Friday, July 13, 2012

အချစ် နှစ် ၆၀

အချစ် နှစ် ၆၀. . .

လွန်ခဲ့သော နှစ်အနည်းငယ်က အေးခဲနေသည့်နေ့တနေ့တွင် ဖြစ်သည်။ လမ်းပေါ်မှာ ယောက်ျားကိုင်ပိုက်ဆံအိတ်ပြားလေ
း တခု ကို အမှတ်မထင် ခလုတ်တိုက်မိတော့ ကောက်ပြီး ယူကြည့်မိသည်။ အိတ်ထဲမှာ ပါတာ ဆိုလို့
ငွေကလေး သုံးဒေါ်လာ နဲ့ နှစ်ကာလပေါင်းများစွာ အိပ်ထဲမှာ ထည့်ထားခဲ့ဟန်တူသော စာ အဟောင်းအနွမ်းလေးတစောင်။ အိတ်ပိုင်ရှင် ဘယ်သူဘယ်ဝါ ဆိုတာ ခြေရာကောက်နိုင်မည့် ဘာ မှတ်ပုံတင်၊ ဘာ ကားလိုင်စင်မှ မပါ။

ဟောင်းနွမ်းလွန်းလှသည့် စာအိတ်ပေါ်မှာ သည်းသည်းကွဲကွဲ ဖတ် ရတာဆိုလို့ စာပို့သူ၏လိပ်စာ ကလေးသာ ဖြစ်သည်။ ကျနော် စာအိတ် ကို ဖွင့်ကာ ဖတ်မိသည်။ စာရေးသည့် နှစ် က ၁၉၂၄၊ လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်က။ စာထဲမှာ အိတ်ပိုင်ရှင်၏ နေရပ်လိပ်စာများ တစွန်းတစ တွေ့ရမလား မျှော်လင့်ချက်ဖြင့် ကျနော် စေ့စပ်သေချာစွာ အထပ်ထပ်အခါခါ ဖတ်သည်။

စာက လှေကြီးထိုးထိုး ရိုးရိုးကလေး ရေးထားသော စာလေးတစောင်သာ။
စာထဲမှာ ဦးတည်ရေးထားသော သူ က “မိုက်ကယ်လ်” တဲ့။ စာရေးသူ နာမည် မှာ “ဟန်နာ” လို့ လက်မှတ်ထိုးထားသည်။ စာထဲမှာ ပါဝင်သော အကြောင်းအရာ ကတော့ လွမ်းဆွတ်ကြေကွဲစရာ ဟန်နာ့ မိခင် က တားမြစ်
သောကြောင့် သူတို့နှစ်ယောက် နောက်ထပ်မတွေ့ကြဖို့ ဆုံးဖြတ်လိုက်သည့်စာ။ တနည်းအားဖြင့် ချစ်သူ နှစ်ဦး၏ ဖြတ်စာ။

ဆွံ့ပျံ့ကြေကွဲစရာကောင်းသည့် စာ လေး ပါ။ သို့သော်လည်း စာ ထဲမှာ ဦးတည်ထားသော မိုက်ကယ်လ် သည် ဒီအိတ်ပိုင်ရှင်ဖြစ်နိုင်သည် ဟူသော သဲလွန်စ လေး တစွန်းတစမှ လွဲပြီး ဘာမှ သက်သေသက္ကာယ တွေမှ မရခဲ့။
နောက်ဆုံး ကျနော် တယ်လီဖုန်းအော်ပရေတာ ကို ဆက်လိုက်မိသည်။

“အော်ပရေတာ. . တဆိတ်ဗျာ ကျနော့်အကူအညီက ပုံမှန်တောင်းရိုးတောင်း
စဉ်တော့ မဟုတ်ပါဘူး . . ကျနော့်ဗျာ ပိုက်ဆံအိတ်လေး တအိတ်ကောက်ရတယ်. . .အဲဒါ. . . .”

အော်ပရေတာ အမျိုးသမီးက သူ့အထက်အရာရှိ ကို လိုင်းလွှဲပေးလိုက်သည်။ အထက်အရာရှိက ကျနော်ပြောသော လိပ်စာ မှ ဖုန်းနံပါတ်ကို စုံစမ်းပေးသည်။ သို့သော် စည်းကမ်းအရတော့ ကျနော့်ကို ဖုန်းနံပါတ်ကို တိုက်ရိုက်မပေး။ ထို အိမ်မှ ပုဂ္ဂိုလ်တစုံတယောက်က ပြောလို သည် ဆိုမှ ကျနော့်ကိုယ် ပြန်ကြားပေးမည်ဖြစ်ကြောင်း ရှင်းပြလေသည်။
သို့သော် တမိနစ်အတွင်းမှာပဲ ကျနော့်ဖုန်းကို ပြန်ခေါ်ပြီး
“အဲဒီအိမ်က အမျိုးသမီး တဦးက ရှင်နဲ့ ဖုန်းပြောချင် စိတ် ရှိပါတယ်” လို့ ဆက်သွယ်ပေးသည်။
ထိုအမျိုးသမီး ကို ဟန်နာ့ အကြောင်းမေးတော့. . .

“ အို အသေအချာ သိတာပေါ့ ရှင်. . . ကျမတို့က ဟန်နာတို့ မိသားစု ဆီ က ဒီအိမ်ကို ၀ယ်ခဲ့တာပါ”
“ သူတို့ ဘယ်ပြောင်းသွားတယ် ဆိုတာများ သိသလားဗျာ”
“ အင်း ဟန်နာက သူ့အမေ ကို ဘိုးဘွားရိပ်သာ ပို့ခဲ့တယ် ဆိုတာတော့ သိ သေးတယ် ရှင့်။ ရှင် ရိပ်သာ ကို ဆက်သွယ်ကြည့်ပါလား သူတို့အနေနဲ့ ဟန်နာ ဘယ်မှာနေတယ် ဆိုတာ သိမှာ ပါပဲ”

အမျိုးသမီး ထံမှ ရသော ဘိုးဘွားရိပ်သာ ဖုန်းနံပါတ်အတိုင်း ဆက်တော့ ဟန်နာ၏မိခင်မှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ တဆက်တည်း ဘိုးဘွားရိပ်သာမှ အမျိုးသမီးက ဟန်နာ၏လိပ်စာ ကိုပါ ပေးခဲ့သည်။
လိပ်စာ ပါ ဖုန်းနံပါတ်ကို ထပ်ဆက်တော့ အမျိုးသမီးတဦး က ဟန်နာ ကိုယ်တိုင် ယခုအချိန်မှာ ဘိုးဘွားရိပ်သာ တခု မှာ နေထိုင်နေပြီ ဖြစ်ကြောင်း၊
ဖုန်းနံပါတ်တခု ကို ထပ်ပေးပြန်သည်။ ထို ဘိုးဘွားရိပ်သာ ကို ထပ်ဆက်
တော့မှ ကျနော်တို့ ဟန်နာ ကို ဆိုက်ဆိုက်မြိုက်မြိုက် ဖမ်းမိတော့သည်။

“ဟုတ်ကဲ့ ဟန်နာ ကျနော်တို့ ရိပ်သာ မှာ နေနေပါတယ်”
ရိပ်သာ ညွှန်မှူး ကို ကျနော့်အနေဖြင့် ခုချိန်မှာ ဟန်နာ့ ကို လာတွေ့လျှင် အဆင်ပြေ မပြေ မေးတော့၊ ဟန်နာ အိပ်ပျော်နေနိုင်ကြောင်း ပြောသည်။
ဟုတ်တာပေါ့ အချိန်က ည ၁၀ နာရီတောင် ထိုးနေပြီ။ သို့သော် ကံကောင်းလျှင် ဟန်နာ တယောက် မအိပ်သေးဘဲ၊ တီဗီခန်းထဲမှာ သူ့အကြိုက် ဇာတ်လမ်းတွဲများ ကြည့်နေနိုင်ကြောင်း ဖြေကြားခဲ့သည်။

နက်ဖြန်ထိ အကြွေးမထားချင်တော့သောကြောင့် ညတွင်းချင်းပင် ဟန်နာတို့ ရိပ်သာ ကို ကျနော် သွားခဲ့သည်။ တံခါးဝ မှာ ၀န်ထမ်းတဦးနှင့် ညွှန်မှူး က စောင့်ကြိုနေသည်။ တတိယထပ် ကို တက်သွားတော့ ညွှန်မှူးခန့်မှန်းသည့်အတိုင်း ဟန်နာတယောက် တီဗီခန်းထဲမှာ ဇာတ်လမ်းတွဲ
များ ထိုင်ကြည့်လို့။

ဟန်နာသည် မျက်နှာထားချိုချို နှင့် ငွေရောင်ဆံပင်တွေ လှိုင်းထနေသော အဖွားအို တဦးဖြစ်သည်။ သူ့မျက်လုံးတွေ က နူးညံ့သိမ်မွေ့လွန်းသည်။ ငယ်စဉ် က မည်မျှချောမောလှပမည် ကို ယခုတိုင်တစွန်းတစ ပေါ်လွင်ကျန်ရစ်နေသေးသည်။ ပိုက်ဆံအိတ်လေး ကို ထုတ်ပြပြီး၊ စာ လေး ကို သူ့လက်ထဲ ထည့်လိုက်ရုံနှင့် သူ စိတ်တွေ လှုပ်ရှား
မဆုံး ဖြစ်နေပြီ။
“လူလေးရယ်. . . ဒီစာ ဟာ မိုက်ကယ်နဲ့ အဖွားနဲ့ နောက်ဆုံး ဆက်သွယ်ခဲ့
တဲ့ စာပါပဲ”
နူးညံ့သိမ်မွေ့လွန်းသည့် သူ့မျက်လုံးတွေ က မှုန်ဝေသီ လို့ အတိတ်ကို ကူးလူး သွားပုံရသည်။
“ တို့တွေ အရမ်းချစ်ခဲ့ကြတာ. .အဲဒီတုန်း က အဖွားက ၁၆ နှစ်လေ အမေက အရမ်းငယ်သေးတယ် ဆိုတာ တချက်ထဲနဲ့ တို့နှစ်ယောက် အချစ် ကို မယုံ စားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ဖြတ်ခိုင်းခဲ့တာ. . မိုက်ကယ် က တကယ့် လူချောကွယ် . ။ မင်း တို့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောင်ကွန်နရီ ကို သိတယ် မလား. . .မိုက်ခ် က တကယ့်ရှောင်ကွန်နရီ ကွ. .သေချာကြည့်ရင် ရှောင်ကွန်နရီ ထက်တောင် မိုက်သေး. . .”

ငယ်မူပြန်နေသော သူ့စကားလုံးတွေ ကြောင့် သူရော၊ ကျနော်ရော အသံထွက်အောင် ရယ်လိုက်မိကြသည်။ ညွှန်မှူးကတော့ တပြုံးပြုံးဖြင့် ကျနော်နဲ့ဟန်နာ အဖွဲ့ကျနေသည် ကို ထားခဲ့သည်။

“သူ့နာမည် အပြည့်အစုံက မိုက်ကယ်လ် ဂိုးလ်စတိန်း တကယ်လို့များ မင်း သူ့ကို ရှာတွေ့ခဲ့ရင် ဟန်နာ က သူ့ကို ဒီနေ့ထက်ထိ မမေ့နိုင်သေးဘူး၊ ဆိုတာနဲ့ ဘယ်တုန်းကမှ အချစ်သစ် မရှာခဲ့ဘူး၊ လက်မထပ်ဖြစ်ခဲ့ဘူး ဆိုတာ
လေး ပြောပြလိုက်ပါကွယ်”
အပြုံးမပျက်ပြောနေသော်လည်း ဟန်နာ့မျက်လုံးတွေ ထဲမှာ မျက်ရည်တလဲ့လဲ့ ဖြစ်လို့လာသည်။
“ငါ့စိတ်ပုပ်တာတော့ မဟုတ်ဘူး ငါ့စိတ်ထဲမှာ ဘယ်သူမှ မိုက်ခ် နဲ့ လိုက်ဖက်
တယ် လို့ မခံစားမိဘူး. . .ငါက လွဲ ရင်ပေါ့. . ”

ရင်ထဲမှာ ဘာမှန်း မသိသော ခံစားချက်တွေ တအုံနွေးနွေးဖြင့် ကျနော် ဟန်နာ ကို ကျေးဇူးတင်စကားဆို၊ နှုတ်ဆက် ကာ ထွက်လာခဲ့သည်။ ပထမထပ် ကို ဓါတ်လှေကားဖြင့် ဆင်းလာတော့ လုံခြုံရေးဝန်ထမ်းက
သိချင်ဇောဖြင့်စပ်စုသည်။
“ဆရာ အဆင်ပြေခဲ့လား ဟန်နာက ဆရာ လိုချင်တဲ့ အချက်အလက်တွေ ပေးနိုင်လား”
“အင်း . . .ပိုင်ရှင်နာမည်တော့ အပြည့်အစုံ သိလိုက်ရတာပေါ့ဗျာ. .”
လက်ထဲမှာတော့ ဘယ်ဆီဘယ်ဝယ် လိုက်ရမယ်မှန်းမသိသော ပိုင်ရှင်မဲ့ ပိုက်ဆံအိတ်လေး ကို ကိုင်လျှက်သား။ ပိုက်ဆံအိပ်ကလေး က တကယ့်
ဖက်ရှင်ဟောင်းလေး၊ အညိုရောင်သားရေပေါ်မှာ အနီရောင်ချုပ်ကြောင်းလေးများဖြင့်၊ စကားပြောရင်း ၀န်ထမ်း၏မျက်လုံး က ပိုက်ဆံအိတ်ဆီ ရောက်သွားသည်။
“နေဦးဗျ. .ဒီပိုက်ဆံအိတ်ကို ကျနော်ကောင်းကောင်းသိတယ် မစ္စတာ ဂိုးလ်စတိန်း ရဲ့ အိတ်ပဲ”
“မစ္စတာ ဂိုးလ်စတိန်း”
“ဟုတ်ကဲ့ မစ္စတာ ဂိုးလ်စတိန်းဆိုတာ ရှစ်ထပ်မှာနေတဲ့ အဖိုးကြီးတယောက်ပဲ
သူက ခဏ ခဏ ပိုက်ဆံအိတ်ပျောက်လွန်းလို့ မှတ်မိနေတာပါ . .လမ်းလျှောက်လည်း ထွက်တတ်တယ်”

ကျနော် ဓါတ်လှေကားဖြင့် ညွှန်မှူးဆီ ပြန်တက်ရသည်။ ညွှန်မှူးကို အကျိုးအကြောင်းပြောပြတော့ ညွှန်မှူးလည်း အူလျားဖါးလျား လိုက်လာသည်။
အဋ္ဌမထပ်မှ သူနာပြုက
“မစ္စတာ ဂိုးလ်စတိန်းက ဒီအချိန်မအိပ်သေးပါဘူး သူစာကြည့်ခန်းထဲမှာ စာဖတ်နေပါတယ်” ဟု ပြောပြသည်။
“ရှောင်ကွန်နရီ” ကြီး က စာအုပ်တအုပ်ကို ဆိပ်ငြိမ်စွာ ဖတ်နေရာမှ ကျနော်တို့ ၀င်လာသောအခါ ညွှန်မှူး ကို နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်သည်။ ကျနော့်ကို စူးစမ်းသော အကြည့်ဖြင့်ကြည့်သည်။

ညွှန်မှူး က “မစ္စတာဂိုးလ်စတိန်း ပိုက်ဆံအိတ် ပျောက်နေသလား”
မေးတော့မှ
သူ့ဘောင်းဘီ နောက်အိတ်ထဲ ကမန်းကတမ်းစမ်းကြည့်သည်။
“ဟုတ်ပ ပျောက်နေပြီ”
ကျနော်က သူ့ပိုက်ဆံအိတ်ကို ထုတ်ပေးလိုက်တော့ အားရပါးရ ပြုံးပြီး “ညနေခင်း လမ်းလျှောက်ရင်း ကျ ခဲ့မိတာ ဖြစ်မယ်။ မောင်ရင့်ကို ဆုချ ရမယ်. ”
“နေပါစေ ခင်ဗျာ . ဟို ကျနော်တခု ပြောချင်တာ အဖိုးရဲ့ ပိုက်ဆံအိတ် ကို ပိုင်ရှင် ဘယ်သူ ဘယ်ဝါ ဆိုတာ စုံစမ်းဖို့ ကျနော် ပိုက်ဆံအိတ်ထဲမှာ တွေ့တဲ့ စာလေး ဖတ်ဖြစ်ခဲ့တယ် ဆိုတာ. . .”

“သြော် စာဖတ်လိုက်သေးသလား”
မိုက်ကယ်လ် ဂိုးစတိန်း က ဟန်မပျက်ပြုံးနေပေမယ့် သူ့မျက်နှာမှာ စိတ်မသက်သာသော အငွေ့အသက်တွေ လွှမ်းလို့လာသည်။
“ဟုတ်ကဲ့ ဟိုဒင်း ကျနော် အဖိုးစာထဲမှာ ပါတဲ့ ဟန်နာ ကိုများ သိသလားလို့”
မိုက်ကယ်လ့် မျက်နှာမှာ စိတ်လှုပ်ရှားစွာဖြင့် ဖျော့တော့လို့ သွားရသည်။
“ဘာပြောတယ် မောင်ရင် က ဟန်နာ ကို သိတယ် သူဘယ်မှာနေလဲဟင် သူကျန်းကျန်းမာမာ ကော ရှိသေးရဲ့လား. . အရင်တုန်းကလိုကော လှသေးလား. .”

သူ့မေးခွန်းတွေ တလစပ်ထွက်လာတော့ ရုတ်တရက် ကျနော်ဘာပြန်ပြောရမှန်း မသိအောင် တွန့်ဆုတ်သွားမိသည်။
“ပြောစမ်းပါ လူလေးရယ် . .မင်း ဟန်နာ ကို ဘယ်တုန်းက တွေ့ခဲ့တာလဲ”

“သူ နေကောင်းပါတယ် ခင်ဗျာ. .အဲ လှသေးလား ဆိုတော့ သူ့အရွယ်နဲ့ သူတော့ လှ ပါတယ် ခင်ဗျာ. .”
မိုက်ကယ်လ် က သူ့ကလေးကလား မေးခွန်းလေးအတွက် ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ နောက် ရှက်ပြုံးကလေးဖြင့်
“ ကျုပ်ကို သူဘယ်မှာ ဆိုတာ ပြောပြနိုင်မလားဟင် . .မနက်ဖြန် . . မနက်ဖြန် မိုးလင်းတာနဲ့ သူ့ဆီ ဖုန်းခေါ်ချင်လို့ပါ. . ”
သူ့နောက်ဆုံး စကားလေးတွေ က မျှော်လင့်ချက်မဲ့စွာ တိမ်ဝင်လို့ သွားခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ကျနော့်လက်တွေ ကို ဆုပ်ကိုင်ကာ
“ သားရယ် မင်း သိလား. . ဒီစာကို ရလိုက်တဲ့ အချိန်မှာ ငါ့ဘ၀ တခုလုံး ပြီးသွားပြီ လို့ ခံစားခဲ့ရတယ် ငါ ငါ င့ါ တသက် ဘယ်တုန်းကမှ ဘယ်မိန်းမ ကိုမှ မချစ်မိခဲ့တော့ဘူး။ ဘယ်တုန်းကမှလည်း အိမ်ထောင်မပြုခဲ့ဘူး”

“မိုက်ကယ်လ်. . . ကျနော်နဲ့ တဆိတ်လောက် လိုက်ပေးပါလား”

စိတ်လှုပ်ရှားမှု အသီးသီးဖြင့် ကျနော်တို့ သုံးဦးသား တတိယထပ်ကို ဓါတ်လှေကား ဖြင့် ပြန်ဆင်းလာခဲ့ကြသည်။ တီဗီခန်းထဲမှာ ဟန်နာ က တီဗီကြည့်နေတုန်း။
ညွှန်မှူး က ဟန်နာအနီးသို့ သွားပြီး သူ့ကို မိုးကြည့်ကာ
“ဟန်နာ ဒီလူ့ကို ကြည့်ပါဦး”
ဟု မိုက်ကယ်လ် ကို ပြလိုက်သည်။
ဟန်နာက သူ့မျက်မှန်လေး ကို သေချာပင့်ပြီး မိုက်ကယ့်လ် ကို ကြည့်သည်။
ဘာစကားတခွန်းမှ ထွက်မလာတော့။
မိုက်ကယ်လ် က အသိစိတ်ကင်းမဲ့သော စကားတွေ ကို တတွတ်တွတ်ပြောရင်း ဟန်နာ့ အနီးကို ချည်းကပ်သွားသည်။
“ဟန်နာ ဟန်နာ မိုက်ကယ်လေ. . မိုက်ကယ် ဂိုးလ်စတိန်းလေ. . မှတ်မိတယ်မလား ဟန်နာ”

နှစ်ဦးသား တုန်ရီစွာဖြင့် တယောက်လက်ကို တယောက် ဆုပ်ကိုင်ကာ ခုံတန်းလျားလေးမှာ ယှဉ်လျက် ထိုင်ကြသည်။
ကျနော်ဘယ်လိုမှ မျက်ရည် မထိန်းနိုင်တော့။ အိုး. . နှစ်ပေါင်း ၆၀ ဗျာ.။
ကြည့်လိုက်တော့ ညွှန်မှူးတယောက်လည်း သူ့ကိုယ်လုံးကြီးမှ အားမနာ
တရှုံ့ရှုံ့ဖြစ်လို့နေသည်။

“ ဘုရားသခင်ဟာ . . စစ်မှန်တဲ့ နှလုံးသားတွေ ကို ပစ်ပယ်မထားဘူး ဆိုတာ
လက်တွေ့ပြတာဗျ. ..”

ရက်သတ္တပါတ် သုံးပါတ် ခန့်ကြာသောအခါမှာ သူ ကျနော့်ကို ဖုန်းခေါ်သည်။

“လာမယ့် တနင်္ဂနွေ ခင်ဗျားမှာ ဘာအစီအစဉ်ရှိရှိ ဖျက်ပြီး မင်္ဂလာပွဲ တပွဲ ကို တက်ဖို့ ဖိတ်ရမယ်။ ဟန်နာနဲ့ မိုက်ကယ်လ် တို့ရဲ့ မင်္ဂလာဆောင် မှာ ခင်ဗျား မရှိလို့ မဖြစ်ဘူး ဆိုတာ တော့ ခင်ဗျား နားလည်မှာပေါ့. . ”

ဘိုးဘွားရိပ်သာမှာ ကျင်းပဖြစ်ခဲ့သော အလှပဆုံး မင်္ဂလာဆောင် ပွဲလေး တပွဲ။
သတို့သမီးကော၊ သတို့သားကော ယင်ဖို၊ ယင်မ မသန်းဖူးသေးသည့်
လူပျို အပျိုစစ်စစ် များဖြစ်ကြသည်။
နံ့သာရောင် သတို့သမီး ၀တ်စုံဖြင့် ဟန်နာက တကယ့်အပျိုမလေး အသွင်
ဆောင်နေသည်။ နက်ပြာရောင်ဝတ်စုံဖြင့် ဂျိမ်းစ်ဘွန်းမင်းသား သတို့သားကြီးကလည်း ခန့်ခန့်ညားညား။
ရိပ်သာ မှ သူတို့မောင်နှံအတူနေဖို့ စပါယ်ရှယ် အခန်းတခန်း ကို စီစဉ်ပေးပြီး လက်ဖွဲ့သည်။
သတို့သမီး က ၇၆ နှစ်၊ သတို့သား က ၇၈ နှစ်။ လူ့သက်တမ်းအရ သူုတို့တွေ ဘယ်တော့လောက်မှ ကြာရှည်စွာ မနေရနိုင်တော့ပေမယ့်၊
သူတို့အချစ်တွေ က ဤကမ္ဘာမြေ တည်ရှိသရွေ့. . .
နှစ်ကာလပေါင်းများစွာ ကြာရှည်တည်တံ့ပေဦးတော့မည်။

သူတို့ဘ၀တွေ တလျှောက်လုံး. . .
နှစ်ပေါင်း ၆၀ တောင် ဒီအချစ်တွေနဲ့ ဖြတ်သန်းခဲ့သည်ပဲလေ. . .။ ။

ချိုတူးဇော်
၀၇၊ ၁၃၊ ၂၀၁၂
နံနက် ၁၁ နာရီ
ခေတ္တ မေရီလန်း

Letter in the Wallet by Arnold Fine

From Reader's Digest July/August 2012 မှ ပြန်ဆိုပါတယ်။

No comments:

Post a Comment