Friday, September 6, 2019

" မီဒီယာများ တည်ဆောက်နေသော ဗမာလူမျိုးကြီးဖက်ဒရယ်ပြည်ထောင်စု "


ကျနော်တို့ ပြည်မသား တချို့ဗမာတွေ ဖြစ်နေပုံက သူတပါးဆီက မတရား လှည့်ဖျားရယူ ခိုးယူ လုယက်ထားတဲ့ ပစ္စည်း၊ ပိုင်ရှင်စစ်က ပြန်တောင်းတာ၊ တောင်းမှာကို မအိပ်မစားနိုင်ကြောင့်ကြနေကြတာနဲ့တူတယ်။

ဝ ဒေသနဲ့ပါတ်သက်ပြီး တိုင်းပြည်ရဲ့ နားမျက်စိတာဝန်ယူထားတဲ့ မီဒီယာတွေကိုယ်တိုင်က တလွဲတွေ ရေးသားနေကြတယ်။
"သေနတ်တချက်မှ မဖေါက်ရဘဲ စင်္ကာပူထက် သုံးဆကျယ်သောနယ်မြေကို သိမ်းသွားခြင်း"
တို့၊
" နယ်ချဲ့သစ် ဝ " တို့။

နယ်ချဲ့ပြောရအောင် သူ့ဒေသမှာပဲ သူနေနေတာ မဟုတ်ဘူးလား။ ဝ က အဲဒီမှာ မွေး၊ အဲဒီမှာ ကြီး တဲ့ အဲဒီဒေသသားစစ်စစ်တွေလေ။
နယ်ချဲ့တယ် ပြောရကြေးဆို ဗမာတွေကိုသာ ပြောရမပေါ့။
ဝ တွေဟာ ဆင်းရဲနိမ့်ပါး အဖိအနှိပ်ခံနင်းပြားဘဝကနေ သူ့ဖါသာ ကြမ်းတမ်းလှတဲ့သမိုင်းကြောင်းတွေကို ဖြတ်သန်းပြီး ဝ ပြည်ပြန်လည်ထူထောင်ရေး လုပ်ခဲ့တယ်။ ဒီကနေ့မြင်ရတဲ့ ပန်ဆန်းဒေသ ဖြစ်လာဖို့ ဝ လူမျိုးတွေရဲ့ သွေး၊ ချွေး၊ မျက်ရည်များစွာ ပေးဆပ်ခဲ့ရတယ်။
ဝ တွေရဲ့ ခါးသီးတဲ့ သမိုင်းအတွေ့အကြုံတွေကြောင့် ကာကွယ်ရေးကို အားကောင်းအောင်တည်ဆောက်တယ်။
ဝ ပြည်မှာ တရုတ်စာသင် တရုတ်စကားပြောတော့ ပြည်ထောင်စု ကို သစ္စာမဲ့တယ် စွပ်စွဲခံရပြန်တယ်။ တသက်လုံး တရုတ်နယ်စပ်နားမှာ နေလာတဲ့ ဝ အဖို့ တရုတ်နဲ့ ပိုနီးစပ်တာ အမှန်ပဲ။
တရုတ်စာမသင်ရင် မြန်မာစာသင်တော့ကော ဝ ကလေးတယောက်အတွက် မိခင်ဘာသာစကားမဟုတ်တဲ့အတွက် ဒုက္ခအကြီးအကျယ်ရောက်ရတာပဲ ဖြစ်တယ်။

ဘယ်အချိန်မှာ ဘယ်လိုသဘောဆန္ဒတွေနဲ့ ဘယ်သူတွေ က ဝ တွေကို သူတို့ပိုင်ဆိုင်မှုတံတိုင်းထဲ ထည့်ခတ်၊ သူတို့သြဇာခံ၊ သူတို့သဘောဆန္ဒအတိုင်းနေ လို့ ပြဌာန်းနေကြသလဲ။
ဝ တွေဟာ အသက်ခန္ဓာကိုယ်နဲ့ လူသားတွေဖြစ်တယ်။ ဝ တွေဟာ ကျေးကျွန်တွေလည်း မဟုတ်သလို ဘယ်လူမျိုးရဲ့သြဇာခံ၊ ဘယ်လူမျိုးရဲ့ ပိုင်ဆိုင်မှုလည်း မဟုတ်။
ဒီတော့ ဝ တွေရဲ့ နေထိုင်မှု ပုံစံကို ဝ တွေသဘောကျ ရွေးချယ်ပိုင်ခွင့် ရှိတယ်။
ရှိရမယ်။ ရှိသင့်တယ်။

ဒါကို ဒါ ငတို့ဗမာပြည်ပိုင်နက်၊ ငတို့စာပဲ သင်ရမယ်၊ ငတို့စကားပဲ ပြောရမယ်၊ ငတို့လက်အောက်ခံ ငတို့ သဘောတူညီမှ လုပ်ပိုင်ခွင့်ရှိတယ် သတ်မှတ်လာရင် ဘယ်သူက နယ်ချဲ့လဲ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

ဝ က မန္တလေး ကို ဝင်လာပြီး ဝ စာ၊ ဝ စကား ပြဌာန်း၊ အရာရာ ဝ သဘောနဲ့ စီမံခန့်ခွဲအုပ်ချုပ်မယ် ဆိုရင်ကော ခင်ဗျားတို့ သဘောကျမတဲ့လား။

ခက်ရချီရဲ့။
လိုချင်လိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလဲ တပြားမှ မလျှော့ဘူး။
ပြောနေ ဆိုနေ ရေးသားနေတာကလဲ လူမျိုးကြီး၊ အစွန်းရောက် နိုင့်ထက်စီးနင်းစိတ်တွေ ပြည့်လို့။

ချိုတူးဇော်
Aung Zaw Min

" ပြည်မသား ဗမာတိုင်း ထမ်းရမယ့် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ တာဝန် "


" တိုင်းရင်းသားတွေမှာ အချိန်မရွေးခွဲထွက်ခွင့်ရှိတယ်။ ခွဲထွက်ချင်စိတ် မရှိအောင် လုပ်ရမှာ ဗမာတွေရဲ့ တာဝန်ပဲ "

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လှပါချီရဲ့ဆိုတဲ့ ဗမာတွေဟာ သူ့ရဲ့တန်ဖိုးကြီးလှတဲ့ ဒီစိတ်ဓါတ်မျိုးကိုကျတော့ ချောင်ထိုးထားကြတယ်။

ဦးနေဝင်း ဖျက်စီးခဲ့တဲ့ သန္ဓေဆိုး "ခွဲမထွက်ရ၊ ခွဲထွက်ရင် စစ်ခင်းမယ် " ဆိုတာကြီးကို ဆုပ်ကိုင်ထားနေကြတယ်။

ပင်လုံစာချုပ်ချုပ်ဆိုပြီး ၁၉၄၇ အက်ဥပဒေရေးဆွဲတဲ့အခါမှာ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည် ဆိုတဲ့ အချက်ကို အတိအလင်းထည့်သွင်းရေးဆွဲခဲ့တယ်။

ဒီထည့်သွင်းချက် အဲဒီကတည်းက မဟာဗမာစိတ်ရှိတဲ့ နိုင်ငံရေးသမားတွေက ကန့်ကွက်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လက်မခံဘဲ ထည့်သွင်းခဲ့တယ်။

ဒါဟာ ဒီပြည်ထောင်စုဟာ "သေနတ်မိုးပြီး မခွဲထွက်ရ၊ ခွဲထွက်ပိုင်ခွင့်မရှိ" လို့ ခြိမ်းခြောက်ပေါင်းစည်းထားတာမျိုးမဟုတ်ဘဲ၊ လွတ်လပ်သော ပြည်ထောင်များက ခွဲထွက်ပိုင်ခွင့်ရှိပါလျှက် အပြန်အလှန်ယုံကြည်ကိုးစား ချစ်ခင်လေးစားမှုများနဲ့ ပေါင်းစည်းကြပါသော အင်မတန်တန်ဖိုးမြင့် ပြည်ထောင်စုတရပ်" အဖြစ်ကို ရအောင် အမျှော်အမြင်ကြီးမားစွာ ထည့်သွင်းပေးခဲ့တာပါပဲ။

လက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဥပမာပြုကြည့်ပါ။
ဟိုးမြောက်ပိုင်းက ကချင်၊ ဝ၊ တအန်း၊ ကိုးကန့်၊ နဲ့ ဟိုးအနောက်ဘက်က ရခိုင်တို့ဟာ သူတို့ကို ဖိနှိပ်နေတဲ့ ဘုံရန်သူစစ်အုပ်စုကို တွန်းလှန်ဖို့ တူညီသော စိတ်ဝမ်းနဲ့ တွဲလက်တွေ ကျစ်ကျစ်ပါအောင်ဆုပ်ထားကြတယ်။ ပုခုံးချင်းယှဉ်ပြီး အတူအသေခံ တိုက်ပွဲဝင်ကြတယ်။
ဒါဟာ "ပြည်ထောင်စုစိတ်ဓါတ်" ပါပဲ။

ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ငတို့သြဇာခံရမယ်၊ ငတို့စာသင်ရမယ်၊ ငတို့စကားပြောရမယ်၊ ငတို့စီမံခန့်ခွဲအုပ်ချုပ်သလိုနေရမယ် လို့ အောင်မေ့နေတဲ့သူတွေ သေချာ အလေးအနက်ဆင်ခြင်ကြဖို့ပါ။
ကချင်က ကချင်စကားပဲပြောတယ်၊ ကချင်စာပဲ သင်တယ်၊ တအန်း၊ ဝ၊ ကိုးကန့်၊ ရခိုင်တို့လည်း ကိုယ့်စကားပဲကိုယ်ပြော၊ ကိုယ့်စာပဲ ကိုယ်သင်၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေကြတယ်။ ဒါပေမဲ့ သူတို့အကြားမှာ အပြန်အလှန်ချစ်ကြည်လေးစားမှု၊ တဦးကိုတဦး သစ္စာစောင့်သိမှုတွေ ရှိကြတယ်။
ဗမာလူမျိုးကြီးဝါဒ ဆိုတာ မရှိပါဘူး၊ ဗမာတွေဟာ တိုင်းရင်းသားတွေကို မနှိမ့်ချပါဘူး၊ တန်းတူရည်မျှသဘောထားပါတယ် တွင်တွင်ပြောနေကြပေမဲ့ ပြည်မသားတွေဟာ ဝ တွေ တရုတ်စာသင်၊ တရုတ်စကားပြောတော့ ဆွေ့ဆွေ့ခုန်ကြတယ်။
ဝ တွေ လက်နက်ကိုင်အင်အားတည်ဆောက်တော့ မကျေမချမ်းဖြစ်ကြတယ်။
ဝ တွေကို ဗမာလိုပြော၊ ဗမာစာသင်ပြီး ဗမာသစ္စာခံမှ ပြည်ထောင်စုစိတ်ဓါတ်ရှိတယ် အောင်မေ့နေကြတယ်။

ခင်ဗျားတို့ တက်တက်စင်အောင် မှားနေတယ်။

ဖက်ဒရယ်ပြည်ထောင်စု ကို လိုချင်လှပါရဲ့ ဆိုပြီး ရေးနေ ပြောနေကြပြီး၊ " ပြည်ထောင်စု" နဲ့ "စစ်အင်ပါယာ" လေ ဝမ်းမကွဲ ဖြစ်နေကြတယ်။
ဒါဟာလည်း ပြည်မသားဗမာပြည်သူတွေ ရဲ့ အတွင်းစိတ်သဘောနိမ့်ကျလို့ မဟုတ်ဘူး လို့ ကျနော်မြင်ပါတယ်။ ဒီတိုင်းပြည်ရဲ့ ပညာရေးစနစ်ဟာ အင်မတန်ဆိုးရွားလှစွာ တဘက်စောင်းနင်း ပြဌာန်းသင်ကြားခဲ့တဲ့အတွက် ပြည်သူအများစုရဲ့ တွေးမြင်စဉ်းစားမှုတွေဟာ ကျဉ်းမြောင်း လွဲချော်ကုန်ကြတယ်။

ပြည်ထောင်စု ပုံစံ လေ့လာဖို့ အိမ်နီးနားချင်းအိန္ဒိယ လောက်ကို ဥပမာယူနိုင်ရင် နားလည်လာမှာ ဖြစ်တယ်။
အိန္ဒိယဟာ မြန်မာပြည်ထက် လူမျိုးပေါင်းရာချီများတယ်။ ဘာသာစကားတွေလည်း အများကြီး။ စာပေတွေလည်းအများကြီး။ ဒီတော့ ရုံးသုံးဘာသာစကားကို အင်္ဂလိပ်စာ ကို ပြဌာန်းလိုက်ရတယ်။
လူမျိုးစုတမျိုးချင်းရဲ့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ ပြည်နယ်အလိုက် ပြဌာန်းထားတယ်။
အမေရိကား မှာဆိုလည်း ပြည်နယ်တိုင်းမှာ ဖွဲ့စည်းပုံဥပဒေကိုယ်စီရှိတယ်။

လူလူချင်းပေါင်းတာ အပြန်အလှန်လေးစားမှု လိုတယ်။ မြန်မာပြည်သားတွေဟာ ပညာရေးစနစ်မကောင်းတော့ ဒါကိုလဲ မသိကြ၊ မကျေညက်ကြဘူး။
အပြန်အလှန်လေးစားမှုပျောက်ကွယ်ရင် ပြည်ထောင်စုရေးမပြောနဲ့ အိမ်ထောင်ရေးတောင် အဆင်မပြေဘူး။

ကျနော်တို့ပညာရေးဟာ
အပြန်အလှန်ပေါင်းသင်းဆက်ဆံရေး၊
အသင်းအဖွဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ကို သင်ကြားလေ့ကျင့်ပေးနိုင်မှု မရှိတဲ့အပြင်၊
တဦးကောင်းတယောက်ကောင်း ပြိုင်ဆိုင်မှုစိတ်ဓါတ်တွေ မြင့်အောင် တွန်းပို့ခဲ့တယ်။
စာမေးပွဲစနစ်တွေ၊ အမှတ်နဲ့ သတ်မှတ်တဲ့ စနစ်တွေကလည်း ကျနော်တို့ကို ကိုယ်ကျိုးစီးပွားအတ္တကြီး လူ့အဖွဲ့အစည်းဖြစ်အောင် တွန်းပို့ခဲ့တယ်။

မူလ အင်မတန်ရက်ရောဖေါ်ရွေရိုင်းပင်းကူညီတတ်သော စေတနာထက်သန်လူမျိုးတွေ ဖြစ်ပါလျှက်နဲ့ အုပ်ချုပ်သူလူတန်းစားအဆက်ဆက်ရဲ့ လောဘတွေ၊ အတ္တတွေ၊ မာနတွေ အောက်မှာ မြန်မာလူ့အဖွဲ့အစည်းဟာ ပုံးပန်းသဏ္ဍန်ပျက်ယွင်းနေသော လူ့အဖွဲ့အစည်း ဖြစ်ခဲ့ရတယ်။

ဒီလို မှားယွင်းစနစ်တွေ၊ ပညာရေးတွေကြောင့် လွတ်လပ်ရေး ရပြီး နှစ် ၇၀ ကျော်လာသည့်တိုင် တိုင်းပြည်ကြီးဟာ စစ်မီးမငြိမ်းနိုင်ဘဲ ဆင်းရဲနွံက ရုန်းမရအောင် ဖြစ်နေတယ်။

မြန်မာပြည်သားတိုင်း ငတ်မွတ်စွာ လိုလားတောင့်တနေတဲ့အရာက တိုင်းပြည်ကို ငြိမ်းချမ်းပြီး တိုးတက်ဖွံ့ဖြိုးချမ်းသာချင်တာပဲ ဖြစ်တယ်။
ပြည်မသားဗမာတွေဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ ခွဲခြားနှိမ့်ချလိုစိတ်မရှိကြ၊ ချစ်ခင်လေးစားမှု ရှိကြသူတွေချည်းပဲ ဖြစ်ပါတယ်။
ပြဿနာက ပညာရေးစနစ်က လွဲမှားစွာရိုက်သွင်းထားတော့ သမိုင်းကိုလည်း တည့်မတ်စွာ မမြင် မသုံးသပ်တတ်ကြဘူး။
အလောင်းမင်းတရားကြီးသည် ဟံသာဝတီကို သိမ်းပိုက်ခဲ့သည် ဆိုတာမျိုး၊ ဘုရင့်နောင်မင်းကြီးသည် ယိုးဒယားကို သိမ်းပိုက်ခဲ့သည် ဆိုတာမျိုးကို ဂုဏ်ယူစရာအောင့်မေ့ သင်ယူကျက်မှတ်နေကြတယ်။
စစ်အင်အားနဲ့ မတရားနယ်ချဲ့ကျူးကျော်ခြင်းဟာ ဓါးပြတိုက်ခြင်းတမျိုးပဲ လို့ ရှက်ရွံ့ရမှာကို သင်ကြားမခံရဘူး။
ပဒေသရာဇ်လူ့အဖွဲ့အစည်းရဲ့ ရွံရှာစရာ လုပ်ရပ်တွေကို ယဉ်ကျေးသောဒီမိုကရေစီလူ့အဖွဲ့အစည်းစံ နဲ့ တည့်မတ်စွာ ရှုမြင်သုံးသပ်တတ်အောင် မသင်ကြားခံခဲ့ရဘူး။

ဒေါက်တာမတင်ဝင်း လို ပညာရေးပါရဂူ ဘွဲ့ရ ပညာတတ်မျိုးက အစ၊ ဒီလို သုံးစားမရတဲ့ အမြင်မျိုး ရှိခဲ့တယ်။
ခုထိကို ပညာတတ် ဆိုတဲ့ လူတန်းစားတွေထဲမှာကို "ဒီတိုင်းပြည်ကြီး ကို ဗမာတွေ ဦးဆောင် ထူထောင်ထားတာ" ဆိုတဲ့ အမြင်စောင်းတွေ စွဲမှတ် ဆုပ်ကိုင်ထားကြတယ်။

ဒါတွေကြောင့်ပဲ ဒီတိုင်းပြည်ဟာ စစ်မီးမငြိမ်းနိုင် ဖြစ်နေရတာ ဖြစ်တယ်။

သမိုင်းတလျှောက် ပုဂံခေတ် က စပြီး မြန်မာနိုင်ငံ ထူထောင် ခဲ့တဲ့ အချိန်က စ ပြီး၊ ဒီဒေသကြီး မငြိမ်းချမ်းတော့တာ ခုထိတိုင်အောင်ပါပဲ။
ပထမမြန်မာနိုင်ငံ ပုဂံ ထူထောင်တယ်။ သထုံ ကို စစ်သွားတိုက်၊ ပိဋကပ်သုံးပုံလု။
ဒုတိယမြန်မာနိုင်ငံ ဘုရင့်နောင်၊
တတိယမြန်မာနိုင်ငံ အလောင်းဘုရား
လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ထက်တိုင်၊
သက္ကရာဇ်တွေ ချရေးကြည့်စမ်းပါ။
ဘယ်နှနှစ်များ စစ်မက်ကင်းကင်းနေဖူးခဲ့သလဲလို့။

ဒီဒေသသားတွေ စစ်မီးမငြိမ်းနိုင် စစ်အင်ပါယာဘဝနဲ့ပဲ နေခဲ့ရတော့၊
" ပြည်ထောင်စု" ဆိုတာ ဘာမှန်းကို ခုထိ နားမလည်၊ ဝ ကို ဗမာစကားပြောခိုင်း၊ ဗမာစာသင်ခိုင်းပြီး ပြည်ထောင်စု လုပ်ချင်နေကြတယ်။
တိုင်းရင်းသားတွေက ဗမာနိုက်ဇေးရှင်း လို့ လက်ညှိုးထိုးတာကိုလဲ သဘောကို မပေါက်နိုင်ကြဘူး။

ခင်ဗျားတို့ သားလေး သမီးလေး မွေးလာတယ်၊
တီတီတာတာ စကားလေးတွေ ပြောတတ်လာ၊ ကလေးလေးက သွက်သွက်လက်လက် ချက်ချက်ချာချာ၊ ငါးနှစ်ပြည့်လို့ ကျောင်းလည်း သွားထားရော သူတလုံးမှ နားမလည်၊ သူ့အိမ်မှာ အဖေရော အမေရော မပြောတဲ့ ဘာသာစကားတွေနဲ့ သင်တဲ့ စာသင်ကျောင်းကြီး ကို တက်လိုက်ရတယ်။
အင်မတန်သွက်လက်ချက်ချာတဲ့ သားလေး သမီးလေးဟာ ငထုံ ငထိုင်း ငညံ့လေး အဖြစ်ရောက်သွားရ၊ သူ့စာသင်ခန်းထဲ သနားစရာ ရယ်စရာ သတ္တဝါကလေး ဖြစ်သွားရတယ်။
ကြည်လွှင်ရွှင်ပျပြီး နေခဲ့တဲ့ မျက်နှာကလေးဟာ စာသင်ကျောင်း သွားခဲ့တဲ့ အချိန်က စ ပြီး မျက်မှောင်ကြုတ် အုံ့အုံ့မှိုင်းမှိုင်း ငူငူငိုင်ငိုင် ကလေး ဖြစ်သွားတော့တယ်။
ဒါတွေဟာ ဘယ်သူ့မှာ တာဝန် ရှိသလဲ။

ဒီလို ပြည်ထောင်စုအမည်ခံ ဒီဒေသကြီးတနံတလျား မှာ ဒီလိုဖြစ်ရပ်တွေနဲ့ နိမ့်ကျ ပညာမတတ်သော ဆင်းရဲမွဲတေသော လူ့အဖွဲ့အစည်း ဖြစ်သွားအောင် ဘယ်သူတွေက လုပ်ခဲ့တာလဲ။

" တိုင်းရင်းသားတွေ ခွဲထွက်ချင်စိတ် မရှိအောင် လုပ်ရမှာ ဗမာတွေ ရဲ့ တာဝန် "

ဒီကနေ့အထိ တိုင်းရင်းသားလူမျိုးစုတွေရဲ့ နာကျင်မှုတွေ ခံစားချက်တွေကို နားလည်အောင်အားမထုတ်၊
မျှတစွာ မစဉ်းစား၊

ဘာကြောင့် သူတို့ လက်နက်ကိုင်ကုန်ကြသလဲ၊
ဘာကြောင့် သူတို့ မုန်းတီးရန်လို ကုန်ကြသလဲ လို့ အဖြေမရှာဘဲ၊

ဘယ်ဗမာမှ တိုင်းရင်းသားတွေကို နှိမ်မနေဘူး၊
တိုင်းရင်းသားတွေကို ညွှန်မှူးမဖြစ်ရ၊ ဝန်ကြီးမဖြစ်ရ မကန့်သတ်ထားဘူး
ဆိုတာတွေချည်းပဲ တဘက်ပိတ်ပြောနေကြတယ်။

ခင်ဗျားတို့ ဖက်ဒရယ်ပြည်ထောင်စု ကို လိုချင်ရင် တိုင်းရင်းသားတွေရဲ့ နာကျင်မှု ကို မျှဝေခံစားနိုင်ရမယ်။
မတရားမှုတွေ လုပ်နေတာ လူတစုထဲပါ ပြောရုံ ထိုးချလိုက်ရုံနဲ့ မပြီးဘူး။
မတရားလုပ်ခံထားရတာကို တသားတည်းရပ် ဝိုင်းဖေါ်ထုတ်၊ အတူဆန့်ကျင်တိုက်ပွဲဝင်ပေးဖို့ လိုတယ။်

ပင်လုံစာချုပ်ချိုးဖေါက်ခံရတယ်။ ဒါကို မတရား ခံရတာ လို့ မမြင်၊ သူတို့ဘက်က မရပ်တည်ပေးဘဲ စစ်အုပ်စုသံယောင်လိုက် ပြည်ထောင်စု က ခွဲထွက်မှာကိုတော့ သဘောမတူပါဘူး လုပ်နေသရွေ့ ခင်ဗျားတို့ကို ဘယ်တိုင်းရင်းသားမှ ယုံကြည် ပေါင်းသင်းလိုမှာ မဟုတ်ဘူး။

ကိုယ့်သားသမီး ကိုယ့်တူကိုယ့်သား သူများအိမ်က ကလေးကို မတရား နိုင့်ထက်စီးနင်း လုပ်ခဲ့ရင် ယဉ်ကျေးတဲ့ တာဝန်သိတဲ့ မိသားစုဟာ တာဝန်ယူ ဝန်ချတောင်းပန်ရမယ်။
လျော်ပေးစရာရှိလျော်ပေးရမယ်။
ပြစ်ဒဏ်ကျခံဖို့လို ကျခံပေးရမယ်။

ဒါမှ အပြန်အလှန် ဆက်ပေါင်းသင်းဆက်ဆံလို့ ရမှာ ဖြစ်တယ်။

ဒီတိုင်းပြည်မှာ တိုင်းရင်းသားတွေဟာ ပြည်ထောင်သော ပဋိညာဉ်စာချုပ်ကို ချိုးဖေါက်ခံခဲ့ရပြီး ဖိနှိပ်ခံ၊ သူတို့ဒေသထွက် သယံဇာတတွေ အလွဲသုံးစားပြုခံထားရသူတွေ ဖြစ်တယ်။
တက်လာသမျှ ဗမာပြည်မခေါင်းဆောင်တွေဟာ ဒီဖြစ်စဉ်တွေကို ရဲရဲတာဝန်ယူ ဝန်ချတောင်းပန်ပြီး သူတို့ဆုံးရှုံးမှုတွေအတွက် အကောင်းဆုံး ပြန်လည်ပေးဆပ်မှုတွေ ပြုရမှာ ဖြစ်တယ်။

ဒီလိုမလုပ်ဘဲ " ဒီတိုင်းပြည်က ဘာတွေ ရမလဲ ဆိုတာ ထက် ဘာတွေ ပေးနိုင်မလဲ စဉ်းစားပါ "
ဆိုတော့ကာ
ရှိစုမဲ့စု ဆုံးထားတဲ့ အကြွေးကလေး ပြန်ရမလား တရားစွဲပါတယ်၊ ရုံးစရိတ်ပါ ထပ်ဆင့်ပေးခိုင်း လိုက်သလိုပဲ။

လူဆိုတာ သူတို့အနာကို ကိုယ့်အနာလို ထပ်တူရည်မျှ စာနာစိတ်ရှိတဲ့ လူမျိုးကိုပဲ ပေါင်းသင်းခင်မင်လိုသပေါ့။
အမျိုးမျိုးဆင်ခြေတွေပေး ဒီအနာကို မသိကျိုးကျွံပြုသူမျိုးကို ဘယ်ပေါင်းချင်ပါ့မလဲ။

လူချင်းတောင် အဲသလိုဆို ပြည်ထောင်ချင်းလဲ အဲသလိုပဲ။
လူချင်းတောင် မပေါင်းချင်ရင် ပြည်ထောင်ချင်း ဘယ်နှယ့်ပေါင်း၊ ဘယ်နှယ့် စု မလဲ။

ထပ်ပြောပါမယ်။
" တိုင်းရင်းသားတွေ ခွဲထွက်ချင်စိတ်မရှိအောင် လုပ်ရမှာ ဗမာတွေ ရဲ့ တာဝန် "
ဗိုလ်ချုပ်အောင်ဆန်း

ခင်ဗျားတို့ တာဝန်ကျေပါစ။

ချိုတူးဇော်
Aung Zaw Min

- အချိန်မရွေးဖြုတ်ချခံရနိုင်တာမို့ ဖြန့်ဝေလိုရင်၊ ကော်ပီယူပြီး ဖြန့်ဝေကြစေချင်ပါတယ်။

Friday, July 13, 2012

အချစ် နှစ် ၆၀

အချစ် နှစ် ၆၀. . .

လွန်ခဲ့သော နှစ်အနည်းငယ်က အေးခဲနေသည့်နေ့တနေ့တွင် ဖြစ်သည်။ လမ်းပေါ်မှာ ယောက်ျားကိုင်ပိုက်ဆံအိတ်ပြားလေ
း တခု ကို အမှတ်မထင် ခလုတ်တိုက်မိတော့ ကောက်ပြီး ယူကြည့်မိသည်။ အိတ်ထဲမှာ ပါတာ ဆိုလို့
ငွေကလေး သုံးဒေါ်လာ နဲ့ နှစ်ကာလပေါင်းများစွာ အိပ်ထဲမှာ ထည့်ထားခဲ့ဟန်တူသော စာ အဟောင်းအနွမ်းလေးတစောင်။ အိတ်ပိုင်ရှင် ဘယ်သူဘယ်ဝါ ဆိုတာ ခြေရာကောက်နိုင်မည့် ဘာ မှတ်ပုံတင်၊ ဘာ ကားလိုင်စင်မှ မပါ။

ဟောင်းနွမ်းလွန်းလှသည့် စာအိတ်ပေါ်မှာ သည်းသည်းကွဲကွဲ ဖတ် ရတာဆိုလို့ စာပို့သူ၏လိပ်စာ ကလေးသာ ဖြစ်သည်။ ကျနော် စာအိတ် ကို ဖွင့်ကာ ဖတ်မိသည်။ စာရေးသည့် နှစ် က ၁၉၂၄၊ လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်က။ စာထဲမှာ အိတ်ပိုင်ရှင်၏ နေရပ်လိပ်စာများ တစွန်းတစ တွေ့ရမလား မျှော်လင့်ချက်ဖြင့် ကျနော် စေ့စပ်သေချာစွာ အထပ်ထပ်အခါခါ ဖတ်သည်။

စာက လှေကြီးထိုးထိုး ရိုးရိုးကလေး ရေးထားသော စာလေးတစောင်သာ။
စာထဲမှာ ဦးတည်ရေးထားသော သူ က “မိုက်ကယ်လ်” တဲ့။ စာရေးသူ နာမည် မှာ “ဟန်နာ” လို့ လက်မှတ်ထိုးထားသည်။ စာထဲမှာ ပါဝင်သော အကြောင်းအရာ ကတော့ လွမ်းဆွတ်ကြေကွဲစရာ ဟန်နာ့ မိခင် က တားမြစ်
သောကြောင့် သူတို့နှစ်ယောက် နောက်ထပ်မတွေ့ကြဖို့ ဆုံးဖြတ်လိုက်သည့်စာ။ တနည်းအားဖြင့် ချစ်သူ နှစ်ဦး၏ ဖြတ်စာ။

ဆွံ့ပျံ့ကြေကွဲစရာကောင်းသည့် စာ လေး ပါ။ သို့သော်လည်း စာ ထဲမှာ ဦးတည်ထားသော မိုက်ကယ်လ် သည် ဒီအိတ်ပိုင်ရှင်ဖြစ်နိုင်သည် ဟူသော သဲလွန်စ လေး တစွန်းတစမှ လွဲပြီး ဘာမှ သက်သေသက္ကာယ တွေမှ မရခဲ့။
နောက်ဆုံး ကျနော် တယ်လီဖုန်းအော်ပရေတာ ကို ဆက်လိုက်မိသည်။

“အော်ပရေတာ. . တဆိတ်ဗျာ ကျနော့်အကူအညီက ပုံမှန်တောင်းရိုးတောင်း
စဉ်တော့ မဟုတ်ပါဘူး . . ကျနော့်ဗျာ ပိုက်ဆံအိတ်လေး တအိတ်ကောက်ရတယ်. . .အဲဒါ. . . .”

အော်ပရေတာ အမျိုးသမီးက သူ့အထက်အရာရှိ ကို လိုင်းလွှဲပေးလိုက်သည်။ အထက်အရာရှိက ကျနော်ပြောသော လိပ်စာ မှ ဖုန်းနံပါတ်ကို စုံစမ်းပေးသည်။ သို့သော် စည်းကမ်းအရတော့ ကျနော့်ကို ဖုန်းနံပါတ်ကို တိုက်ရိုက်မပေး။ ထို အိမ်မှ ပုဂ္ဂိုလ်တစုံတယောက်က ပြောလို သည် ဆိုမှ ကျနော့်ကိုယ် ပြန်ကြားပေးမည်ဖြစ်ကြောင်း ရှင်းပြလေသည်။
သို့သော် တမိနစ်အတွင်းမှာပဲ ကျနော့်ဖုန်းကို ပြန်ခေါ်ပြီး
“အဲဒီအိမ်က အမျိုးသမီး တဦးက ရှင်နဲ့ ဖုန်းပြောချင် စိတ် ရှိပါတယ်” လို့ ဆက်သွယ်ပေးသည်။
ထိုအမျိုးသမီး ကို ဟန်နာ့ အကြောင်းမေးတော့. . .

“ အို အသေအချာ သိတာပေါ့ ရှင်. . . ကျမတို့က ဟန်နာတို့ မိသားစု ဆီ က ဒီအိမ်ကို ၀ယ်ခဲ့တာပါ”
“ သူတို့ ဘယ်ပြောင်းသွားတယ် ဆိုတာများ သိသလားဗျာ”
“ အင်း ဟန်နာက သူ့အမေ ကို ဘိုးဘွားရိပ်သာ ပို့ခဲ့တယ် ဆိုတာတော့ သိ သေးတယ် ရှင့်။ ရှင် ရိပ်သာ ကို ဆက်သွယ်ကြည့်ပါလား သူတို့အနေနဲ့ ဟန်နာ ဘယ်မှာနေတယ် ဆိုတာ သိမှာ ပါပဲ”

အမျိုးသမီး ထံမှ ရသော ဘိုးဘွားရိပ်သာ ဖုန်းနံပါတ်အတိုင်း ဆက်တော့ ဟန်နာ၏မိခင်မှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ တဆက်တည်း ဘိုးဘွားရိပ်သာမှ အမျိုးသမီးက ဟန်နာ၏လိပ်စာ ကိုပါ ပေးခဲ့သည်။
လိပ်စာ ပါ ဖုန်းနံပါတ်ကို ထပ်ဆက်တော့ အမျိုးသမီးတဦး က ဟန်နာ ကိုယ်တိုင် ယခုအချိန်မှာ ဘိုးဘွားရိပ်သာ တခု မှာ နေထိုင်နေပြီ ဖြစ်ကြောင်း၊
ဖုန်းနံပါတ်တခု ကို ထပ်ပေးပြန်သည်။ ထို ဘိုးဘွားရိပ်သာ ကို ထပ်ဆက်
တော့မှ ကျနော်တို့ ဟန်နာ ကို ဆိုက်ဆိုက်မြိုက်မြိုက် ဖမ်းမိတော့သည်။

“ဟုတ်ကဲ့ ဟန်နာ ကျနော်တို့ ရိပ်သာ မှာ နေနေပါတယ်”
ရိပ်သာ ညွှန်မှူး ကို ကျနော့်အနေဖြင့် ခုချိန်မှာ ဟန်နာ့ ကို လာတွေ့လျှင် အဆင်ပြေ မပြေ မေးတော့၊ ဟန်နာ အိပ်ပျော်နေနိုင်ကြောင်း ပြောသည်။
ဟုတ်တာပေါ့ အချိန်က ည ၁၀ နာရီတောင် ထိုးနေပြီ။ သို့သော် ကံကောင်းလျှင် ဟန်နာ တယောက် မအိပ်သေးဘဲ၊ တီဗီခန်းထဲမှာ သူ့အကြိုက် ဇာတ်လမ်းတွဲများ ကြည့်နေနိုင်ကြောင်း ဖြေကြားခဲ့သည်။

နက်ဖြန်ထိ အကြွေးမထားချင်တော့သောကြောင့် ညတွင်းချင်းပင် ဟန်နာတို့ ရိပ်သာ ကို ကျနော် သွားခဲ့သည်။ တံခါးဝ မှာ ၀န်ထမ်းတဦးနှင့် ညွှန်မှူး က စောင့်ကြိုနေသည်။ တတိယထပ် ကို တက်သွားတော့ ညွှန်မှူးခန့်မှန်းသည့်အတိုင်း ဟန်နာတယောက် တီဗီခန်းထဲမှာ ဇာတ်လမ်းတွဲ
များ ထိုင်ကြည့်လို့။

ဟန်နာသည် မျက်နှာထားချိုချို နှင့် ငွေရောင်ဆံပင်တွေ လှိုင်းထနေသော အဖွားအို တဦးဖြစ်သည်။ သူ့မျက်လုံးတွေ က နူးညံ့သိမ်မွေ့လွန်းသည်။ ငယ်စဉ် က မည်မျှချောမောလှပမည် ကို ယခုတိုင်တစွန်းတစ ပေါ်လွင်ကျန်ရစ်နေသေးသည်။ ပိုက်ဆံအိတ်လေး ကို ထုတ်ပြပြီး၊ စာ လေး ကို သူ့လက်ထဲ ထည့်လိုက်ရုံနှင့် သူ စိတ်တွေ လှုပ်ရှား
မဆုံး ဖြစ်နေပြီ။
“လူလေးရယ်. . . ဒီစာ ဟာ မိုက်ကယ်နဲ့ အဖွားနဲ့ နောက်ဆုံး ဆက်သွယ်ခဲ့
တဲ့ စာပါပဲ”
နူးညံ့သိမ်မွေ့လွန်းသည့် သူ့မျက်လုံးတွေ က မှုန်ဝေသီ လို့ အတိတ်ကို ကူးလူး သွားပုံရသည်။
“ တို့တွေ အရမ်းချစ်ခဲ့ကြတာ. .အဲဒီတုန်း က အဖွားက ၁၆ နှစ်လေ အမေက အရမ်းငယ်သေးတယ် ဆိုတာ တချက်ထဲနဲ့ တို့နှစ်ယောက် အချစ် ကို မယုံ စားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ဖြတ်ခိုင်းခဲ့တာ. . မိုက်ကယ် က တကယ့် လူချောကွယ် . ။ မင်း တို့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောင်ကွန်နရီ ကို သိတယ် မလား. . .မိုက်ခ် က တကယ့်ရှောင်ကွန်နရီ ကွ. .သေချာကြည့်ရင် ရှောင်ကွန်နရီ ထက်တောင် မိုက်သေး. . .”

ငယ်မူပြန်နေသော သူ့စကားလုံးတွေ ကြောင့် သူရော၊ ကျနော်ရော အသံထွက်အောင် ရယ်လိုက်မိကြသည်။ ညွှန်မှူးကတော့ တပြုံးပြုံးဖြင့် ကျနော်နဲ့ဟန်နာ အဖွဲ့ကျနေသည် ကို ထားခဲ့သည်။

“သူ့နာမည် အပြည့်အစုံက မိုက်ကယ်လ် ဂိုးလ်စတိန်း တကယ်လို့များ မင်း သူ့ကို ရှာတွေ့ခဲ့ရင် ဟန်နာ က သူ့ကို ဒီနေ့ထက်ထိ မမေ့နိုင်သေးဘူး၊ ဆိုတာနဲ့ ဘယ်တုန်းကမှ အချစ်သစ် မရှာခဲ့ဘူး၊ လက်မထပ်ဖြစ်ခဲ့ဘူး ဆိုတာ
လေး ပြောပြလိုက်ပါကွယ်”
အပြုံးမပျက်ပြောနေသော်လည်း ဟန်နာ့မျက်လုံးတွေ ထဲမှာ မျက်ရည်တလဲ့လဲ့ ဖြစ်လို့လာသည်။
“ငါ့စိတ်ပုပ်တာတော့ မဟုတ်ဘူး ငါ့စိတ်ထဲမှာ ဘယ်သူမှ မိုက်ခ် နဲ့ လိုက်ဖက်
တယ် လို့ မခံစားမိဘူး. . .ငါက လွဲ ရင်ပေါ့. . ”

ရင်ထဲမှာ ဘာမှန်း မသိသော ခံစားချက်တွေ တအုံနွေးနွေးဖြင့် ကျနော် ဟန်နာ ကို ကျေးဇူးတင်စကားဆို၊ နှုတ်ဆက် ကာ ထွက်လာခဲ့သည်။ ပထမထပ် ကို ဓါတ်လှေကားဖြင့် ဆင်းလာတော့ လုံခြုံရေးဝန်ထမ်းက
သိချင်ဇောဖြင့်စပ်စုသည်။
“ဆရာ အဆင်ပြေခဲ့လား ဟန်နာက ဆရာ လိုချင်တဲ့ အချက်အလက်တွေ ပေးနိုင်လား”
“အင်း . . .ပိုင်ရှင်နာမည်တော့ အပြည့်အစုံ သိလိုက်ရတာပေါ့ဗျာ. .”
လက်ထဲမှာတော့ ဘယ်ဆီဘယ်ဝယ် လိုက်ရမယ်မှန်းမသိသော ပိုင်ရှင်မဲ့ ပိုက်ဆံအိတ်လေး ကို ကိုင်လျှက်သား။ ပိုက်ဆံအိပ်ကလေး က တကယ့်
ဖက်ရှင်ဟောင်းလေး၊ အညိုရောင်သားရေပေါ်မှာ အနီရောင်ချုပ်ကြောင်းလေးများဖြင့်၊ စကားပြောရင်း ၀န်ထမ်း၏မျက်လုံး က ပိုက်ဆံအိတ်ဆီ ရောက်သွားသည်။
“နေဦးဗျ. .ဒီပိုက်ဆံအိတ်ကို ကျနော်ကောင်းကောင်းသိတယ် မစ္စတာ ဂိုးလ်စတိန်း ရဲ့ အိတ်ပဲ”
“မစ္စတာ ဂိုးလ်စတိန်း”
“ဟုတ်ကဲ့ မစ္စတာ ဂိုးလ်စတိန်းဆိုတာ ရှစ်ထပ်မှာနေတဲ့ အဖိုးကြီးတယောက်ပဲ
သူက ခဏ ခဏ ပိုက်ဆံအိတ်ပျောက်လွန်းလို့ မှတ်မိနေတာပါ . .လမ်းလျှောက်လည်း ထွက်တတ်တယ်”

ကျနော် ဓါတ်လှေကားဖြင့် ညွှန်မှူးဆီ ပြန်တက်ရသည်။ ညွှန်မှူးကို အကျိုးအကြောင်းပြောပြတော့ ညွှန်မှူးလည်း အူလျားဖါးလျား လိုက်လာသည်။
အဋ္ဌမထပ်မှ သူနာပြုက
“မစ္စတာ ဂိုးလ်စတိန်းက ဒီအချိန်မအိပ်သေးပါဘူး သူစာကြည့်ခန်းထဲမှာ စာဖတ်နေပါတယ်” ဟု ပြောပြသည်။
“ရှောင်ကွန်နရီ” ကြီး က စာအုပ်တအုပ်ကို ဆိပ်ငြိမ်စွာ ဖတ်နေရာမှ ကျနော်တို့ ၀င်လာသောအခါ ညွှန်မှူး ကို နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်သည်။ ကျနော့်ကို စူးစမ်းသော အကြည့်ဖြင့်ကြည့်သည်။

ညွှန်မှူး က “မစ္စတာဂိုးလ်စတိန်း ပိုက်ဆံအိတ် ပျောက်နေသလား”
မေးတော့မှ
သူ့ဘောင်းဘီ နောက်အိတ်ထဲ ကမန်းကတမ်းစမ်းကြည့်သည်။
“ဟုတ်ပ ပျောက်နေပြီ”
ကျနော်က သူ့ပိုက်ဆံအိတ်ကို ထုတ်ပေးလိုက်တော့ အားရပါးရ ပြုံးပြီး “ညနေခင်း လမ်းလျှောက်ရင်း ကျ ခဲ့မိတာ ဖြစ်မယ်။ မောင်ရင့်ကို ဆုချ ရမယ်. ”
“နေပါစေ ခင်ဗျာ . ဟို ကျနော်တခု ပြောချင်တာ အဖိုးရဲ့ ပိုက်ဆံအိတ် ကို ပိုင်ရှင် ဘယ်သူ ဘယ်ဝါ ဆိုတာ စုံစမ်းဖို့ ကျနော် ပိုက်ဆံအိတ်ထဲမှာ တွေ့တဲ့ စာလေး ဖတ်ဖြစ်ခဲ့တယ် ဆိုတာ. . .”

“သြော် စာဖတ်လိုက်သေးသလား”
မိုက်ကယ်လ် ဂိုးစတိန်း က ဟန်မပျက်ပြုံးနေပေမယ့် သူ့မျက်နှာမှာ စိတ်မသက်သာသော အငွေ့အသက်တွေ လွှမ်းလို့လာသည်။
“ဟုတ်ကဲ့ ဟိုဒင်း ကျနော် အဖိုးစာထဲမှာ ပါတဲ့ ဟန်နာ ကိုများ သိသလားလို့”
မိုက်ကယ်လ့် မျက်နှာမှာ စိတ်လှုပ်ရှားစွာဖြင့် ဖျော့တော့လို့ သွားရသည်။
“ဘာပြောတယ် မောင်ရင် က ဟန်နာ ကို သိတယ် သူဘယ်မှာနေလဲဟင် သူကျန်းကျန်းမာမာ ကော ရှိသေးရဲ့လား. . အရင်တုန်းကလိုကော လှသေးလား. .”

သူ့မေးခွန်းတွေ တလစပ်ထွက်လာတော့ ရုတ်တရက် ကျနော်ဘာပြန်ပြောရမှန်း မသိအောင် တွန့်ဆုတ်သွားမိသည်။
“ပြောစမ်းပါ လူလေးရယ် . .မင်း ဟန်နာ ကို ဘယ်တုန်းက တွေ့ခဲ့တာလဲ”

“သူ နေကောင်းပါတယ် ခင်ဗျာ. .အဲ လှသေးလား ဆိုတော့ သူ့အရွယ်နဲ့ သူတော့ လှ ပါတယ် ခင်ဗျာ. .”
မိုက်ကယ်လ် က သူ့ကလေးကလား မေးခွန်းလေးအတွက် ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ နောက် ရှက်ပြုံးကလေးဖြင့်
“ ကျုပ်ကို သူဘယ်မှာ ဆိုတာ ပြောပြနိုင်မလားဟင် . .မနက်ဖြန် . . မနက်ဖြန် မိုးလင်းတာနဲ့ သူ့ဆီ ဖုန်းခေါ်ချင်လို့ပါ. . ”
သူ့နောက်ဆုံး စကားလေးတွေ က မျှော်လင့်ချက်မဲ့စွာ တိမ်ဝင်လို့ သွားခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ကျနော့်လက်တွေ ကို ဆုပ်ကိုင်ကာ
“ သားရယ် မင်း သိလား. . ဒီစာကို ရလိုက်တဲ့ အချိန်မှာ ငါ့ဘ၀ တခုလုံး ပြီးသွားပြီ လို့ ခံစားခဲ့ရတယ် ငါ ငါ င့ါ တသက် ဘယ်တုန်းကမှ ဘယ်မိန်းမ ကိုမှ မချစ်မိခဲ့တော့ဘူး။ ဘယ်တုန်းကမှလည်း အိမ်ထောင်မပြုခဲ့ဘူး”

“မိုက်ကယ်လ်. . . ကျနော်နဲ့ တဆိတ်လောက် လိုက်ပေးပါလား”

စိတ်လှုပ်ရှားမှု အသီးသီးဖြင့် ကျနော်တို့ သုံးဦးသား တတိယထပ်ကို ဓါတ်လှေကား ဖြင့် ပြန်ဆင်းလာခဲ့ကြသည်။ တီဗီခန်းထဲမှာ ဟန်နာ က တီဗီကြည့်နေတုန်း။
ညွှန်မှူး က ဟန်နာအနီးသို့ သွားပြီး သူ့ကို မိုးကြည့်ကာ
“ဟန်နာ ဒီလူ့ကို ကြည့်ပါဦး”
ဟု မိုက်ကယ်လ် ကို ပြလိုက်သည်။
ဟန်နာက သူ့မျက်မှန်လေး ကို သေချာပင့်ပြီး မိုက်ကယ့်လ် ကို ကြည့်သည်။
ဘာစကားတခွန်းမှ ထွက်မလာတော့။
မိုက်ကယ်လ် က အသိစိတ်ကင်းမဲ့သော စကားတွေ ကို တတွတ်တွတ်ပြောရင်း ဟန်နာ့ အနီးကို ချည်းကပ်သွားသည်။
“ဟန်နာ ဟန်နာ မိုက်ကယ်လေ. . မိုက်ကယ် ဂိုးလ်စတိန်းလေ. . မှတ်မိတယ်မလား ဟန်နာ”

နှစ်ဦးသား တုန်ရီစွာဖြင့် တယောက်လက်ကို တယောက် ဆုပ်ကိုင်ကာ ခုံတန်းလျားလေးမှာ ယှဉ်လျက် ထိုင်ကြသည်။
ကျနော်ဘယ်လိုမှ မျက်ရည် မထိန်းနိုင်တော့။ အိုး. . နှစ်ပေါင်း ၆၀ ဗျာ.။
ကြည့်လိုက်တော့ ညွှန်မှူးတယောက်လည်း သူ့ကိုယ်လုံးကြီးမှ အားမနာ
တရှုံ့ရှုံ့ဖြစ်လို့နေသည်။

“ ဘုရားသခင်ဟာ . . စစ်မှန်တဲ့ နှလုံးသားတွေ ကို ပစ်ပယ်မထားဘူး ဆိုတာ
လက်တွေ့ပြတာဗျ. ..”

ရက်သတ္တပါတ် သုံးပါတ် ခန့်ကြာသောအခါမှာ သူ ကျနော့်ကို ဖုန်းခေါ်သည်။

“လာမယ့် တနင်္ဂနွေ ခင်ဗျားမှာ ဘာအစီအစဉ်ရှိရှိ ဖျက်ပြီး မင်္ဂလာပွဲ တပွဲ ကို တက်ဖို့ ဖိတ်ရမယ်။ ဟန်နာနဲ့ မိုက်ကယ်လ် တို့ရဲ့ မင်္ဂလာဆောင် မှာ ခင်ဗျား မရှိလို့ မဖြစ်ဘူး ဆိုတာ တော့ ခင်ဗျား နားလည်မှာပေါ့. . ”

ဘိုးဘွားရိပ်သာမှာ ကျင်းပဖြစ်ခဲ့သော အလှပဆုံး မင်္ဂလာဆောင် ပွဲလေး တပွဲ။
သတို့သမီးကော၊ သတို့သားကော ယင်ဖို၊ ယင်မ မသန်းဖူးသေးသည့်
လူပျို အပျိုစစ်စစ် များဖြစ်ကြသည်။
နံ့သာရောင် သတို့သမီး ၀တ်စုံဖြင့် ဟန်နာက တကယ့်အပျိုမလေး အသွင်
ဆောင်နေသည်။ နက်ပြာရောင်ဝတ်စုံဖြင့် ဂျိမ်းစ်ဘွန်းမင်းသား သတို့သားကြီးကလည်း ခန့်ခန့်ညားညား။
ရိပ်သာ မှ သူတို့မောင်နှံအတူနေဖို့ စပါယ်ရှယ် အခန်းတခန်း ကို စီစဉ်ပေးပြီး လက်ဖွဲ့သည်။
သတို့သမီး က ၇၆ နှစ်၊ သတို့သား က ၇၈ နှစ်။ လူ့သက်တမ်းအရ သူုတို့တွေ ဘယ်တော့လောက်မှ ကြာရှည်စွာ မနေရနိုင်တော့ပေမယ့်၊
သူတို့အချစ်တွေ က ဤကမ္ဘာမြေ တည်ရှိသရွေ့. . .
နှစ်ကာလပေါင်းများစွာ ကြာရှည်တည်တံ့ပေဦးတော့မည်။

သူတို့ဘ၀တွေ တလျှောက်လုံး. . .
နှစ်ပေါင်း ၆၀ တောင် ဒီအချစ်တွေနဲ့ ဖြတ်သန်းခဲ့သည်ပဲလေ. . .။ ။

ချိုတူးဇော်
၀၇၊ ၁၃၊ ၂၀၁၂
နံနက် ၁၁ နာရီ
ခေတ္တ မေရီလန်း

Letter in the Wallet by Arnold Fine

From Reader's Digest July/August 2012 မှ ပြန်ဆိုပါတယ်။