လက်တကမ်းအလို. . .
နောက်နေ့ ချိန်းတဲ့ရက်ရောက်တော့
ဇွဲလုံလ-၀ိရီယထက်သန်စွာနဲ့ ကျနော် ကိုဇော်ဝင်းရှိရာလာခဲ့တော့ စားပွဲခုံမှာ
အရှင်းသားအလင်းသားသာတွေ့ရပါတယ်။ ကိုဇော်ဝင်းတယောက်မရှိပါဘူး။ ဒီလိုနဲ့
သူ့ကိုတွေ့ချင်လို့စောင့်နေကြတဲ့ လူတွေသာ တဖြည်းဖြည်းများလာပါတယ်။ ဘေးက
စားပွဲက ရဲအရာရှိတချို့ကိုမေးပေမယ့် ကိုဇော်ဝင်းတယောက် တခြားတာဝန်နဲ့
အလုပ်များနေတယ် ညနေလောက်မှ ဒီစားပွဲကိုပြန်လာနိုင်မယ်ထင်တယ် လို့ပြောပါတယ်။
ဘာတခုမှ ရေရေရာရာ ပြောနိုင်တဲ့သူမရှိပါဘူး။
ကျနော်နဲ့အတူ
ထိုင်စောင့်နေတဲ့ ဘလက်ခ်လစ်စ် တရုတ်မကြီးဟာ စိတ်မရှည်နိုင်တော့ပဲ၊ ထ ပြီး
တရုံးလုံးပတ် ရဲအုပ်ကိုဇော်ဝင်းကို ရှာပုံတော်ဖွင့်ပါလေတော့တယ်။
လဘက်ရည်ဆိုင်ထိုင်နေတယ် အောင်မေ့လို့ဆိုပဲ။ သူ့ကြည့်ရတာ
မြန်မာရုံးရည်အတော်ဝ ဟန်တူလေရဲ့။ခနအကြာမှာတော့ ပြန်လာပြီး“ဟုတ်တယ် ဟုတ်တယ်
ကိုဇော်ဝင်း မှာ လူတွေကို အုံခဲနေတာပဲ လက်မှတ်တွေထိုးပေးနေရတယ်”
လို့ပြန်ပြောပါတယ်။ ကျနော်ကတော့ရှေ့ ၂ ရက် ၃ ရက်လောက်
ကိုဇော်ဝင်းကိုအကဲခတ်ပြီးသားမို့ သူတာဝန်ချိန်မှာ ဒီလိုလုပ်လိမ့်မယ်
လို့မထင်ထားခဲ့ပါဘူး။ဒီလိုနဲ့ စောင့်သူတွေ ဆက်စောင့်ကြ၊
ပြန်သူတွေပြန်ကြနဲ့။
စောင့်သူတွေအချင်းချင်း မြန်မာပီပီ
စကားတွေလက်ဆုံကျကြသပေါ့ဗျာ။ တ၀ါးဝါး တဟားဟားနဲ့၊ သူကဖြင့်ဘယ်လို
ဘလက်ခ်လစ်စ်၊ ငါကဖြင့် ဘယ်လို ဘလက်ခ်လစ်စ်နဲ့..။ ဘလက်ခ်လစ်စ် ဋီကာတွေကလည်း
စုံပါ့။နောက်ဆုံး ၀ိုင်းက စည်ကားလွန်းလို့ ဘေးစားပွဲတွေက
ရဲအရာရှိတွေကတောင်“ အင်း ကိုဇော်ဝင်းရဲ့ ဘလက်ခ်လစ်စ်တွေ
သူတို့အချင်းချင်းတောင် မိတ်ဆွေတွေဖြစ် ပြောဆိုရယ်မောနေကြပါလား” တဲ့။
ဟားဟား ကျနော်တို့မြန်မာတွေက အဲဒီလိုမျိုးပါပဲ၊ စိတ်ညစ်စရာရှိလည်း
ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့လေ။
တကယ်ဆို
ကျနော်တို့အားလုံး ဘလက်ခ်လစ်စ် နာမည်ပျက်စာရင်းသွင်းခံရလို့၊
အဆင်မပြေဖြစ်နေကြတဲ့အချိန်လေ..။ ဒါပေမယ့်လည်း ထုသားပေသား ကျကြပုံများ
ရယ်လိုက်မောလိုက်နဲ့။ ရိုးနေပြီ
လို့ပြောရမှာပါပဲ။ဒီလိုနဲ့ညနေစောင်းလောက်ကျတော့
အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ဇာတ်လိုက်ကျော် ကိုဇော်ဝင်းရောက်လာလေရဲ့။
ထုံးစံအတိုင်း ပြုံးပြုံးပြုံးပြုံးနဲ့။ ကျနော့်ဗျာ ထမင်းတောင်
မစားရသေးပါဘူးတဲ့။ ဒီတော့ မြန်မာများပီပီ၊
ထမင်းအရင်စားဖို့တိုက်တွန်းကြလေရဲ့။ အဲဒီမှာ ဘလက် ခ်လစ်စ် တရုတ်မကြီးက
တစခန်းထပါတော့တယ်။
“ ဆရာတို့ ရုံးက ဆိုင်က အရမ်းညစ်ပတ်တယ်။
ဆက်ဆံရေးလည်း အရမ်းညံ့တယ် ကျမ ခု ဗိုက်တောင်အောင့်နေတယ် ဆိုင်ကအဲဒီ
တဆိုင်ထဲမို့ မစားချင်လို့ ” တဲ့။
ဟုတ်ပ။ အဲဒီလောက်
လူတွေအများကြီးလာတဲ့ ရုံးမှာ စနစ်တကျ ကန်တင်းမရှိဘူး၊ ပြောလက်စ
ပြောရပါမယ်။ အိမ်သာတောင် မရှိဘူး၊၀င်းထဲ ဖြစ်သလို၊
ယာယီအိမ်သာလုပ်ပေးထားတယ်။ မိုးရွာလိုက်တော့ ဗွက်ပေါက်လို့။
စားသောက်ဆိုင်ကလည်းဗျာ။ ထိုင်စရာလုံလုံလောက်လောက်မရှိ၊ ဆက်ဆံရေးညံ့၊
အစားအသောက်ညံ့၊ ဖြစ်ကတတ်ဆန်း၊ ပြောရင် စားဖို့နားဖို့လာတာလားလို့
မေးတတ်ပါဦးမယ်။ ဒါမျိုးကြုံခဲ့ဖူးတော့သိတယ်။ ဒီလိုစဉ်းစားတာဟာ လူကို
တန်ဖိုးထားရကောင်းမှန်းမသိလို့၊လူတွေ ဘယ်လိုသက်သောင့်သက်သာ လုပ်နိုင်အောင်၊
လာနိုင်အောင် ဘယ်လို အကောင်းဆုံးဝန်ဆောင်မှုပေးမယ်လို့ မစဉ်းစားသရွေ့
ကျနော်တို့တိုင်းပြည် မတိုးတက်နိုင်ဘူး။ တိုင်းပြည်က ဆင်းရဲသေးလို့ ဆင်းရဲ
ချွေတာရမယ် ဆိုတာ မှားယွင်းတဲ့ အမြင်ပါ။ ချမ်းချမ်းသာသာနေထိုင်လုပ်ကိုင်မှ
ချမ်းသာဖို့ကို အားထုတ်ပါတယ်။ ကျနော်ကိုယ်နှိုက်က အရင်က အဲဒီလိုမြင်ထင်
ခံယူခဲ့ပေမယ့် ခုသဘောပေါက်လာတာက လူ တဦးချင်းတယောက်ချင်းရဲ့
တန်ဖိုးကိုမြှင့်ပေး နိုင်မှ အဲဒီလူ့အဖွဲ့အစည်းတန်ဖိုးမြင့်လာမယ်ဆိုတာပါ။
စင်္ကာပူမှာ
ရုံးတိုင်းကို အဲယားကွန်ဒီးရှင်းစနစ်တွေနဲ့ သက်သောင့်သက်သာ ဖြစ်အောင်
စီစဉ်ခိုင်းသတဲ့။ အဲဒီအခါ ကုန်ထုတ်လုပ်မှုတွေ၊ ၀န်ဆောင်မှုတွေ ပိုမြင့်လာတာ
တွေ့ရပါတယ်တဲ့။ ကျနော်တို့ဆီက ရုံးတွေကတော့ ညစ်ထပ်ထပ် စုတ်တီးစုတ်ဖတ်၊
ရေကိုမူလ ချွေတာကြ၊
လျှစ်စစ်ကိုပါချွေတာပါ လုပ်နေတုန်းပါ။
အသစ်ချပ်ချွတ် နေပြည်တော်ရုံးကြီးတွေလည်း သာယာပျော်မွေ့ဖွယ်မရှိတာတော့
အမှန်ပါပဲ။ခု အမေရိကမှာ ရုံးတိုင်း အဆောက်အဦ တိုင်းကို အင်မတန်မှ
ဂရုစိုက်လေရဲ့။ နေရာတိုင်းမှာ အလှအပစိတ်ကြည်နူးအောင် ပြင်ဆင်ထားတယ်။
မြို့ကိုလည်း
ဂရုတစိုက်နဲ့။ ဒါဟာ လူတွေရဲ့ စိတ်နှလုံးတွေကို နူးညံ့စေ၊ အလုပ်လုပ်ရမှာ
ပိုမိုပျော်မွေ့စေတယ်။ သြော် ကျနော်တို့လူတွေ ဒီလိုဘယ်တော့မှများ
နေရပါ့ဗျာ..။
ကိုဇော်ဝင်း နဲ့ ရယ်လို့မောလို့ ပြဿနာတွေ
တခုပြီးတခု ရှင်းရင်း ကျနော့်အလှည့်ကျတော့ လုပ်ရမယ့် ပုံစံတွေ၊
ရေးရမယ့်စာတွေ သူက ရှင်းပြ ကြောင်းပြတယ်။ ဒီလိုနဲ့ကျနော်က
ပြင်ဆင်လာတာတွေနဲ့ ပြင်ဆင်ကြပြီး နောက် တရက်ချိန်းပြန်ပါလေတယ်။ ဂျူလိုင်
ဒုတိယပတ်ရောက်နေပြီဆိုတော့ ကျနော် တော်တော်စိတ်ပူနေပါပြီ။ ပရိုဂရမ်က ၁
ပတ်၊ ၂ ပတ်လောက် နောက်ကျလို့ရတယ် ဆိုပေမယ့် ကျနော်နောက်မကျချင်ပါဘူး။
ကျနော်အရင်ဆုံးလုပ်ရမှာ..အသနားခံလွှာတင်ရမယ်တဲ့။
အဲဒီအသနားခံလွှာနဲ့ ကျနော့်ရဲ့ဘလက်ခ်လစ်စ်ကို
စစ်ဆေးပြီးကြောင်းကိုဇော်ဝင်းရဲ့ ထောက်ခံစာ၊
ကျနော့်ရဲ့ပြန်ဖြေရှင်းစာတွေနဲ့တင်၊ ပြီးရင် ဘုတ်အဖွဲ့အစည်းအဝေး၊
ဒုဝန်ကြီးကိုယ်တိုင် ဆုံးဖြတ်တယ်ဆိုပဲ၊ မှာ ကြားနာမယ်ပေါ့။ တခုရှိသေးတာက
အဲဒီ ဘုတ်အဖွဲ့အစည်းအဝေးက တလ ကို ၁ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ်လုပ်တတ်ပေမယ့်
ပုံမှန်မဟုတ်ဘူးတဲ့။ အင်း..နောက်အပတ်ထဲ ဘုတ်အစည်းအဝေး ရှိသည့်တိုင်..၊
မီပါ့မလား..လို့ ကျနော် အင်မတန်မှ စိတ်ပူနေပါတော့တယ်။
ဒီလိုနဲ့
သိတဲ့ ပတ်စ်ပို့ပွဲစားတယောက်ကို ဖုန်းဆက်ပြီးမေးကြည့်တော့
လမ်းကြောင်းတခုတော့ ရှိတယ်၊ ၄ ရက် အကြာဆုံး ၅ ရက်အတွင်းကျမယ်တဲ့။ ကျနော်
စိတ်ဝင်စားပြီး သူ့အိမ်ကိုသွားမေးလိုက်ပါတယ်။အိမ်ထောင်စု ဇယားအတု၊
မှတ်ပုံတင်အတုနဲ့ လုပ်ရမယ်၊ အဓိက ကျနော့်နာမည် က အစ
ပြောင်းရမယ်တဲ့။အိမ်ထောင်စု ဇယားတို့ မှတ်ပုံတင်တို့ဆိုတာ အတုဆိုပေမယ့်
မြေ၀ယ်တာကလွဲရင် အကုန်လုပ်လို့ရတယ်။ အားလုံး လ၀က တံဆိပ်အစစ်နဲ့
အစစ်တွေချည်းပဲတဲ့။အင်း တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ။
ဒါပေမယ့်
ကျနော်က အိုင်ဒဗလျူပီကို ကျနော့်နာမည်အမှန်၊
အချက်အလက်မှန်တွေနဲ့လျှောက်ထားတာ။ သံရုံးကကော ပရိုဂရမ်ကကော
ဒေတာအတုနဲ့ပတ်စ်ပို့ကိုလက်ခံမယ်မထင်။ နောက် ကျနော်
ပုန်းလျှိုးကွယ်လျှိုးမသွားချင်၊ ကျနော် တရားဝင်သွားပြီး၊
တရားဝင်ပြန်လာချင်။ ကျနော်ဘာမှ မလိမ်ချင်။ အထူးသဖြင့်
ကျနော်တို့အနုပညာသမားဆိုတာ နာမည်လေးတလုံးနဲ့
ရပ်တည်ရတာ။အဂတိကိုဆန့်ကျင်ကြောင်း တရားဝင်အတိအလင်း ကြေညာရေးသားနေတဲ့
စာရေးဆရာက ဒေတာအတုနဲ့ ဘယ်လိုလုပ် နိုင်ငံတကာ စာရေးတဲ့ပွဲ
ကိုတက်မလဲဗျာ..။ဒါပေမယ့် ပုံမှန်နည်းနဲ့ အချိန်မီပါတော့မလား..ဇူလိုင်လ ၂
ပတ်ထဲ ရောက်နေပြီလေ...။ ။
ဆက်ပါ့မယ်
ချစ်ခင်စွာ
ချိုတူးဇော်
No comments:
Post a Comment