Saturday, January 8, 2011

လမ်းပေါ်မှာ ပြေးကြည့်ပါလား

ခုတလော ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြောက်ထားတာ တို့၊ဒီမိုကရေစီအစိုးရတို့ သိပ်ပြီးနားလျှံအောင်ကြားနေရပါတယ် ။

ဒါနဲ့ . . .။

x x x


ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်အဖေဟာ အပတ်စဉ်ထုတ်နျူးစ်ဝိခ်မဂ္ဂဇင်းကိုဖတ်ခွင့်ရဖို့ အတော်ကြိုးစားခဲ့ပါတယ်။
အားလုံးသိတဲ့အတိုင်း အဲဒီတုန်းက ဆိုရှယ်လစ်ခေတ်ဆိုတော့ နိုင်ငံခြားထုတ်မဂ္ဂဇင်းတစောင်ကို ကျွန်တော့်အဖေလို သာမန်ကျောင်းဆရာတယောက်အနေနဲ့ ဖတ်ခွင့်ရဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ အဖေဟာ သက်ဆိုင်ရာ၊ဌာနဆိုင်ရာ အသီးသီးမှာ နှစ်ရှည်လများလျှောက်ထားခဲ့ရပြီး နှစ်နှစ်ကျော်၊သုံးနှစ်ကာလလောက်မှာမှ ၀ယ်ယူဖတ်ရှုခွင့်ပြုသည် ဆိုတဲ့ ခွင့်ပြုချက်ကိုရခဲ့ပါတယ်။
ရလာတော့လည်းဗျာ . နျူးစ်ဝိခ်ဆိုတာ နာမည်သာကြီးတယ်၊ဒီနေ့ထွက်နေတဲ့ပေါ်ပြူလာတို့၊အလင်းတန်းတို့
လောက်တောင်ဖြန့်ချိစနစ်တွေကောင်းဟန်မတူပါဘူး။အမြဲတမ်း နှစ်ပတ်သုံးပတ်နောက်ကျပြီးမှ ဖတ်ရလေ့ရှိပါတယ်။

ထားပါတော့ ဘာပဲဖြစ်ဖြစ် အဖေအဲဒီလိုနျူးစ်ဝိခ်မဂ္ဂဇင်းကိုဖတ်တိုင်းဘေးကနေအရုပ်ကြည့်၊အဖေဖတ်ပြတာနားထောင်ရင်း ကျွန်တော်အထူးအဆန်းသိလာရတာကတော့ သတင်းဆိုတာ အဲဒီလိုမျိုးတွေလည်း ရှိပါကလား ပေါ့ ။ အဲဒီ့မတိုင်မီကတော့ ကျွန်တော်တို့ဆီက သတင်းစာတွေ၊ဂျာနယ်တွေ(အဲဒီတုန်းကတော့ ရှေ့သို့ တို့၊နိုင်ငံတကာရေးရာတို့ ဆိုပါတော့)က သတင်းတွေလောက်ပဲဖတ်ဖူးတဲ့ကျွန်တော်ဟာ သတင်းဆိုတာ နိုင်ငံတော်အကြီးအကဲ က ဟိုသွား၊ဒီသွား
ဟိုဟာဖွင့်၊ဒီဟာဖွင့် ပြီးရင် လိုအပ်သည်များကိုမှာကြား၊ဒါမှမဟုတ်ရင် ဘုရားဖူး၊ ဒါမှမဟုတ်ရင် သံအမတ်ခန့်အပ်လွှာပေး စသဖြင့်တွေကိုပဲသတင်းလို့အောက်မေ့ခဲ့တာပါ။နိုင်ငံတကာသတင်းဆိုတာလည်း မြန်မာပြည်ကလွဲရင် တခြားတိုင်းပြည်တွေအားလုံးဟာ ရေကြီးမိုးခေါင်မုန်တိုင်းကျ၊စစ်ဖြစ် နေကြတာလို့အောက်မေ့ခဲ့တာခင်ဗျ။
နျူးစ်ဝိခ်ဖတ်ရမှ ဗျာ ၊သြော် ဒါမျိုးလည်း သတင်းလို့ခေါ်ပါလား လို့အောက်မေ့လာရတာ. . .။
မှတ်မှတ်ရရ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ သတင်းလေးတပုဒ်ကို ပြန်ပြောပြချင်ပါသေးတယ်။ ၁၉၈၀ ကျော်ကာလတွေလောက်က ဆိုပါတော့ ။အမေရိကန်နိုင်ငံမှာ ပညာတော်သင်ရောက်နေတဲ့ တရုတ်ကျောင်းသားတယောက်က သူ့တိုင်းပြည်အစိုးရကို စာပြန်ရေးပါတယ်။ နိုင်ငံတော်ခင်ဗျား တဲ့ ။ကျွန်တော့် ကို နိုင်ငံတော်ကဘာမှလိုလေးသေးမရှိမျက်နှာမငယ်ရအောင်
ဖြည့်ဆည်းပေးထားပါတယ် ၊ဒါပေမယ့် ဒီနိုင်ငံရဲ့ ထုံးစံအရအစားကို တနေ့ လေးထပ် စားလေ့ရှိပြီး ကျွန်တော်တို့တရုတ်လူမျိုးများအနေနဲ့ သုံးထပ်သာစားလေ့ရှိပါတယ် တဲ့။ ကျွန်တော့်အနေနဲ့ကတော့ နှစ်ထပ်သာ စားလေ့ရှိတဲ့အတွက် နှစ်ထပ်စာ ပိုလျှံလို့နေပါတယ် ။ ဒါကြောင့် ကျွန်တော့်လို့ ခြိုးခြံချွေတာနိုင်မယ့် နောက်ကျောင်းသား
တယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ ပါ တဲ့ ။အဲဒီ သတင်းလေးကို ဖတ်ပြပြီး အဖေက ကျွန်တော်တို့ဆီက ပညာတော်သင်သွားတဲ့သူတွေမစားမသောက်ချွေတာပြီး အိမ်အပြန်ကားဝယ်လာကြတာနဲ့နှိုင်းယှဉ်ပြခဲ့ပါတယ်။
ပြောရမယ်ဆိုရင် တိုင်းပြည်အတွက် စွန့်လွှတ်ကြ၊အနစ်နာခံကြ၊စနစ်တခုကိုဝါဒတခုကို ယုံယုံကြည်ကြည်နဲ့တည်ဆောက်ခဲ့ကြတဲ့ ခေတ် ကာလ တုန်းကလည်း ကျွန်တော်တို့တွေဟာ အဲဒီလိုစွန့်လွှတ်အနစ်နာခံမှုမျိုးတွေ လုပ်ခဲ့ကြတဲ့သူမျိုးတွေမဟုတ်ကြပါဘူး။
ဒီလိုနဲ့ပဲ ချမ်းသာတာပိုကောင်းတယ် လို့ကြွေးကြော်ကြပြီး စနစ်တွေပြောင်းခေတ်တွေပြောင်းကြပြန်တော့ ကျွန်တော်တို့ဟာ အားလုံးထက်နောက်မကျပါဘဲ နောက်ကျနေရပြန်ပါတယ်။
ဘာပဲပြောပြော ခု ဒီမိုကရေစီ စနစ်သစ်ခေတ်သစ်ကိုပြောင်းကြပါတော့မယ်။ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် လို့ ဆိုလိုက်တာနဲ့ ပြည်သူ့သဘောဆန္ဒနဲ့အညီဆိုတာအလိုအလျောက် ပေါ်လွင်ထင်ရှားပြီးဖြစ်ပါတယ်။ဒီမိုကရေစီ နိုင်ငံတွေရဲ့ခေါင်းဆောင်တွေ အကြီးအကဲတွေဆိုတာ သူလိုငါလို ရပ်ထဲရွာထဲက အများကို ကိုယ်စားပြုရွေးချယ်တင်မြောက်လိုက်တဲ့လူတွေပါ။
ကမ္ဘာတခြမ်းရဲရဲနီခဲ့ကြတုန်းကတော့ အဲဒီနိုင်ငံတွေရဲ့ခေါင်းဆောင်ကြီးတွေဟာ အားလုံးထက်မြင့်မြတ်၊
အားလုံးထက်ကြီးကျယ်လိုက်ပုံများ အားလုံးနဲ့အဝေးကြီးမှာနေခဲ့။အားလုံးက ထိတွေ့ဆက်ဆံခွင့်ကင်းခဲ့ရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တော့ အဲလိုမဟုတ်ပါဘူး။
မှတ်မှတ်ရရ ၁၉၈၀ ၀န်းကျင်လောက်မှာပဲ အမေရိကန်သမ္မတဖြစ်လာတဲ့ ဂျင်မီကာတာ ဟာ သာမန်လယ်သမားတယောက်ကနေ ပြည်နယ်အုပ်ချုပ်ရေးမှူး၊အဲဒီကမှ သမ္မတဖြစ်လာတဲ့ သူပါ။သူဟာ အနေအထိုင်လည်းရိုးတဲ့သမ္မတတဦးဖြစ်ပါတယ်။ သူ့မှာ မနက်စောစော ထပြေးတတ်တဲ့အကျင့်ရှိလေတော့ အိမ်ဖြူတော်အနီးနားတ၀ိုက်မနက်မနက် ထထပြေးပါသတဲ့။တမနက်မှာတော့ ကြွက်တက်ပြီး သမ္မတကြီးလမ်းပေါ်မှာလဲပါ
လေရော။လမ်းပေါ်မှာလဲနေတဲ့သမ္မတကြီးကို တခြားအပြေးသမားတွေက တွဲခေါ်ပြီး အိမ်ဖြူတော်ကိုပြန်ပို့ပေးခဲ့ရပါတယ် တဲ့။ သတင်းထောက်တွေဟာ အဲဒီအဖြစ်အပျက်လေးကို ရအောင်မှတ်တမ်းတင်ပြီး ဖေါ်ပြခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ အင်မတန်မှလုံခြုံနွေးထွေးမှုရှိတဲ့စနစ်ပါ၊ချစ်ခြင်းမေတ္တာတရားတွေနဲ့ တည်ဆောက်ရတဲ့စနစ်ပါ ဆိုတာကို အဲဒီသတင်းလေးက တအုံနွေးနွေးဖေါ်ပြလို့နေပါတယ်။
ပြောရမယ်ဆိုရင်တောင် ခုခေတ် အမေရိကန်သမ္မတတွေတောင်အဲဒီလိုမနေနိုင်ကြတော့ပါဘူး။အိမ်ဖြူတော်ရှေ့ လမ်းကြီးတောင်သံဆူးကြိုးတွေကာရံလို့ပိတ်ထားတာ နှစ်ပရိစ္ဆေဒကြာခဲ့ပြီ။သမ္မတွေဟာ တနေရာကတနေရာကူးလူးသွားလာရင် ယာဉ်တန်းရှည်ကြီးတွေ၊လုံခြုံရေးတွေနဲ့ ။ကမ္ဘာ့ထိတ်တန်းဒီမိုကရေစီနိုင်ငံကြီးမှာတောင် ဒီမိုကရေစီဆိပ်သုဉ်းလာရတာ ကမ္ဘာကြီးအတွက်ရင်လေးစရာပါ။
အဲဒီသတင်းလေးကို ဖတ်ရင်း ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြောက်ခံရတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူတွေကြားမှာလွတ်လွတ်လပ်လပ်သွားရဲလာရဲ ပြည်သူတွေကလည်း ပြန်ပြီးကာကွယ်စောင့်ရှောက်မှုပေးကြတယ်ဆိုတဲ့ အသိလေးကိုရပါတယ်။ဒါ့အပြင် ဒီမိုကရေစီခေါင်းဆောင်တွေဟာ မင်းသားမင်းသမီးအနုပညာသည်တွေလို ပြည်သူအချစ်တော်တွေဖြစ်နေကြတာကိုလည်းသတိထားမိပြန်တယ်။
ဒီမိုကရေစီနည်းလမ်းတကျအမှန်တကယ်ရွေးကောက်တင်မြောက်ခံရဖို့ဆိုတာ ပြည်သူတွေချစ်မှ လို့လည်း တွေးမိပြန်သေးတယ်။ဒီတော့ကျွန်တော့်လို လူမုန်းများ၊လူတကာနဲ့မတည့်တဲ့ ချဉ်ဖတ်ကောင်မျိုးများ (မပြောကောင်းမဆိုကောင်း)အဲလိုနေရာမျိုးရောက်သွားပြီး၊အဲလိုများကြွက်တက်လဲနေလို့ကတော့ ဘယ်သူကမှ တွဲပြီးပြန်ပို့ကြမှာမဟုတ်ဘူး။လည်ပင်းကိုချည်း တယောက်ပြီးတယောက်တက်တက်နင်းသွားမှာပါလား လို့
တွေးမိပါတော့တယ်ဗျာ ။
သြော် ဒီမိုကရေစီ ဒီမိုကရေစီ အပြောလွယ်သလောက် အလုပ်တယ်ခက်တဲ့ စနစ်ပါလားဗျ နော် ။ ။





ချိုတူးဇော်







ပေါ်ပြူလာနျူးစ် ဂျာနယ် ၊ အတွဲ ၂ ၊အမှတ် ၄၁ ။

No comments:

Post a Comment