Friday, September 6, 2019

" ဤဖက်ဆစ်စစ်တပ်ရှိသရွေ့ ဖက်ဒရယ် သည်လည်း ငြိမ်းချမ်းရေးအတွက် စိတ်ချရသော အာမခံ ဟု မမြင်ပါ"


ခွဲထွက်ရေး သာ ငြိမ်းချမ်းရေးအတွက် အာမခံရှိလို့ ခွဲထွက်ရေးကို ရေးနေတာပေါ့။

လွတ်လပ်ရေးရပြီးကထဲက 
ဘယ်နှကြိမ်ရှိပြီးပြီလဲ၊ အပစ်အခတ်ရပ်စဲတာ။
ဘယ်နှခါမြောက်ပြီးပြီလဲ၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ။

နှစ်ချီ အပစ်ရပ်ပြီးလဲ ဒီစစ်တပ်က ပြည်နယ်တွေကို ထင်သလိုတပ်စွဲ တပ်ရွှေ့တွေလုပ်၊ စစ်ဆင်ရေးတွေလုပ်နဲ့ ပြန်ပျက်ပြား ပြန်စစ်ဖြစ်ခဲ့ရတာချည်းပဲ မဟုတ်လား။

ဒီစစ်တပ်ကို ခင်ဗျားတို့ ထိန်းကျောင်းနိုင်တဲ့ အရပ်ဘက်အစိုးရ၊ ပါတီ အဖွဲ့အစည်းလည်းမရှိ၊ ဥပဒေလည်း မရှိတဲ့အတွက် ဘာကိစ္စ တိုင်းရင်းသားတွေအနေနဲ့ ခင်ဗျားတို့ပြောတဲ့ ဖက်ဒရယ် ကို ယုံကြည်လက်ခံသင့်သလဲ။

ကျနော် ကတော့ ရှင်းရှင်းပါပဲ။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့ အာဏာပထမဦးစားပေး အာဏာရူးနိုင်ငံရေးသမားလည်း မဟုတ်၊

တိုင်းနယ်နမိတ်တည်တံ့ခိုင်မြဲရေးသာအဓိက ဆိုပြီး မဟာဗမာသြဇာဖြန့်ကျက်တဲ့ သောက်ရူးအမျိုးသားရေးသမားလည်း မဟုတ်လေတော့၊

ကျနော်မမွေးခင်ကထဲက 

မငြိမ်းချမ်းခဲ့တဲ့ ဒီဒေသကြီး ငြိမ်းချမ်းဖို့၊ 

မတိုးတက် မဖွံ့ဖြိုးနိုင်တဲ့ ဒီဒေသကြီး တိုးတက်ဖွံ့ဖြိုးဖို့၊ 

အန္တရာယ်ကြားမှာ ရှင်သန် အသက်မွေးနေထိုင်နေရတဲ့ ဒီဒေသသားတွေ ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်နိုင်ဖို့ ၊

အကောင်းဆုံးနည်းလမ်းဟာ ဒီစစ်အင်ပါယာကြီးပြိုကွဲမှ ဖြစ်မယ် လို့ပဲ မြင်ပါတယ်။

တနိုင်ငံစီဖြစ်သွားရင်ကော စစ်မက်ကင်းမှာမို့လို့လား ဆိုတော့ 

၁။ ကိုယ်စီကုလသမဂ္ဂဝင်နိုင်ငံတွေ ဖြစ်သွားရင် ခုလို ကျူးကျော်ချင်တိုင်းကျူးကျော်၊ စစ်မက်ပြုချင်တိုင်းပြုလို့ မရတော့ဘူး။
ဒီ့အတွက်ပိုငြိမ်းချမ်းမယ်။
ခင်ဗျားတို့ဖက်ဒရယ်ဆိုတာက "ပြည်တွင်းအကြမ်းဖက် စစ်အင်အားသုံးအနိုင်ကျင့်မှုမှန်သမျှကို အည်ြပြည်ဆိုင်ရာက ဝင်စွက်ဖက်ပိုင်ခွင့်မရှိတဲ့ ပြည်တွင်းရေးအဆင့်" ပဲ ရှိလို့ ဒီဖက်ဆစ်တပ်က ထင်သလို ဝင်ထွက်တပ်စွဲ ခြယ်လှယ်နိုင်သေးတဲ့အတွက် စိတ်မချရဘူး။
တနိုင်ငံစီဖြစ်သွားရင် သူကျူးကျော်တာနဲ့ နိုင်ငံတကာက အရေးယူလို့ရတာမို့ ဒီဖက်ဆစ်တပ် နဲ့ နိုင်ငံ 'ခြား' မှကို ငြိမ်းချမ်းရေး က စိတ်ချရမယ်။

၂။ စီးပွားရေးမှာလည်း အပြိုင်အဆိုင်ပိုရုန်းကန်လာကြမှာဖြစ်သလို၊ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကူးသန်းရောင်းဝယ်ခွင့်တွေ ရယူဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ကိုယ့်နိုင်ငံတွင်း ကိုယ့်ဖါသာ နှိမ်နှင်းလာကြလိမ့်မယ်။ ဒါဟာ ကမ္ဘာချီအကျိုးများစေမယ့် ရလာဒ်တခုဖြစ်တယ်။

၃။ နယ်စပ်ကူသန်းရောင်းဝယ်မှုတွေဟာလည်း ခုထိပိုမိုလုံခြုံချောမွေ့လာမယ်။ အဆင့်ဆင့်ဖြတ်သန်းရလို့ ပိုစရိတ်စကကြီးမသွားနိုင်ဘူးလား မအောင့်မေ့ပါနဲ့။ ခုလဲ ခင်ဗျားတို့ အဆင့်ဆင့် အစိုးရဂိတ်လည်းပေး၊ သက်ဆိုင်ရာ ဒေသအသီးသီးက လက်နက်ကိုင်တွေလည်း ပေးနေကြရတာပါပဲ။ 
အဲဒီလို တနိုင်ငံစီ စနစ်တကျ ဥပဒေပြဌာန်းပြီး အုပ်ချုပ်လာရင်၊အဓိက အကျဆုံးက ဒီဒေသကြီးတခုလုံး တရားဥပဒေစိုးမိုးသွားမယ်။ ကုန်သည်တွေ၊ စီးပွားကူးသန်းကြသူတွေဟာ တရားဥပဒေရဲ့ အကာအကွယ်အောက်မှာ လုံခြုံကုန်ကြမယ်။

၎။ နိုင်ငံငယ်လေးတွေ မွစိတက်သွားတာ ကောင်းပါ့မလား ဆိုတော့ ဥရောပ ကို လေ့လာလေ။ ဘာသာစကား စာပေ အကုန်ရောယှက်နီးစပ်တဲ့ နိုင်ငံငယ်လေးတွေ ကိုယ့်စည်းသူ့စည်းနဲ့ နေကြတာ ဘယ်လောက်ငြိမ်းချမ်းသလဲ။

၅။ ပြည်ထောင်စုကြီးတော့ အကွဲမခံနိုင်ပါဘူး၊ တိုင်းရင်းသားတွေကို မခွဲနိုင်ပါဘူး ဆိုပြီး စွဲမိစွဲရာ ကလေးအတွေးတွေနဲ့ ဆန့်ကျင်နေမယ့်အစား လေးလေးနက်နက် ရင့်ရင့်ကျက်ကျက် စဉ်းစားကြပါ။ 
ဒီ"မြန်မာ" နိုင်ငံဆိုတာကြီး ထူထောင်ခဲ့တာ ဟိုး ပုဂံခေတ်ကထဲက ဒီကနေ့အထိ တခါဖူးမှ မငြိမ်းချမ်းခဲ့ဘူး။ ဓါးမိုးပြီး အာဏာစက်နဲ့ လူသတ်အုပ်ချုပ်ခဲ့တာ။
ဒီဒေသသားတွေဟာလည်း ဥရောပကလူတွေလိုပဲ ငြိမ်းချမ်းခွင့်၊ တိုးတက်ခွင့်တွေ ရသင့်ပါပြီ။
ခင်ဗျားတို့အတ္တစွဲတွေ၊ မာန်မာနတွေ၊ မတရားလောဘတွေနဲ့ လူသတ်စစ်တိုက်တာတွေ ရပ်ဖို့သင့်ပါပြီ။

အကွဲတော့ မခံနိုင်ဘူး စစ်တိုက်မယ် ဆိုတဲ့ ရူးနှမ်းရမ်းကားမှုတွေ ဆင်ခြင်ပြီး၊ စားပွဲမှာ အတူထိုင် အတူပိုင်းခြား ခွဲခြမ်းဖို့ လိုပါပြီ။

နယ်မြေတွေ ကို ပြန်လည်ခွဲခြမ်းတာ မကောင်းသော အရာ မဟုတ်ပါ။ 
တဆိတ်ရှိ မရင့်ကျက်သော ယူဂိုဆလဗ်ဗီယား ဥပမာမျိုးပဲ ပြေးမြင် ပြနေကြမယ့်အစား၊ တည်ငြိမ်စွာနဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံထိ ခွဲခြမ်းနိုင်ခဲ့တဲ့ ဆိုဗီယက်ယူနီယမ် ကို မြင်ပါ။
ချက်ကိုစလိုဗက်ကို မြင်ပါ။
လောကမှာ ဘယ်အရာမှ မတည်မြဲပါ။
ဗာရာဏသီ၊ ရာဇဂြိုဟ်၊ ကပ္ပိလဝတ်၊ ဒေဝဒဟ တိုင်းပြည် ဆိုတာတွေ မရှိတော့သလို၊ မရှိတော့လို့လည်း ဘာမှ မဖြစ်ပါ။
ယူဂိုဆလဗ်ဗီးယားပြည်ထောင်စုကြီး ပြိုကွဲမခံနိုင်ဘူး ဆိုပြီး လူသိန်းချီအသက်ပေး တိုက်ခဲ့ကြတယ်။ ခုခွဲခြမ်းပြိုကွဲပြီးတော့လည်း ဘာမှ မဖြစ်ပါ။ ပိုတောင် ချမ်းသာ သွားကြပါတယ်။

ပြည်ထောင်စုကြီး ပြိုကွဲသွားတယ် ဆိုပြီး မဟုတ်ကဟုတ်က ခြောက်လုံးတွေနဲ့ အခြောက်အလှန့် မခံပါနဲ့တော့။ 
ဒါဟာ လိုအပ်၍ ပိုမိုကောင်းမွန်စီမံခန့်ခွဲမှု တခုကို ပြောင်းခြင်းသာ ဖြစ်ပါတယ် လို့ မြင်ပါ။

တိုင်းပြည်ကြီးမှ အင်အားကြီးမှာလဲ မဟုတ်ပါဘူး။
ရန်ကုန်တိုင်းလောက်တောင်မရှိတဲ့ စင်္ကာပူမှာ အလုပ်လုပ်နေကြရတာ သိလောက် သိသင့်ပါပြီ။

ဒီစစ်အင်ပါယာကြီး ကနေ ခွဲထွက်မှသာ ဒီဧရာဝတီ၊ သံလွင် ဒေသကြီး အလုံးစုံ ငြိမ်းချမ်း သွားမှာ ဖြစ်ပါတယ်။

ဧချမ်းသော စိတ်နှလုံးများဖြင့် အတ္တစွဲ မောဟစွဲတွေ ဖယ်ရှားကာ ဆင်ခြင်ကြပါကုန်။


ချိုတူးဇော်

No comments:

Post a Comment