ပြန်လာမယ် . . .မေမေ . . .
ပတ်စ်ပို့မရှိတဲ့ ကျနော့်အဖို့
နိုင်ငံခြားခရီးဆိုလို့ နီးနီးနားနား ထိုင်းလိုနိုင်ငံမျိုးတောင်
မရောက်ဖူးဘူးလေ။ ဒီလို ဘာအတွေ့အကြုံမှ မရှိတဲ့ လူက အမေရိကားကို သွားရတော့
အတော့်ကို စွန့်စားခန်းပါပဲဗျာ။ သွားနေလာနေကျသူတွေဖြစ်တဲ့
ကိုမင်းထင်ကိုကိုကြီးတို့၊ ကိုမင်းထက်မောင် တို့ဆီမှာ ဆည်းပူရတယ်။
“
ခင်ဗျား ဘာဖြစ်ဖြစ် မေးဖို့ဝန်မလေးနဲ့ဗျာ..တွေ့တဲ့သူကို သာမေး..ဟိုမှာ
လေဆိပ်ကြီးတွေက အကျယ်ကြီးတွေဗျ တနေရာကနေ တနေရာကို ကူးတာကိုက မလွယ်ဘူး ”
ကိုမင်းထက်မောင်
ကို ချိန်း သူက အိုင်ဒဗလျူပီ ပြန်ဆိုတော့၊ အတွေ့အကြုံတွေကိုလည်း
မေးရပါသဗျာ။ သူက တနေကုန်တနေခန်း ရှင်းပြပါတယ်။ ဆိုးတာက ကျနော်က အင်္ဂလိပ်စာ
သိပ်ပြီး ပြောလေ့ပြောထ၊ ရေးလေ့ရေးထ မရှိတာပါပဲ။ ဒါပေမယ့် ကျနော်က
အင်မတန်မှ ရဲတင်းတဲ့ကောင်ပါ။ ဒါရိုက်တာအလုပ်ကိုလည်း ဘာသင်တန်းမှမတက်၊
ဘယ်သူ့ဆီမှာမှ မသင်ခဲ့ပဲ ရိုက်ခဲ့သလို၊ အင်္ဂလိပ်စာကို ကျောင်းက
ထွက်လာတဲ့နောက်ပိုင်း ဗီဒီယိုခွေတွေကို ကြည့်ပြီးသင်၊ ၀တ္ထုတွေဖတ်ပြီး သင်
နဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သင်ခဲ့တယ်။ ဒီတော့ ကျနော်ရေးတဲ့ အင်္ဂလိပ်စာဟာ
ဗလွတ်ရွှတ်တနိုင်တယ်။ တကယ့် ကျမ်းနဲ့ဂန်နဲ့သင်ထားတဲ့ ဂရမ်မာမှ
ဂရမ်မာဆိုတဲ့သူတွေ အင်မတန်မျက်စိကလောတယ်။ ကျနော်က
ဝတ္ထုစာအုပ်တွေနဲ့သင်ခဲ့တာလေ..။ အဲဒီလိုကောင် နိုင်ငံခြားသွားမယ် ဆိုတော့
မိတ်ဆွေတွေ ၀ိုင်းပူကြပန်ကြတာ မဆန်းပါဘူးလေ..။ မသွားခင်တရက်အလိုမှာ
ကိုမင်းထင်ကိုကိုကြီး၊ ကိုမင်းထက်မောင်၊
ကိုတိုးကြီး(တိုးကျော်လှိုင်)တို့နဲ့ နှုတ်ဆက်ပွဲလေးလုပ်ကြတယ်။
သူတို့ကြိုက်တဲ့အရည်တွေ တိုက်မယ် လို့ကျနော်ပြောထားတာ ကြာပေါ့။
ဒီသူငယ်ချင်းတွေဟာ ကျနော့်ထက်ကြီးကြတယ်။ ကျနော့်အပေါ်မှာလည်း ကောင်းလှတယ်။
အတော်အတန် အရှိန်ရလာတော့ ကိုမင်းထင်ကိုကိုကြီးက ထအော်တယ်။
“ ဟေ့လူ ခင်ဗျား ပြန်လာရမယ်..ခင်ဗျားကို မြန်မာပြည်က အလိုရှိတယ်” တဲ့။
ကျနော်က သူ့ပြောပုံကို ရယ်ချင်မိသွားတယ်။
“ ခင်ဗျားဟာကလည်း ဟိုးအရင်တုန်းက ရုပ်ရှင်ရုံတွေမှာ စာတန်းထိုးတဲ့ စစ်သားရုပ်နဲ့ တပ်မတော်က သင့်ကို အလိုရှိသည် ဆိုတာ ကျနေတာပဲ”
“ ဟုတ်သားပဲ”
အားလုံး တဟားဟားနဲ့ပွဲကျခဲ့ကြတယ်။ ကျနော်က သူ့ကို ဒီလိုပြန်မေးခဲ့တယ်။
“ ကျနော်က ပြန်လာပြီး ဘာလုပ်ရမှာလဲဗျာ.။ ဒီမင်းသား ဒီမင်းသမီးတွေနဲ့ ဒီလို ဇာတ်ကားတွေပဲ ပြန်ရိုက်ဖို့လား..”
“ ခင်ဗျားကို ဘယ်သူမှ မရိုက်ခိုင်းဘူး ခင်ဗျားမှာ တခြားအလုပ်မရှိဘူးလား”
“
ကျနော် ဖေ့စ်ဘွတ်ခ်မှာ စာရေးတယ်လေ.ကိုမင်းထင် ခင်ဗျားသိသားပဲ ဒါပေမယ့်
ကျနော့်စားဝတ်နေရေးအတွက် ကျနော့်မိသားစုအတွက် ဘယ်က ပိုက်ဆံနဲ့ ကျနော်နေရမလဲ
အဲဒီ မင်းသားမင်းသမီးတွေနဲ့ အဲဒီလို ယောက်ျားတယောက်နဲ့
မိန်းမတယောက်ချစ်တဲ့ကြိုက်တဲ့ ဇာတ်မျိုးတွေ ရိုက်ချင်ချင် မရိုက်ချင်ချင်
ရိုက်မှ ကျနော်ရပ်တည်လို့ရမယ်လေ..”
ကျနော့် အခြေအနေကို
သူသေချာမသိဘူး။ ကျနော်က ကိုတိုးကြီးကိုရှေ့ထားပြီးပဲ သူ့ဆီက
ပိုက်ဆံအမြဲချေးနေရတဲ့အကြောင်းကို ပြောပြလိုက်တယ်။ ကိုမင်းထင်
ငိုင်ကျသွားတယ်။ ကိုမင်းထက်မောင် အသံတိတ်သွားတယ်။
သူတို့အဲလောက်မသိခဲ့ကြဘူး။
“ ကျနော့်ဗျာ..အမေ ဆေးရုံတက်တော့ ပြာနေတာပဲ ..”
ပြောရင်း
ကျနော့်အသံတိမ်သွားတော့ သူတို့တွေ စိတ်ထိခိုက်ပြီး
မျက်စိမျက်နှာတွေပျက်လို့။ ဟဲဟဲ ဘေးကကြည့်ရင် ကျနော်အတော်
ရေချိန်ကိုက်နေပြီ အောင့်မေ့မှာဗျ။ ကျနော်က အဲဒီလိုပဲ
သောက်တဲ့လူတွေထက်ပိုဆိုးပါသဗျာ။ ခံစားစရာရှိလဲ ပိုခံစား၊
ပေါက်ကွဲစရာရှိလည်းပိုပေါက်ကွဲ ပါသေးတယ်။ တခါတလေများ
သူတို့တွေအရက်ဝယ်တာအတုမိရင် ဆိုင်ရှင်နဲ့ကျနော်နဲ့စကားထများသေးတယ်။
ရေသောက်ပြီးရမ်းတာ ဒါမျိုးထင်ပါရဲ့ဟားဟား။
ကိုမင်းထက်မောင်က ဘေးကနေ တတွတ်တွတ်သင်နေတယ်။
တချို့လေဆိပ်တွေက
ကြီးလွန်းလို့ တနေရာကနေ တနေရာ ရထားစီးပြီးကူးရတယ်။ သေချာနားထောင်။
ကျနော်တို့ ဒီလိုပဲ စကားတွေပြောပြီး ညတော်တော်နက်တဲ့အချိန်မှာ
လူချင်းခွဲခဲ့ကြတယ်။ တယေက်ကိုတယောက် ပခုံးတွေအားရပါးရဖက်ကြ။
“ ဘာပဲဖြစ်ဖြစ် ခင်ဗျား ပြန်လာဗျာ..ခင်ဗျားမရှိရင် ကျနော်တယောက်ထဲ ဖြစ်နေမှာဗျ..ရုပ်ရှင်လောကမှာ..”
ဒီတော့မှ
ရယ်လိုက်ကြရတာဗျာ..။ ဒီလူက ကျနော့်ကို မြန်မာပြည်ကအလိုရှိတယ် ဘာညာနဲ့
တကယ်က သူနဲ့ဓါတ်တူ ဇာတ်တူဆိုလို့ ဒီလူနဲ့ဒီလူ ပေါင်း ဒီ ၂ လူပဲ ရှိတာကနေ
တယောက်လျော့သွားရင်၊ သူတလူသာ ကျန်ခဲ့မှာစိုးရိမ်နေပုံရတယ်။ ဒါပေမယ့်
ကျနော်တို့ ရယ်သံတွေက ခြောက်ကပ်ကပ်ပါ။
“ ကျနော်ပြန်လာမှာပါဗျာ..”
ကိုတိုးကြီး ကတော့ ဘာတွေ အာရုံရသွားလဲမသိဘူး။
“ ခင်ဗျား ပြန်လာမှာပါ ကျနော်သိတယ် ”
လို့ လူချင်းခွဲခါနီး ကျနော့်ကိုသေချာကြည့်ပြီး ပြောလိုက်လေရဲ့။
ပြန်စရာအိမ်မရှိတော့တဲ့
ကျနော် အမေတို့အမတို့အိမ်ကိုပြန်ရတယ်။ သူတို့အိမ်ဧည့်ခန်းကျဉ်းကျဉ်းလေးထဲ
ကျနော့်စာအုပ်တွေနဲ့ ခြေချစရာမရှိတော့ဘူး။ အိမ်ရောင်းပြီး
ကျနော်စာအုပ်တွေရယ်၊ ကျနော့်ကွန်ပျူတာ၊ ပရင်တာရယ်ကိုပဲသယ်ခဲ့တယ်။
အမေတို့ဆီမှာလည်း နေရာသိပ်မပေးနိုင်ဘူးလေ။ ရှိသမျှ ပစ္စည်းတွေကို
အနီးအပါးကလူတွေ မေမေဆေးရုံတက်တုန်းဝိုင်းပြုစုခဲ့ကြတဲ့ သူတွေ ကို
ဝေခြမ်းပေးလိုက်တယ်။ အ၀တ်လျှော်စက်၊ ပေါင်မုန့်မီးကင်စက်၊ ဟော့ပလိတ်၊
ကက်ဆက်၊ အကုန် ယူကြဗျာ..။ သူ့လူနဲ့သူ အသုံးတည့်မယ် ထင်တဲ့သူတွေကို
ဝေငှပေးခဲ့တာ။ကျနော်ကိုးကွယ်တဲ့ဘုရားက ဥာဏ်တော် ၂ ပေခွဲတောင် ရှိတဲ့
ကြေးရုပ်ပွားတော်ကြီး၊ ဒါနဲ့ ရွှေဘုန်းပွင့်ဘုရားက ဂေါပက ကိုသွားလှူတယ်။
ဂေါပက က လက်သာခံတယ်။ အင်တင်တင်။ အလှူကို မတားကောင်းလို့သာ လက်ခံရပုံပါ။
သိတဲ့အတိုင်း ရွှေဘုန်းပွင့်ဘုရားမှာ ထားစရာနေရာ အင်မတန်ရှားလေတယ်။
လောလောဆယ် ဂေါပက ရုံးထဲထားခဲ့ ဆိုတဲ့ အတွက် ထားခဲ့ရတယ်။
ပစ္စလက္ခတ်ထင်ခံရမှာစိုးလို့ ဥာဏ်တော်ဖွင့်ပေးပါ ဆိုပြီး အလှူငွေ
သုံးသောင်းထည့်လိုက်ပါတယ်။
ကျနော့်ဘုရားဟာ ကြေးဘုရားပေမယ့်
ဗားမဲ့ဆရာတော်နည်းနဲ့ ဆေးတွေသုတ်ထားတော့ ကြေးဘုရားမှန်းတောင် မသိရဘူး။
ကျနော့်စိတ်ထဲ တမျိုးပေါ်လာပြီး အဲဒီဆေးတွေအကုန်ခွာ
ရောင်တော်ဖွင့်ပေးပါလို့ခိုင်းခဲ့တယ်။ ဒီ့အတွက် ငွေ သုံးသောင်းလှူတာပါ။
လိုရင် ထပ်ပြောပါခင်ဗျာ ဆိုပြီး ဖုန်းနံပါတ်လည်းပေးခဲ့ပါတယ်။
မြန်မာပြည်ကထွက်ခွာခါနီးတပါတ်လောက်အလိုမှာ
အောင်ပန်းသွားပြီး ဆရာဒဂုန်တာရာ့မှတ်တမ်းလေးပြေးရိုက်လိုက်၊
အဖွဲ့ပေါင်းစုံ၊ လူပေါင်းစုံနဲ့တွေ့လိုက်နဲ့ ကျနော်ဟာ
အမေ့နားမှာတော့ကောင်းကောင်းမနေဖြစ်ခဲ့ဘူး။ အမေက
ခြေထောက်ကျိုးလို့အိပ်ရာပေါ်မှာပက်လက်ကလေးလေ။
မေမေ့ကို
ဝှီးချဲလေးဝယ်ပေးခဲ့ ...တဲ့။ ရေချိုးချင်လို့တဲ့။
အဲဒီလောက်မအားရတဲ့ကြားထဲအချိန်လုပြီး ဆူးလေအေအေဖါမေစီ က အမေ့အတွက်
ဝှီးချဲဝယ်ပေးခဲ့တယ်။ မေမေ့ကိုစောင့်တဲ့ ဆရာမလေးခင်ဌေးဝင်းက ဦးလေးကို
အန်တီ့ထက် ဘာလို့အဖွားက ပိုချစ်တာလဲ ဆိုတာ သိပြီ တဲ့။
ဒီလောက်အလုပ်များနေတဲ့ကြားထဲက ၀ှီးချဲဝယ်လာခဲ့တယ်တဲ့။ ၀ှီးချဲကို
ဈေးအကြီးဆုံးဝှီးချဲဝယ်ပေးခဲ့တယ်။ နောက်လှန်လို့ရ၊ အိမ်သာသွားလို့ရ၊
အိပ်လို့၊ ခြေထောက်တင်လို့ရ။ မေမေ့အနားမှာ သားမရှိတုန်း
မေမေအဆင်ပြေပြေနေရအောင်ပေါ့။
ကျနော် ဒီရက်တွေထဲ အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့တွေ့တယ်။ လူတွေ တယောက်ပြီးတယောက်တွေ့တယ်။ အားလုံးက တသံတည်းကျနော့်ကို
မှာ ကြတယ်။
“ ဆရာချို ပြန်လာခဲ့နော်”
“
အကို ပြန်လာခဲ့နော်” တဲ့။၈၈ က မနု က ရော့တဲ့ လက်မှာပတ်တဲ့
လိပ်ပြာကလေးသုံးကောင်နဲ့ လက်ပတ်လေး တခု ပေးလိုက်တယ်။ အန်တီစု ပေးထားတာတဲ့။
ဆရာချို့ ကို ပြန်လာစေချင်လို့ တမင်ပေးတာတဲ့ဗျာ..ချည်မန်ကွင်း
ချီပေးလိုက်တဲ့အတိုင်းပဲ။
အိမ်မှာ မေမေက
အိပ်ရာမှာပက်လက်ကလေးလှဲနေတော့ မေမေ့အနားမှ ကျနော်ထိုင်ပြီး မေမေ သား
သွားတော့မှာ..မေမေနေကောင်းအောင် နေ နော် နဲ့ စကားပြောတော့ အမေကကျနော့်ကို
သေချာစေ့စေ့ကြည့်ပြီး ပြောလိုက်တယ်။
“ ပြန်မလာနဲ့” တဲ့။မေမေက မတ်တပ်တောင် မရပ်နိုင်သေးဘူး။ မေမေအနားမှာ သားမရှိစေချင်ဘူးလား မေမေ။
ကားရိုက်တွေ
ခဏခဏပျက်၊ သူလုပ်ချင်တဲ့ အနုပညာအလုပ်ကိုလည်း လုပ်ခွင့်မရတဲ့ သား၊ တခါတခါ
လာနေကျ ည ၈ နာရီမကနောက်ကျရင် အမေရင်တထိတ်ထိတ်နဲ့ အိပ်မပျော်ရတဲ့သား၊
ညပိုင်းရေဒီယို အင်တာဗျူးတွေကနေ အသံကြားရတဲ့အခါ နောက်နေ့တွေမှာ
တထိတ်ထိတ်နဲ့ နားစွင့်စေတဲ့သား ကို ဒီ ၇၄ နှစ် အရိုးပေါ်အရေတင်၊
တခေါင်းလုံးဖွေးဖွေးဖြူနေတဲ့ အမေက အနားမှာရှိဖို့တဲ့ လုံခြုံစေ့ချင်တယ်။
ပြန်မလာနဲ့ တဲ့။
အမက ၀င်ပြောတယ်။ ကြီးကြီးကြည် ကလည်း မှာလိုက်တယ် နင့်ကို ပြန်မလာနဲ့ တဲ့။
ကြီးကြီးကြည်က မေမေ့ရဲ့အမ ၈၄ နှစ်၊ သူလည်းအိမ်ပေါ်က အိမ်အောက်ကို လွယ်လွယ်နဲ့မဆင်းနိုင်တော့ဘူး။ ကြီးကြီးကြည်ကလည်း မှာလေတယ် တဲ့။
တမျိုးလုံးတဆွေလုံးက တထိတ်ထိတ်နဲ့ မနေချင်ကြတော့ဘူးထင်ပါရဲ့ဗျာ။
ကြားထဲတရက် ဂေါပက က ဖုန်းဆက်ပါတယ်။ ဘုရားကို ရောင်တော်ဖွင့်ထားတာ လာဖူးပါတဲ့။ ဓမ္မာရုံကြီးထဲမှာ ခေတ္တထားပါတယ် တဲ့။
ကျနော့်ဘုရားက တခါမှ ဒီလောက်သပ္ပါယ်တာ မဖူးဘူးခဲ့ဘူး။ ရွှေရောင်ကိုဝင်းလို့အိလို့။
လူအများကလည်း ပူဇော်ထားကြ တာ၊ ပန်းတွေဝေလို့၊ ရေချမ်းတွေနဲ့၊ မနက်အရုဏ်တက်မှာ ဆွမ်းတွေအလျှံပယ်နဲ့။ ကျနော် ရင်ထဲမှာ
ပူပန်မှုတွေ ပြေငြိမ်းပြီး ဦးချလိုက်တယ်။ ဘယ်လောက်ဒုက္ခရောက်ရောက် ဘုရားကို ဆွမ်းကပ်ခဲ့တယ်။ တခါတလေများ စားစရာမရှိရင်
သပိတ်ထဲ ရေနွေးကြမ်းအပြည့်ထည့် ပြီး ကပ်တယ်ဗျာ။ ပြီးတော့ အဲဒီရေနွေးကြမ်းကို သောက်ပြီးစာရေးခဲ့တယ်။
ယုံကြည်ချက်တွေအတွက်...အိပ်မက်တွေအတွက်...တပြားမှ မလျှော့နိုင်ဘူး။
ကျနော်အစိုးရိမ်ဆုံးက
ဘုရားကို ပစ္စလက္ခတ်ထားခဲ့ရမှာပါပဲ။ ခုတော့ စိတ်ထဲ
ငြိမ်းလို့ချမ်းလို့သွားပါပြီ။ ဘယ်လောက်အလုပ်များများ ကျနော် ညစဉ်ညတိုင်း
၁၀ နာရီကနေ ဘုရားပိတ်တဲ့ ၁၁ နာရီအထိ ရွှေဘုန်းပွင့်ဘုရားမှာ
တရားထိုင်လေ့ရှိပါတယ်။ ညရှုတင်ရှိတဲ့ တရက် တလေမှာသာ ကျနော် ပျက်တယ်။
မီဒီယာမှာ အင်တာဗျူးတွေစိတ်လေ၊ ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသား
ရေးသားဖို့လိုလေ..
ကျနော် တရားဖိထိုင်လေပဲ။ ဒါအားကိုးနဲ့မိုက်နေတာလို့ပြောလည်းရတယ်။
မေမေ့ကို
တခါပြောဖူးတယ်။ မေမေသားကို ဘာမှ စိတ်မပူနဲ့ သားကိုလာဖမ်းရင် လိုက်သွားမယ်
ထောင်ချရင် ထောင်ထဲမှာ တရားထိုင်မယ်၊ နှိပ်စက်ရင်လည်း
ဝေဒနာကိုမှတ်လို့ရတာပေါ့...လို့၊
အမေက မိုးကုတ်ယောဂီဆိုတော့ ကျနော်ပြောတာ နားလည်ပါတယ်။ ဒါပေမယ့် အမေဆိုတော့. . .မျက်နှာလေး ညှိုးညှိုးငယ်ငယ်နဲ့ပေါ့..။
ခု
သူ့ရဲ့ တဦးတည်းသော သားကို ...သူ သိပ်ချစ်ပါတယ် ဆိုတဲ့ သားကို . .
.ပြန်မလာနဲ့ တဲ့လား မေမေ. ..။ခု ကျနော် အဝေးမှာ ရောက်လို့နေတော့
ကျနော့်သားကို စကိုက်ပ်အကောင့်လေးလုပ်ခိုင်းပြီး ဗီဒီယိုချက်လုပ်ဖို့
ကြိုးစားကြတယ်။ ခဏကလေးဗျာ..တကယ့် ခဏကလေး ကွန်နက်ရှင်က ခဏကလေးပဲ
မိလိုက်လေရဲ့ မေမေ့ကို ကျနော် ခဏလေးမြင်လိုက်ရတယ်။ မေမေကလည်း
ကျနော့်ကိုတွေ့လိုက်တယ်တဲ့...မေမေ မေမေ နေကောင်းလား...မေမေ
မေမေကို့ကြည့်ရတာ ပိုပိန်သွားသလိုပဲ...မေမေချစ်တဲ့ သားကြီး အဝေးမှာ
ရောက်နေပြီ....ငှက်ကြီး ရဲ့ သီချင်းစာသားကို နားထဲ ကြားတယ်။မေမေ က ကျနော့်
ကို ပြန်မလာ နဲ့ တဲ့ . . .. . . .
ဒါပေမယ့် မေမေ့သားကို သူ့သူငယ်ချင်းတွေ၊ သူ့ရဲဘော်တွေက သူ့စာဖတ်တဲ့သူတွေက ပြန်လာခဲ့ပါတဲ့ မေမေရေ..
. . . . .ဘယ်တုန်းကမှ မေမေ့စကားကို နားမထောင်ခဲ့တဲ့ သားလေ...
. . .ဒီတခါလည်း . . .
ပြန်လာပါရစေ. .မေမေ . . .။ ။
ဆက်ပါမယ်
ချစ်ခင်စွာ
ချိုတူးဇော်
ဆန့်တငံ့ငံ့နဲ့။ ရေးရင် တခါထဲအပြီးရေးတာမဟုတ်ဘူး။ ဒီ feeling မျိုး မကြိုက်လို့ TV မှာလာတဲ့ Korea ကား ဘယ်တော့မှ မကြည့်ဘူး။ အားလုံးပြီးမှ အပြင်မှာ DVD ၀ယ်ကြည့်တာ။ အခုတော့ ၀င်ဖတ်မိတာ မှားပါတယ်။။ စောင့်ပြီးဖတ်ရတော့မယ်။
ReplyDelete