Friday, September 6, 2019

" လူပေါင်းမှား လို့ ဘိန်းထုတ်တယ် "


လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေနဲ့ မကင်းနိုင်ဘူး ဆိုတာ ငြင်းစရာ မဟုတ်ဘူး။
 ဒီလောက် တိုက်နေကြမှတော့ ဒီစစ်စရိတ်ကို သဲ့နေအောင်သုံးနိုင်ဖို့ ရရာနည်းလမ်းစုံနဲ့ ရှာကြမှာပဲ။

ဒါပေမဲ့ ရှမ်းပြည်ကြီးတခွင်လုံး ကမ္ဘာ့မူးယစ်ဆေးအများဆုံးထွက်ရာဒေသကြီး ဖြစ်သွားရတာ အဓိက ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာ နိုင်ငံရေးအမြင် ရင့်ကျက်စွာ သုံးသပ်ကြဖို့ ပြောချင်ပါတယ်။

လွတ်လပ်ရေး ရပြီး နှစ် ၇၀ ကျော်လာသည်အထိ အစစ နိမ့်ကျဆင်းရဲမွဲတေနေတဲ့ ဒီဒေသသားတွေဟာ စစ်တပ်ရဲ့ နိုင့်ထက်စီးနင်း တရားဥပဒေမဲ့ ပြုကျင့်မှုတွေကို တောက်လျှောက်ခံခဲ့ရတယ်။

ရွာထဲစစ်ကြောင်းဝင်လာပြီဆိုရင် တွေ့ရာ ကြက် ဝက် ဆွဲချ စားသောက်၊ ပိုက်ဆံလည်း ပေးချင်မှပေး၊ ပေးချင်သလောက်ပေး၊ ရွာကယောက်ျားတွေ ပေါ်တာဆွဲ၊ မသင်္ကာရင်နှိပ်စက် သတ်ဖြတ်၊ မိန်းကလေးတွေ မုဒိန်းကျင့်နဲ့ ခံခဲ့ရတယ်။

အတိုက်ခံလိုက်ရရင် နီးရာရွာ မီးတိုက်ကြပြန်သေးတယ်။ ဒါတွေဟာ ဒီနှစ်ပေါင်း ၇၀ အတွင်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်စဉ်ဖြစ်ရပ်တွေပါ။

ခု တိုင်းရင်းသားအဖွဲ့အစည်းတွေက အရပ်သားတွေရဲ့ ကားတွေမီးရှို့တော့ စိတ်တွေဆိုးကြ၊ အဖျက်သမားတွေ ကင်ပွန်းတပ်ကြ နဲ့၊
ဒီနှစ် ၇၀ လုံး ရွာတွေမီးရှို့ခံ၊ ကြက် ဝက် မွေးထားတာတွေ လုယက်ခံ၊ တနှစ်လုံး နဖူးကချွေးခြေမကျအောင် တောင်ယာလုပ်ပြီး စုထားဆောင်းထားသမျှ လုယက်ဖျက်စီးခံရတဲ့ ဘဝတွေကို ခင်ဗျားတို့ရဲ့ မီးရှို့ခံရတဲ့ ကားတွေကြောင့် ပူတဲ့အပူတွေနဲ့ ယှဉ်ထိုး စာနာကြည့်နိုင်ပါစေ။

ဒီလို ဖိနှိပ်မှုတွေကြောင့် မခံနိုင်တဲ့အဆုံး လက်နက်ကိုင်ကြ၊ လက်နက်ကိုင်တော့ အစမှာ ပြောခဲ့သလို စစ်သုံးစရိတ်အတွက် ရရာနည်းလမ်းနဲ့ မူးယစ်ထုတ်လုပ်မှုတွေ လုပ်ကုန်ကြ ဖြစ်ကုန်ပြီး ဆိုးသံသရာ လည်မဆုံးတော့ဘူး။

ဒါတွေဟာ တောရမ်းမယ်ဖွဲ့ ပြောနေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ သတင်းမီဒီယာတွေကကို သေချာလေ့လာ ရိုက်ကူးမှုတွေနဲ့ ထောက်ပြခဲ့တဲ့ အချက်တွေပါ။
ဒီဆိုးသံသရာကြီး က ရပ်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီဒေသတွေရဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းကြပြီး ဒီစစ်မီး ငြိမ်းမှ ရမှာ ဖြစ်တယ်။

ဒေသသားတွေလိုလားတဲ့အတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို အပြည့်အဝပေးရမှာ ဖြစ်တယ်။

ဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားကြမှသာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေဟာ ရပ်ဆိုင်းသွားမှာဖြစ်တယ်။
မရပ်ရင် မရပ်တဲ့ ဒေသ၊ မရပ်တဲ့အဖွဲ့အစည်းဟာ နိုင်ငံတကာမူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းဝန်းချေမှုန်းခံကြရမှာပါပဲ။

တဘက်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရလာရင် မိမိတို့ဒေသတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်၊ ကုန်ကူးသန်းရောင်းဝယ်ခွင့်တွေ ရလာအောင် အပြိုင်အဆိုင် မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ကုန်ကြပါလိမ့်မယ်။

ခုတော့ မှားယွင်းသော ကိုင်တွယ်ဖြေရှင်းမှု၊ စီမံခန့်ခွဲမှုတွေနဲ့ ဒီဒေသကြီးဟာ စစ်မီးတွေဟုန်းဟုန်းတောက်၊ မူးယစ်ဆေးဝါးတွေ အလျှံပယ် ဖြစ်နေပါရော။

စကထဲက ပင်လုံမှာ လက်မှတ်မထိုးဘဲ သီးခြားရှမ်းဖက်ဒရယ်ပြည်ထောင်စုအနေနဲ့သာ ရပ်တည်ခဲ့ရင် ခုလောက်ဆို အင်မတန် လှပ ဧချမ်းတဲ့ အာရှတိုက်က နိုင်ငံတခု ဖြစ်နေရောပေါ့။
မောရစ်ကောလင်း က ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံ Paradise on earth လို့ကို တင်စားခဲ့ရာဒေသ။

ဒီလိုလှပတဲ့ အရပ်ဒေသတခု ဒီလိုဖြစ်သွားရတာကို ဖြစ်ဖြစ် ငတို့ဗမာပိုင်ဖြစ်ရဖို့ အရေးကြီးတယ် ဆိုတာ ချစ်ခြင်းတဲ့လား။
ငှက်ကလေးတွေကို လှောင်အိမ်ထဲ ထည့်မွေးချင်တဲ့လူနဲ့ အဝေးကနေ ဓါတ်ပုံကလေးတွေရိုက်ပြီး အဲဒီငှက်ကလေးတွေ သူ့သဘာဝအတိုင်း နေနေတာကို လိုလားတဲ့သူ နှလုံးသားချင်း မတူပါလေ။

ကျနော်ဟာ ဗမာတယောက်ပေမဲ့ အဲဒီရှမ်းပြည် ကို ချစ်လှ၊ သာယာစေချင်လှတယ်။ ငတို့ဗမာတွေနဲ့ ပေါင်းလို့ သူတို့ဒေသကြီး ပျက်စီး စစ်သင့် ဘိန်းထွက် ဖြစ်ရတယ် လို့လည်း စိတ်မကောင်းဖြစ်ရတယ်။ မော်ရစ်ကော်လင်း ရဲ့ နှလုံးသားမျိုး ကျနော့်အမျိုးတွေ ရှိတတ်ကြစေချင်တယ်။

ကချင်ပြည်ဆိုလည်း လွတ်လပ်ရေးရပြီး ဦးနုအစိုးရ ရဲ့ တရုတ်ကို ဖဲ့ပေးခြင်းခံခဲ့ရတယ်။
တော်တော်စိတ်ဆိုးဖို့ကောင်းတယ်။ တပြည်နယ်လုံး မပေးခဲ့တာ။
ပေးခံလိုက်ရတဲ့ ဒေသတွေဟာ တရုတ်အစိုးရအောက်မှာ ဧချမ်းနေ သာယာနေလိုက်ပုံများ။

ခွဲထွက်လိုက်ရင် တရုတ်အောက်ရောက်သွားမယ်၊ ကုလားအောက်ရောက်သွားမယ်၊ ထိုင်းဘက်ပါသွားမယ် နဲ့ ဂျင်းစကား၊ ခြောက်လုံးလှန့်လုံးတွေ ပြောကြပြန်သေးတယ်။

ရောက်စမ်းပါစေဗျာ၊ အပေးခံလိုက်ရတဲ့ ကချင်ဒေသတွေက သက်သေပဲ၊ ဗမာအောက်ရောက်တာထက်တော့ ဘယ်အောက်ရောက်ရောက် သာမှာ သေချာပါတယ်။

ပြည်မသားဗမာတွေဟာ ဘာနဲ့တူသလဲ ဆိုတော့၊ ဆင်းရဲတာလည်း ကုန်းကောက်စရာမရှိ၊ ကလေးတွေ တပြုံတခေါင်းမွေးထားပြီး ပစ္စလက္ခတ်ထားသလိုပဲ။
တာဝန်မယူနိုင်ဘဲ ဒီပြည်ထောင်စု ဆိုတာကြီး ကို ဇွတ်ဖက်တွယ်နေကြတယ်။
ဖက်တွယ်ကြတာကလည်း ဂျင်းပညာရေး က ရိုက်သွင်းခံထားရလို့။

မကြာသေးခင်က တယောက်က လာမန့်တယ်။
ဒီဧရိယာစတုရန်းမိုင်နှစ်သိန်းခြောက်သောင်းဒေသကြီးတည်တံ့ဖို့ကို ခေတ်အဆက်ဆက် ဘ်ာသူတွေ ပေးဆပ်ခဲ့သလဲ ဘယ်လူမျိုးတွေရဲ့ အဓိကအားထုတ်မှုလဲ ကြည့်ကြည့်လိုက် ဆိုပဲ။

အံမယ်လေး ကြည့်ကြည့်တော့ ဟိုးပုဂံခေတ်ကထဲက သတ်လာလိုက်၊ တိုက်လာလိုက်တာ၊ ဓါးမိုးပြီး တည်ထောင်လာတာ။

ဒီတိုင်းပြည် ဧချမ်းတည်ငြိမ်သာယာနေတဲ့ နှစ်ကာလဟာ လောက်လောက်လားလား ပြစရာကို မတွေ့ပါဘူး။

ဒီသမိုင်းဆိုးကနေ ကိုလိုနီအောက်က ရုန်းထွက်စဉ်မှာ ဗမာလူထုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း နဲ့ တောင်တန်းဒေသခေါင်းဆောင်ကြီးများ အပြန်အလှန်ယုံကြည်လေးစားမှုတည်ဆောက်ပြီး ပင်လုံစာချုပ်ကြီးကို ချုပ်ဆို "ပြည်ထောင်စုစစ်စစ်"ကြီး တည်ဆောက်ဖို့ အားထုတ်ခဲ့တယ်။
ဒါပေမဲ့ ကြာကြာမခံပါဘူး၊ ၁၀ နှစ်ပြည့်တာနဲ့ ကလိမ်ကကျစ်တွေလုပ်ပြီး စာချုပ်ဖေါက်ဖျက် ဟိုးအရင့်အရင် ဘုရင်တွေရဲ့ ထုံးနှလုံးမူပြီး လက်နက်နဲ့ ပြန်သိမ်းပိုက် စစ်အင်ပါယာအဖြစ် ပြန်ကျဆင်း သွားခဲ့ပြန်တယ်။

ပြောကြည့်စမ်းပါ ဘယ်ခုနှစ်သက္ကရာဇ်မှာများ ဂုဏ်လုပ်စရာတွေ့သလဲ လို့။

မရင့်ကျက်တဲ့ ဦးနှောက်ဉာဏ်ရည်နဲ့ ဘုရင့်နောင်မင်းတရားကြီးသည် ယိုးဒယားကို သိမ်းပိုက်ခဲ့သည် ဆိုတာမျိုးကို ဂုဏ်ယူစရာအောင့်မေ့နေသေးရင်တော့ မပြောတတ်ဘူး။

သမိုင်းတလျှောက်ကြည့်လိုက်ရင် ဒီအမျိုးက လုယက်ဓါးပြတိုက်ခဲ့တာချည်းပဲ။ ဘယ်နယ်ပယ်မှာမှ ဘာတခုမှကြံစည် တီထွင်မှုဆိုတာ မတွေ့ပါလေ။

လောကမှာ မပေါင်းအပ်သောသူနဲ့ ပေါင်းခြင်းဟာလည်း အမင်္ဂလာ ကိုးဗျ။

ချိုတူးဇော်

No comments:

Post a Comment