းပန်ပြီး သူတို့ဆုံးရှုံးမှုတွေအတွက် အကောင်းဆုံး ပြန်လည်ပေးဆပ်မှုတွေ ပြုရမှာ ဖြစ်တယ်။

ဒီလိုမလုပ်ဘဲ " ဒီတိုင်းပြည်က ဘာတွေ ရမလဲ ဆိုတာ ထက် ဘာတွေ ပေးနိုင်မလဲ စဉ်းစားပါ "
ဆိုတော့ကာ
ရှိစုမဲ့စု ဆုံးထားတဲ့ အကြွေးကလေး ပြန်ရမလား တရားစွဲပါတယ်၊ ရုံးစရိတ်ပါ ထပ်ဆင့်ပေးခိုင်း လိုက်သလိုပဲ။

လူဆိုတာ သူတို့အနာကို ကိုယ့်အနာလို ထပ်တူရည်မျှ စာနာစိတ်ရှိတဲ့ လူမျိုးကိုပဲ ပေါင်းသင်းခင်မင်လိုသပေါ့။
အမျိုးမျိုးဆင်ခြေတွေပေး ဒီအနာကို မသိကျိုးကျွံပြုသူမျိုးကို ဘယ်ပေါင်းချင်ပါ့မလဲ။

လူချင်းတောင် အဲသလိုဆို ပြည်ထောင်ချင်းလဲ အဲသလိုပဲ။
လူချင်းတောင် မပေါင်းချင်ရင် ပြည်ထောင်ချင်း ဘယ်နှယ့်ပေါင်း၊ ဘယ်နှယ့် စု မလဲ။

ထပ်ပြောပါမယ်။
" တိုင်းရင်းသားတွေ ခွဲထွက်ချင်စိတ်မရှိအောင် လုပ်ရမှာ ဗမာတွေ ရဲ့ တာဝန် "
ဗိုလ်ချုပ်အောင်ဆန်း

ခင်ဗျားတို့ တာဝန်ကျေပါစ။

ချိုတူးဇော်
Aung Zaw Min

- အချိန်မရွေးဖြုတ်ချခံရနိုင်တာမို့ ဖြန့်ဝေလိုရင်၊ ကော်ပီယူပြီး ဖြန့်ဝေကြစေချင်ပါတယ်။