အမေရိကန်တွေဆီက ရသမျှ - ၃
အမေရိကန်တွေဆီက ရသမျှ(၃)
မှန်သလား၊ မှားသလား ဆိုတာ. . .
အကြွေးယူစနစ်ကြောင့် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကြိုတင်ဖြည့်ဆည်းပေးနိုင်တယ်၊ ဒါကို
ကျနော်လည်း သဘောကျနှစ်ချိုက်လက်ခံပါတယ်။ တချိန်တည်းမှာ အဲဒီအကြွေးယူစနစ်ကပဲ အ
ရမ်းကို မြင့်မားတဲ့အတိုးနှုန်းတွေနဲ့ မြီရှင်ကြီးတွေက
လူများစုနိုင်ငံသားတွေပေါ်မှာ အသွေးအသား အဆီတွေကိုစုပ်ယူနေတယ်
လို့မြင်ပါတယ်။ ကွန်မင့်တွေထဲမှာ တချို့က ကျနော့်ကို
ဘယ်စနစ်နဲ့ယှဉ်ပြီးပြောနေတာလဲ လို့မေးခွန်းထုတ်ပါတယ်။ ကျနော် ဘယ်စနစ်နဲ့မှ
ယှဉ်ပြီးပြောနေတာမဟုတ်ပါဘူး။ ဒီအမေရိကန်စနစ်ကိုပဲ သေချာပိုင်းခြားစိတ်ဖြာဝေဖန်သုံးသပ်
ပြနေတာပါ။ ကျနော်တို့ဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းထူထောင်တော့မယ့် တိုင်းပြည်ဖြစ်ပါတယ်။
ဒီအခါမှာ အဲဒီစနစ်ကို တည်ဆောက်တဲ့အခါမှာ အပေါ်ယံမြင်ရတဲ့
အခွံကိုသာမကြည့်ပဲ၊ အတွင်းကျကျ လေ့လာဆန်းစစ် သုံးသပ်ကြစေ့ချင်ပါတယ်။
ဆိုဒ်အဖက် လို့ခေါ်တဲ့ဘေးထွက်
ဆိုးကျိုးတွေဟာ တခါတခါမှာဆေးအတွက်လေးရပါတယ်။ ခု ၂၀ ရာစုတုန်းက ကမ္ဘာတခြမ်း
ပြဋ္ဌာန်းခဲ့တဲ့ လက်ဝဲစနစ်ကြီးပြိုလဲခဲ့ပြီ။ အဲဒီစနစ်ကြီးမှာ ယိုပေါက်၊ ဟာပေါက်များစွာနဲ့ ပြိုလဲ ခဲ့
တယ်။ ယုံယုံကြည်ကြည်နဲ့တည်ဆောက်ခဲ့တဲ့ တိုင်းပြည်တိုင်း အထိနာခဲ့တယ်။ အဲဒီ
လက်ဝဲ စနစ်ကြီးပြိုလဲခဲ့လို့ ကျန်နေခဲ့တဲ့ အရင်းရှင်စနစ်၊
ဈေးကွက်စီးပွားရေးစနစ်ကြီးဟာလည်း
ပြီးပြည့်စုံမှန်ကန်တဲ့စနစ်မဟုတ်သေးဘူးဆိုတာ ခုကို
အမေရိကန်တွေကြုံတွေ့နေရတဲ့ အကြပ်
အတည်းဘေးကြီးက မျက်ဝါးထင်ထင်ပြနေပြီ။ အမေရိကားဟာ အပြင်ဗန်းမှာသာ “ဟန်” ရှိပြီး၊
အတွင်းမှာ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် အခြေဆိုက်နေပြီ၊ ရှေ့မှာလည်း အရမ်းကို
ဆိုးရွားမယ့် အခြေအနေရှိတယ် ဆိုတာကို ကျနော်မြင်တဲ့အတိုင်း တင်ပြနေတာပါ။
ဒီစနစ်မကောင်းလို့ ဆိုရှယ်လစ်စနစ်ကိုပဲ ကျင့်သုံးသင့်တယ် လို့ ကျနော်ပြောနေတာ မဟုတ်သ
လို၊ ဘာသာရေးနဲ့ သာသနာပိုင်စနစ်နဲ့ အုပ်ချုပ်ရမယ် လို့လည်း ပြောတာမဟုတ်ပါဘူး။
လောဘနဲ့ အတ္တနဲ့လည်ပတ်တဲ့စနစ်တခု ရဲ့ ပြဿနာက နိုင်ရာစားဝါဒပါ။
အရင်းရှင်စနစ်မှာ အင်အားကြီးသူက အကုန်လုံးကို ၀ါးမျိုလိုက်တယ်။
အရင်းရှင်တွေရဲ့ပြဿနာသာမက ၀န်ထမ်း
လောကမှာလည်း တယောက်ကိုတယောက်မညှာတာတွေရှိတယ်။ ဆိုပါစို့ ကုမ္ပဏီ အရှုံးပေါ်
နေလို့ ၀န်ထမ်းလျှော့မလား၊ လခကို အားလုံး မျှပြီးလျှော့ယူကြမလားဆို ၀န်ထမ်းပဲ လျှော့လို့
မဲပေးကြသတဲ့။ နောက်မှ အသစ်ခန့်တဲ့သူတွေက ထွက် ပဲ။
ခင်ဗျားနဲ့ဘယ်လောက်ခင်ခင် ဘယ်သူမှ ခင်ဗျားကို မကာကွယ်ပေးပါဘူးတဲ့။ ဒီလို
အခြေအနေမျိုးတွေကို ခင်ဗျားတို့ လက်ခံ
နိုင်ပါသလား လို့ ကျနော်မေးခွန်းထုတ်နေတာပါ။ ကျနော်တို့ သုံးစွဲမှုတွေမြင့်မားပြီး၊ ကျနော်တို့
တိုင်းပြည်ဖွံ့ဖြိုးမှုတွေ အလျှံပယ်ဖြစ်ပြီး ငွေရှိတဲ့ လက်တဆုပ်စာ လူတစုက
တိုင်းပြည်ရဲ့ အစစ အရာရာကို ထင်သလို ခြယ်လှယ်ပြီး ကျန်တဲ့အလွှာအသီးသီးက
လူတွေကို နယ်ရုပ်ကလေးတွေ
လို စိတ်ကြိုက် အသုံးချကြတာ ကျေနပ်နိုင်သလား လို့မေးခွန်းထုတ်နေတာ။
လက်ရှိ အမေရိကားမှာ လတ်လတ်ဆတ်ဆတ် အင်ဂျင်နီယာဘွဲ့ရလည်း အလုပ်ပြုတ်ပြီး တက္ကစီ
မောင်းနေတယ်။ သူုတို့တိုင်းပြည်က ပေးတဲ့ဘွဲ့နော်။ ပတ်တိုင်းခန့်ထားတဲ့သူကို ဖူးလ်တိုင်းမ်
တိုးမခန့်ဘူး။ မခန့်တဲ့အပြင် အစိုးရက ပတ်တိုင်းဝန်ထမ်းတွေကို ဖူးလ်တိုင်းမ် ၀န်ထမ်းတွေလို
တန်းတူရည်မျှ အခွင့်အရေးရအောင် ဥပဒေကို ပြဋ္ဌာန်းတော့၊ ကော်ပိုးရေးရှင်းတွေက အဲဒီပတ်
တိုင်းမ်ဝန်ထမ်းတွေကို ကန်ထရိုက်နဲ့တဖက်လှည့်ပြန်ငှားပြန်တယ်။ သဘောက ခင်ဗျားဟာ
အလုပ်သမားမဟုတ်တော့ဘူး။ ခင်ဗျားဟာ လည်း ခင်ဗျားရဲ့ အတတ်ပညာကို အရောင်းအ၀ယ်
လုပ်သော လုပ်ငန်းရှင် ဒီ့အတွက် ခင်ဗျား ကို ကန်ထရိုက်စာချုပ်ပြည့်ရင်
အရင်းရှင်ချင်း အလုပ်လုပ်တာဖြစ်တဲ့အတွက် ဆက်လုပ်ချင်လုပ်မယ်၊
မလုပ်ချင်မလုပ်ဘူး။ ဘာနစ်နာကြေးမှ ပေးစရာမလိုဘူး။ ဒီလိုနည်းမျိုးစုံနဲ့
သူတို့အသာရအောင် လုပ်နေတယ်။ တချိန်တည်းမှာလည်း
ဒီအလုပ်လုပ်သူလူလတ်တန်းစားတွေဆီက အခွန်အခတွေကို နင့်နေအောင်ကောက်နေတယ်။
ကော်ပိုးရေးရှင်းသူဌေးတွေက နည်းမျိုးစုံနဲ့ အခွန်တွေကို နည်း
နိုင်သမျှနည်းအောင် ရှောင်တယ်။ အန်ဂျီအိုတွေဖွဲ့စည်းပြီး လုပ်ပြတယ်။
မြန်မာနိုင်ငံလို ပြဿနာနိုင်ငံတွေကို ထောက်ပံ့မှုတွေလုပ်တယ်။ အဲဒီထောက်ပံ့မှုအဆင့်ဆင့်မှာ
လည်း တကယ့် အဲဒီ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီတဲ့အဆင့်ကို မရောက်မီမှာတင်
အဆင့်ဆင့် စီမံခန့်ခွဲခတွေ၊ ဘာကြေး၊ ညာကြေးတွေ ထုတ်ပြီး စားသောက်ပြီးပြီ။
ထားပါတော့၊ အဲဒီ အန်န်ဂျီအိုတွေ ကိစ္စနောက်မှ ဆက်ရေးပါ့မယ်။ အမေရိကားရဲ့
စနစ်မှာ ကော်ပိုးရေးရှင်းကြီးတွေက အရင်းရှင်ကြီးတွေဟာ သူတို့အိပ်ထဲက
တပဲနိအပွန်းအပဲ့မခံ
ပဲ စီးပွားရေးကိုလုပ်တယ်။ ခွက်ခွက်လန်အောင် ရှုံးရင် အစိုးရနဲ့ အစုရှယ်ယာရှင်ပြည်သူတွေက
ဝိုင်းခံပေတော့။ သူတို့ကတော့ ဒေ၀ါလီခံလိုက်တယ်။ သူတို့အိပ်ကပ်ထဲက တပြားမှ အပွန်းအပဲ့
မခံတဲ့အပြင် သူတို့ခွက်ခွက်လန်အောင် ရှုံးတဲ့ အဲဒီအလုပ်ကြီးလုပ်ခဲ့တဲ့ ကာလအတွက် လခကို
သန်းပေါင်းများစွာ အိပ်ထဲထည့်လိုက်သေးတယ်။ စီမံခန့်ခွဲခ တဲ့။ ဒီအရှုံးကို ထမ်းရတဲ့သူတွေက
ဒီ တံလျှပ်ကို ရေထင်မိတဲ့ ပြည်သူတွေပါ။
အမေရိကားဟာ အပေါ်ယံကြည့်လိုက်ရင် သန်မာတောင့်တင်းနေဟန်ရှိပေမယ့် အတွင်းမှာ လှိုက်
ပြီး ပျက်စီးယိုယွင်းနေတာ တွေ အများကြီးရှိနေပါတယ်။ ဒီစကားကို ကျနော် သာမန်ကာလျှံကာ
အပေါ်ယံကြည့်ပြီး ပြောနေရေးနေတာ မဟုတ်ပါဘူး။ ကျနော် အိုင်အိုဝါမှာ သူတို့ဆီက အစွာဆုံး
အတော်ဆုံးဆိုတဲ့ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေနဲ့
စကားလက်ဆုံကျခွင့်ရခဲ့တယ်။ သူတို့အားလုံး ဒီပြဿနာတွေကိုမြင်တယ်။ ပါတီကြီး ၂
ခု မစွံတာကိုတွေ့တယ်။ ရီပတ်ဗလီကန်
တွေက အမြဲ အရင်းရှင်ကြီးတွေကို ကာကွယ်ပေးဖို့ပဲ ကြိုးစားနေသလို၊ ဒီမိုကရက်တွေကလည်း
ပြည်သူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကို အော်သာအော်နေတယ် ဘာမှ လှုပ်လို့မရ
တဲ့ သူတွေ။ ကော်ပိုးရေးရှင်းကြီးတွေက အစိုးရကို ကွန်ဂရက်ကို ချုပ်ကိုင်ထားတယ်။
ဒါတွေကို မြင်တဲ့သူတွေက သူတို့ဆီက အတော်ဆုံးဆိုတဲ့ လူငယ်တွေ၊
ကျောင်းသားတွေ၊ ဘာကလေတို့လို တက္ကသိုလ်တွေမှာ ဒီလို အမြင်ရှိတဲ့ လူငယ်တွေဟာ
ဝေါလ်စထရိအောက်ကျူ
ပိုင်းလို ကမ်ပိန်းတွေကို လုပ်ကြတယ်။ ဒါပေမယ့် ဒါလည်း မအောင်မြင်ပါဘူး။ အမေရိကားရဲ့
နိုင်ငံရေးဟာ ကော်ပိုးရေးရှင်းကြီးတွေရဲ့ ခါးပိုက်ဆောင်ထဲမှာ ရှိပါသေးတယ်။ မီဒီယာကလည်း
သူတို့ရဲ့လက်ထဲမှာပဲ ရှိနေတယ်။
ကျနော်ဒီလိုတွေရေးတဲ့အခါမှာ တချို့က ကျနော့်ကို လက်ဝဲဆန်တယ်လို့မြင်မာလည်း
စိုးပါတယ်။ အဓိက မတရားမမျှတမှုကို မြင်ဖို့နှိုင်းယှဉ်ပြရမယ်ဆိုရင်
ကျနော်တို့မြန်မာပြည်မှာ
ပြည်သူအများစုဟာ အာဏာနဲ့ငွေနဲ့ကို ချုပ်ကိုင်ထားတဲ့ လူတစုရဲ့ချယ်လှယ်သမျှကို ခံနေရတာ
နဲ့ သိပ်မကွာဘူးဆိုတာကို ဥပမာပေးချင်တယ်။ ခုကိုပဲ မီဒီယာတွေက သူတို့တင်ချင်တဲ့လူကို
သူတို့တင်တာ ခံနေရတယ်မလားဗျာ။ နောက် ဥပဒေကိုလည်း သူတို့အကျိုးစီးပွားအတွက်ပဲ
ကာကွယ်ပြဋ္ဌာန်ထားတယ်။ နောက် ပြည်သူအများစုဟာ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရုန်းကန်
နေရသလောက် အရင်းအနှီးရှိတဲ့ လူတစုက တိုင်းပြည်ကို လိုသလို ပေါ်လစီတွေ ပြဋ္ဌာန်းပြီး ချယ်
လှယ်နေကြတယ် မလားဗျာ။
အမေရိကားကိုရောက်နေတဲ့ မြန်မာလူမျိုး ၉၀%လောက်ဟာ အဆင်မပြေကြဘူး။ အောက်ခြေ
ဝန်ထမ်းအလုပ်တွေနဲ့ ဆူရှီးသမားတွေလောက်နီးနီး အချိန်ဆင်းရဲစွာ ရုန်းကန်နေကြရပါတယ်။
ဒါ မြန်မာတွေမှ မဟုတ်ဘူး၊ အမေရိကန်တွေအပါအ၀င် အများစုတပြေးညီခံစားနေရတဲ့ ဒုက္ခပါ။
လက်ရှိအမေရိကန်ရဲ့ စီးပွားရေးပြဿနာဟာ ကြီးထွားသထက်ကြီးထွားလာနေတာပဲ ရှိပြီး၊ ပြေ
လည်မယ့် အဖြေကို ရှာမရသေးပါဘူး။ ကျနော့်အမြင်မှာတော့ စနစ်ကို က ချွတ်ယွင်းနေတယ် လို့မြင်ပါတယ်။
ဘာလို့လည်းဆိုတော့ စနစ်က လောဘနဲ့အတ္တကိုအခြေခံတည်ဆောက်ထားလို့ပါ။ ဒီလိုပြော
လို့ သာသနာပိုင်အုပ်ချုပ်တဲ့စနစ်မျိုးကို ပြန်သွားချင်လို့လားလို့ မေးခဲ့ရင် နိုး လို့ပြတ်ပြတ်သား
သားဖြေပါတယ်။ ဒါမေးစရာကိုမလိုတဲ့မေးခွန်းပါ။ ခုဆွေးနွေးတင်ပြနေတာ ဒီစနစ်ကြီးကလည်း
ပြီးပြည့်စုံတဲ့ စနစ်မဟုတ်ဘူး၊ ဒါကို သတိပြု၊ သတိထားဖို့ တင်ပြနေတာပါ။ တချိန်တည်းမှာပဲ
ကျနော်တို့ရွှေမြန်မာတွေက အထင်ကြီးမိရင် မျက်စိမှိတ်တဆုံးဖြစ်တတ်တော့ အမေရိကန်လုပ်
သမျှ အမှန်အကောင်းလို့ ယူဆမိကြတာ ကို သတိပေးချင်လို့။ နာမည်ကျော်
ဟားဗတ်တက္ကသိုလ်အပါအ၀င်၊ အမေရိကားရဲ့ စီးပွားရေးပါရဂူကြီးတွေလည်း
သူတို့စနစ်ရဲ့
ချွတ်ယွင်းချက်ကို ခုချိန်ထိမဆည်နိုင်၊ မပြင်နိုင်သေးပါဘူး။ အဓိက က အဖြေရှိလည်း သူတို့ရဲ့
ကော်ပိုးရေးရှင်းကြီးတွေကို သူတို့မနိုင်ပါဘူး။
မိတ်ဆွေတယောက်ရေးတဲ့ အခွန်တွေဟာ အလဟဿ မဖြစ်ဘူး၊ လူမှုဖူလုံရေးတွေ
ပင်စင်ခံစားခွင့်တွေဆိုတာ ဟုတ်ပါတယ်။ အဲဒီစနစ်တွေဟာ အင်မတန်မှကိုကောင်း
တဲ့အချက်တွေပါ။ တချိန်တည်းမှာ ဆင်းရဲတဲ့သူတွေကို ပေးနေတဲ့ ထောက်ပံ့ကြေးတွေ၊
ဖုဒ်စတမ့်ပ်တွေနဲ့ပါတ်သက်ပြီး အခွန်ကိုနင့်နေအောင်ဆောင်နေရတဲ့
လူလတ်တန်းစားဝန်ထမ်း
တွေ ငြိုငြင်စရာအဖြစ် ကြီးထွားသထက်ကြီးထွားလာသလို၊ အရင်းရှင်ကြီးတွေကို ကာကွယ်တဲ့
ရီပတ်ဗလင်ကန်တွေက ဖြတ်တောက်ပစ်ဖို့အထိ လက်ညှိုးထိုးနေတဲ့အရာတွေဖြစ်လို့လာနေ
တယ်။
ဒီမိုကရက်တွေရဲ့ လူမှုဖူလုံရေးအိပ်မက်တွေဟာ တကယ့်တကယ်မှာတော့ ခရီးမပေါက်သာပါဘူး။
ပြည်သူအများစုဟာ အမေရိကန်နိုင်ငံရေးမှာ ယုံကြည်မှုကင်းမဲ့လာတယ်။
မဲပေးသူအရေအတွက် ကျဆင်းသည်ထက်ကျဆင်းလို့လာတယ်။ ရီပတ်ဗလင်ကန်၊ ဒီမိုကရက်
မဲဆွယ်ပွဲတွေမှာ ပြည်နယ်တိုင်း ရုံထဲမှာ ထိုင်ပြီးအားပေးနေတဲ့ သူတွေဟာ
အဲဒီ ပါတီတွေနဲ့အကျိုးစီးပွားဘက် စီးပွားရေးသမားတွေသာဖြစ်တယ်။
ပြည်သူအများစုက သူတို့ကို
ဟားနေ သရော်နေတဲ့ ဂျွန်စတီးဝတ်တို့၊ ခရစ္စတိုဖါ ကိုဗဲလ် တို့လို နိုင်ငံရေးလူရွှင်တော်တွေကို
တောင် ပိုအားပေးပါတယ်။ ခုကို လတ်လတ်ဆတ်ဆတ်မဲဆွယ်နေကြတဲ့အချိန်ပါ။
အပြောင်းအလဲ လို့ကြွေးကြော်ခဲ့တဲ့ အိုဘားမားတုန်းက မဲပေးသူအရေအတွက်
အနည်းငယ်တက်ခဲ့ပေမယ့် သူလည်း ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့ အတွက် ပြည်သူအများစု
စိတ်ပျက်တဲ့ဘက်ကို ပိုသန်နေပါတယ်။
ဒီလိုရေးလို့ အမေရိကားကို သုံးစားလို့မရအောင် စုတ်ပြတ်သတ်နေတာပဲ လို့တဖက်သတ်
ချည်း ရေးနေတာမဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အတုယူစရာတွေ၊ သင်ကြားရမယ့်ဟာတွေ
အများကြီးနော်။ ဆိုးတာတွေကို ဦးစားပေးရေးနေရတာက အရမ်းမထင်ကြဖို့၊
အရမ်းကို အကောင်းကြီး မတွက်ကြဖို့၊ အားလုံးကို ကျနော်တို့ပြည်တွင်း
သွပ်သွင်းလို့မရဘူး ဆိုတာတွေ
ပြောချင်လို့ပါ။
ရေးစရာတွေအများကြီးကျန်ပါသေးတယ် ဆက်ရေးပါ့မယ်
ချိုတူးဇော်
ကွန်မန့်ပေးသူတယောက်က ကျနော့်ကို အမေရိကန်စီတီဇင်ခံထားပြီး ခုလိုရေးတာ ထမင်းကျွေး
တဲ့လက်ကို ပြန်ကိုက်တယ် လို့မန့်ထားတာဖတ်ရပါတယ်။ ကျနော့်ဝေါလ်ပေါ်မှာ တော့မဟုတ်ပါ
ဘူး။ ဖဘ တနေရာမှာ ဆိုပါတော့။ ကျနော် အမေရိကန်စီတီဇင် မခံရသေးသလို၊ ဘယ်တော့မှခံ
ဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုတာ ကြိုပြောပါရစေ။ နောက် အမေရိကားကို
တိုက်ခိုက်နေတာ မဟုတ်သလို အမေရိကားကိုလည်း မမုန်းကြောင်းပြောပါရစေ။ ကျနော်
အမေရိကားကို ချစ်ပါတယ်။ လူမျိုးပေါင်းစုံနေထိုင်ကြတာကိုလည်း ကြိုက်ပါတယ်။
ဒါပေမယ့် စနစ်ကြီး ပျက်ယွင်း
နေတာကို မြင်တဲ့အတိုင်း တင်ပြနေတာပါ။ ဒီလို ပျက်ယွင်းနေတဲ့ စနစ်ကြီး ကို အကောင်းထင်ပြီး
ကျနော် တို့ အင်ပို့လုပ်မိမှာ စိုးလို့ပါ။
ဘယ်လောက်ခင်ခင် ဘယ်သူမှ ခင်ဗျားကို မကာကွယ်ပေးပါဘူးတဲ့။ဒီစာတပုဒ်ကိုအကြိုက်ဆုံး။
ReplyDeleteA nice post and interesting. Thanks for sharing. But...
ReplyDeleteအင်္ဂလိပ် အသံထွက်ကို မြန်မာလိုရေးထားတာ အကျိုးမရှိသလို နားလည်ရ၊ ဖတ်ရတာလည်းခက်လှပါတယ်။ အပိုင်း၂က ရှိုးရွမ်းဆိုတာကို တော်တော်စဉ်းစားယူရတယ်။ အင်္ဂလိပ်လိုလေး ထည့်ရေးပေးရင် စကားလုံးအသစ်အဖြစ် မှတ်သားနိုင်ပြီး နားလည်လွယ်တယ်လို့ထင်ပါတယ်။ မီဒီယာ နဲ့ ပေါ်လစီဆိုတာတွေကတော့ ထားပါ။ ဥပမာ - ဝေါလ်စထရိအောက်ကျူပိုင်း ဆိုတာမျိုးက နားလည်ရခက်ပါတယ်။
ဟုတ်ကဲ့ဗျာ။ နောက်ကို ဆင်ခြင်ပါ့မယ်။ ကျနော့် အင်္ဂလိပ်ဖေါင့် ပြန်ပြောင်းရမှာ ပျင်းကြောရှည်ပြီး အလွယ်ရေးမိတာပါ။ ရှိုးရွမ်း ကို အရောင်းပြခန်းလို့ရေးရတာထက်၊ ရှိုးရွမ်းလို့ရေးရတာ ပို အရပ်သုံးဆန်၊ ဝေါစထရိအောက်ကျူပိုင်းကိုလည်း ဒီအတိုင်း ခေါ်ဝေါ်သုံးစွဲ ကြတာ ပိုနားလည်လွယ်မယ် ထင်လို့ပါ။ ခုလို ဝေဖန်တဲ့အတွက် ကျေးဇူးပါ။
Delete