Thursday, February 23, 2012

အမေရိကန်တွေ ဆီက ရသမျှ - ၇

အမေရိကန်တွေ ဆီက ရသမျှ - ၇

by Cho Tu Zal on Thursday, February 16, 2012 at 4:03am ·
အမေရိကန်တွေဆီက ရသမျှ - ၇

 အမေရိကား ကို သူငယ်ချင်းတယောက် ကတော့ ဒီလိုမြင်ပါတယ်။
အမေရိကားဆိုတာ Land of Freedom ပါ။
အမေရိကား ကို ဘယ်သူပိုင်သလဲ ဆိုတဲ့ မေးခွန်းကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ အမေရိကန်တွေပိုင်သပေါ့တဲ့။
အမေရိကန်တွေ ဆိုတာ ဘယ်သူတွေလဲ လို့မေးရင်Everyone may be, everyone can be. . .ပါတဲ့။ ဒီမှာ အားလုံးတန်းတူညီမျှချည်းပဲ။

ဒီလိုအခွင့်အရေးကိုလည်း ငါတို့မြန်မာတွေ ဘာလို့မရရမှာလဲ လို့ သူက မြင်ပါတယ်။
ကျနော်တို့ မြန်မာများကတော့ ရိုးရာမပျက် ရောက်လေရာ “ကွဲ” ကြလေတော့ အမေရိကားမှာလည်း ကွဲပုံကွဲနည်း ဆန်း ကြပါသတဲ့။ စာအုပ်နဲ့လာတဲ့ကောင်၊ တောင်ကျော်လာတဲ့ကောင်တဲ့ဗျ။ ဟားဟား မြန်မာပီပီ နာမည်ပေးကလည်း တော်တယ်လေ ။
မြန်မာတွေ အင်မတန်နာမည်ပေးတော်မတော် သိချင်ရင် ကြံတောထဲက ကားပွဲစားတန်းကို သွားကြည့်ပါ။
အဲဒီက ကားပွဲစားသူငယ်ချင်းတွေဆီ သွားသွားထိုင်ရင်း သူတို့ဆီက အကြားအမြင်တွေ ရခဲ့တယ်။
ဂျပန်တောင် ထိုင်ငိုချင်စိတ်ပေါ်သွားအောင် ကားမျိုးစုံကို နာမည်မျိုးစုံပေးထားတယ်။
ခေါင်းပြား၊ နှာတို၊ မျက်ပြူး၊ ဖင်ကောက်၊ ခွေးခေါင်း၊ မျောက်ခေါင်း၊ ဆင်ခေါင်း စုံနေတာပဲ။
သူတို့ပေးတဲ့ နာမည်နဲ့ အဲဒီကားကို တနေကုန်စေ့စေ့ထိုင်ကြည့်၊ အဲဒီရုပ်ပေါက်လာပါတယ်။ ခုလည်း အမေရိကားကို ရောက်လာတဲ့သူချင်းအတူတူ စာအုပ်နဲ့လာတဲ့ကောင်နဲ့၊ တောင်ကျော်လာတဲ့ကောင်နဲ့ ကွဲကြပါသေးသတဲ့။
စာအုပ်နဲ့လာတဲ့ကောင်ဆိုတာ ပတ်စ်ပို့နဲ့ ဒီမှာရောက်လာ၊ ဟိုဆန္ဒပြပွဲလေးဝင်ပါ၊ ဒီဆန္ဒပြပွဲလေးဝင်ပါ၊ ပြီးတော့ အဆာလမ်ခံပေါ့၊ တနည်းအားဖြင့် “ခုန်ချတယ်” ပေါ့။ တောင်ကျော်လာတယ်ဆိုတာ တောခိုပြီးပဲဖြစ်ြဖစ်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နယ်စပ် ဒုက္ခသည်စခန်းတွေကတဆင့် ဒုက္ခသည်တွေအနေနဲ့ ရောက်လာကြတဲ့သူတွေပေါ့ဗျာ။
အားလုံးက အမေရိကန်နိုင်ငံသား ခံယူတဲ့သူ ယူကြ၊ဂရင်းကဒ်နဲ့ပဲ နေတဲ့သူနေကြ၊
အဆာလမ်အဆင့်၊ ဒုက္ခသည်အဆင့်နဲ့ပဲ နေနေကြပြီး၊လိုအပ်ရင် အချိန်မရွေးပြန်မယ်ဆိုတဲ့ လေးစားစရာကောင်းတဲ့
အေဘီရဲဘော်များလို လူတွေလည်း တွေ့ခဲ့ရပါတယ်။

ဒီနေရာမှာ အဲဒီသူငယ်ချင်းက ထောက်ပြတာက ခုလို အဆာလမ်ခံပြီး အမေရိကန်ကို ပြည်ဝင်ခွင့်ရဖို့ ကြိုးစားနေတာ မြန်မာတွေချည်းမဟုတ်ဘူး။ တရုတ်တွေ၊ ကိုရီးယားတွေ၊ ပါကစ္စတန်တွေ...နိုင်ငံပေါင်းစုံ က နှစ်စဉ် လူတွေသိန်းချီပြီး အမေရိကန်မှာ နေခွင့်ရဖို့ကြိုးစားနေကြတာတဲ့။ အမေရိကားဆိုတာ တကမ္ဘာလုံးက သူတို့ပိုင်တဲ့နယ်မြေသစ်၊ သူတို့အားလုံး တန်း
တူညီမျှ အခြေချခွင့် ရှိတဲ့ နယ်မြေသစ် လို့သဘောထားကြသတဲ့။ အားလုံးက ရှေ့ရောက်နှင့်ပြီးသားလူတွေက နောက်ကလိုက်လာ
တဲ့အမျိုးတွေကို ကူညီကြ၊  ၀ိုင်းဝန်းကြ၊ အခြေကျအောင် ဖေးမကြပါသတဲ့။ ကျနော်တို့မြန်မာများကတော့ ရောက်တာမကြာသေး
ဘူး၊ ကွဲကြပြီ။ ဣဿာစိတ်၊ မစ္ဆရိယစိတ်တွေနဲ့ အချင်းချင်း ဘယ်လိုလာတဲ့ကောင်၊ ဘာကောင်ညာကောင် ဖဲ့ကြလေပြီ။
တကယ်တော့ ကျနော်ဒီလိုလည်း မြင်ကြည့်ပါတယ်။ အမေရိကားဟာ “လ” နဲ့တူတယ်။ လကမ္ဘာကို ဘယ်နိုင်ငံကမဆို ကမ္ဘာသူ
ကမ္ဘာသားတိုင်း သွားနိုင်၊ အခြေချနိုင်တယ်။ အဲဒီမှာ ရှေ့ကရောက်ထားနှင့်၊ တည်ဆောက်ထားနှင့်တဲ့သူတွေရဲ့ အဆောက်အအုံ
တွေနဲ့ စည်းမျည်းစည်းကမ်းလေးတွေတော့ ရှိမပေါ့ဗျာ။ အမေရိကားဟာ တိုင်းပြည်ကြီး စ တည်ကတည်းက တကမ္ဘာလုံးက နယ်သစ်၊ မြေသစ်မှာ အခြေချနေထိုင်ဖို့စိတ်ကူးတွေနဲ့ ရောက်လာတဲ့သူတွေက တည်ခဲ့တဲ့ တိုင်းပြည်ကြီးဖြစ်ပါတယ်။ ဒီလို လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ဘာသာပေါင်းစုံခိုလှုံရာဖြစ်တဲ့အတွက်စည်းကမ်းဥပဒေတွေကိုလည်း ပြင်းပြင်းထန်ထန်တင်းတင်းကြပ်ကြပ်
ပြဌာန်းထားတယ်။

ယဉ်ကျေးမှုဆိုတာ ဘာလဲ လို့မေးခွန်းဟာ တခြားနိုင်ငံတွေက အဖြေနဲ့ အမေရိကားက အဖြေမတူပါဘူး။ အမေရိကားရဲ့ ယဉ်ကျေးမှု ဆိုတာ ကတော့ Learn & Shareစစ်စစ်ဖြစ်ပါတယ်။
မြန်မာတွေအတွက်တော့ နေထွက်ရာအရပ်၊ တောင်ဘက်အရပ်တို့ဟာ ခေါင်းထားအိပ်ရာ၊ ခေါင်းရင်းဖြစ်ပေမယ့်၊ မွတ်စလင်တွေအနေနဲ့ အနောက်ဘက်ကို ခေါင်းထားအိပ်ပါတယ်။ ဒါကိုငါနဲ့မတူလို့ ရိုင်းပျတယ်လို့ မြင်တဲ့အမြင်ဟာ ဟိုးလွန်ခဲ့တဲ့ ပင်လယ်ထဲ ခပ်ဝေးဝေးမသွားခဲ့ဖူးခင်တုန်းကသာ မှန်ပါလိမ့်မယ်။ ခုချိန်မှာတော့ သြော် မင်းတို့ အယူအဆက ဒီလိုလား လို့ လေးလေးစားစား လက်ခံတတ်ဖို့လိုပါပြီ။ အမေရိကန်တွေဟာ ဘာသာရေးချုပ်နှောင်မှုကြောင့် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့တယ်။ အသားအရောင်ခွဲခြားမှုကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်။ ဆိုတဲ့အတွက် ဒီလို ဘာသာရေး၊ အသားအရောင် ယဉ်ကျေးမှုကို ဖိနှိပ်ချုပ်ချယ်တာကို ပြင်းပြင်းထန်ထန်ရှုတ်ချဆန့်ကျင်ပါတယ်။ဒီမှာ ပေါင်မုန့်စက်ရုံမှာ အလုပ်လုပ်နေတဲ့ နောင်တော် တယောက်က သူ့အတွေ့အကြုံလေး ပြောပြလို့ ပြန်ဖေါက်သည်ချပါ့မယ်။သူတို့စက်ရုံမှာ ညဆိုင်းဆင်းရင်း ညလည်စာ စားကြတော့ အလုပ်သမားအများစုဟာ ရှမ်းတွေ၊ ကချင်တွေ၊ ဗမာတွေပါတဲ့။ အားလုံးက ရိုးရာအစားအသောက်တွေဖြစ်တဲ့ ငပိနံ့တသင်းသင်းနဲ့ အားရပါးရထမင်းဘူးတွေ ဖွင့်စားကြတာပေါ့ဗျာ။ အဲဒီမှာ အဖြူအမေရိကန်တယောက်ကလာပြီး မင်းတို့စားတာတွေက အနံ့တော်တော်ဆိုးတာပဲ၊ အပုပ်အသိုးတွေစားကြပါလား လို့ လာပြောသွားပါသတဲ့။ ဒါကို မလှမ်းမကမ်းက ကြားလိုက်တဲ့ အလုပ်ကြပ်က အဲဒီလူဖြူအမေရိကန်ကို ခေါ်ပြီး နောက်နေ့မှာ discrimination မတရားဖိနှိပ်မှုနဲ့ အလုပ်က ဖြုတ်ပစ်လိုက်ပါသတဲ့။ အဲဒီ လူဖြူအမေရိကန်ဟာ နိုင်ငံသားဖြစ်ပြီး မြန်မာအလုပ်သမားအများစုကတော့တချို့က ဂရင်းကဒ်၊ တချို့က ဒုက္ခသည်တွေပဲ ရှိကြပါသေးသတဲ့။ အဲဒါ အမေရိကား ပါ၊ အဲဒီလို ဇာတ်လမ်းတွေဟာ အမေရိကားမှာပဲ ရှိတယ်လို့ပြောချင်ပါတယ်။

အရင်ရောက်နှင့်တဲ့ အမေရိကန်ကြီးတွေက ဒီလိုဖြင့်တော့ စည်းကလေး ကမ်းကလေးထားကြကွာ ဆိုပြီး စည်းမျည်းစည်းကမ်းလေးတွေကို ချထားကြတာကလွဲလို့၊ အားလုံးဟာ တူညီသော အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေနဲ့ နေထိုင်ခွင့် ရှိကြပါတယ်။ အမေရိကန်သမ္မတကို အမေရိကန်မြေမှာ မွေးဖွားတဲ့သူပဲ ဖြစ်ရမယ် လို့ သတ်မှတ်ချက် ပါးလျလျလေးတခုပဲ ရှိတာကလွဲရင် သမ္မတပြီး သြဇာအာဏာအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံခြားရေး ၀န်ကြီးကိုတောင် ခုမှ ပြောင်းရွှေ့လာတဲ့သူလည်း ဖြစ်နိုင်ပါတယ်တဲ့။ နာမည်ကျော် နိုင်ငံခြားရေးဝန်ကြီး ဟန်နရီကစ်ဆင်ဂျားတို့၊ မကြာသေးခင်ကမှ ကာလီဖိုးနီးယားအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူသွားတဲ့သူ မင်းသားကြီး အာနိုး တို့ဟာလည်း ခိုလှုံသူများပဲပေါ့။ကျနော်တော့ အမေရိကား ဆိုတာ ဘာလဲ လို့ ပြည့်ပြည့်၀၀ အချိန်တိုတိုတွင်း သဘောပေါက်၊ ဘ၀င်ကျစေရတဲ့နေရာ က ကာလီဖိုးနီးယား ဆန်ဖရန်ဘေးဧရိယာ ကို ရောက်မှပါ။
ဆန်ဖရစ္စကို ရဲ့ လက်ရှိ မြို့တော်ဝန်က တရုတ်အမျိုးသား။ တမြို့လုံးလည်း တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ လာအိုတွေ က အများစု။ ပိုက်ဆံရှိ ကြေးရေတတ်အများစုကလည်း အာရှသားတွေ။တချို့နေရာတွေမှာ အင်္ဂလိပ်စကားတောင် မပေါက်ဘူး။ ဆိုင်တွေ ကန္နားတွေရဲ့ ဆိုင်းဘုတ်တွေများ ဘာသာပေါင်းစုံ။ အောင်မယ်..တချို့နေရာတွေမှာ မြန်မာဆိုင်းဘုတ်လည်း ပါသေးတယ်ဗျ။ လူနည်းစုဖြစ်တဲ့ မူလနေထိုင်သူ လူဖြူအနောက်တိုင်းသားစစ်စစ်တွေဟာ မရင်း လို့ခေါ်တဲ့ ကျွန်းဆွယ်လေးဘက်မှာ သီးသန့်နေကြတယ်။ အမည်းတွေလို့ခေါ်တဲ့ အာဖရိကန်နွယ်ဖွားများက အုတ်ကလန်ဘက်၊ ရစ်ခ်ျမွန်ဘက်မှာ များတယ်။ သူတို့တွေက နည်းနည်းဆိုးတယ်လို့သတ်မှတ်ခံရပြီး ဆင်းရဲကြတာများတယ်။ ဆန်ဖရန်မြို့ကြီးမှာတော့ ဘယ်ကြည့်ကြည့် အာရှသားချည်းပဲ။ ကျနော်တို့၊ ခင်ဗျားတို့ သွားနေလာနေရင် နိုင်ငံခြားသား လို့ အထင်မခံရဘူး။ ဆန်ဖရန်သား လို့ပဲ အထင်ခံရလေတယ်။
အစွဲ ကြီးတယ်လို့ပဲ ထင်ထင်ဗျာ။ ရောက်လေရာရာ အနောက်တိုင်းသား မျက်နှာဖြူတွေကြားထဲ ကိုယ်တယောက်ထဲ လိုဖြစ်နေရတဲ့ ခံစားချက်ထက် ကိုယ်တို့ကိုယ်တို့အမျိုးတွေကြားထဲ နေရတာ ဘာမှန်းမသိ ပိုစိတ်လုံခြုံရတာအမှန်ပါ။
မနေ့ည ကရစ်ခ်ျမွန်မြို့ဒေါင်းတောင်း ဘက်သွားတော့ လာအိုဘုန်းကြီးကျောင်းကြီး ကို ဟီး လို့။
ဗုဒ္ဓရုပ်ပွားတော်ကို ရုပ်လုံးကြွကြီးလုပ်ပြီး ဂိတ် တံခါးမုခ်ဦးတွေက လည်း လာအိုဟန် ပြသာဒ်တွေနဲ့။
ဒီနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု ရှိတယ်။ ဒီနိုင်ငံမှာ ကိုယ့်လူမျိုးကိုယ်ယဉ်ကျေးမှုကို ထွန်းကားအောင် လုပ်ပိုင်ခွင့်ရှိတယ်။ ဒီနိုင်ငံမှာ လူမျိုးတိုင်း၊ ဘာသာဝင်တိုင်း တန်းတူညီမျှ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခွင့်ရှိတယ်။ သက်ကြီးရွယ်အိုမှန်သမျှ စောင့်ရှောက်ပေးတဲ့ လူအိုရုံရှိတယ်။ လူအိုရုံမသွားချင်တဲ့ ဘိုးဘွားတွေကို စောင့်ရှောက်တဲ့ မိသားစုတွေအတွက် အစိုးရကအခွန်ကင်းလွတ်ခွင့်တွေ၊
ထောက်ပံ့ကြေးတွေ ပေးထားတယ်။
ဆေးကုသစရိတ်တွေပေးထားတယ်။ ထိုက်သင့်တဲ့ ပင်စင်တွေပေးထားတယ်။
ပင်စင်ဆိုတာ အစိုးရလခစားကိုမှ ပေးတာမဟုတ်ဘူး။ နိုင်ငံသားတိုင်း သူတို့အလုပ်လုပ်ခဲ့တဲ့ အတိုင်းအတာအတိုင်း၊ အခွန်ဆောင်မှုအတိုင်း အသက်ကြီးလာရင် ထောက်ပံ့ကြေးတွေပေးထားတာကိုပြောတာ။သားသမီးတွေ ပညာရေးအတွက် အခမဲ့ ပညာသင်ကြားရေး၊ သားသမီးများတဲ့ မိသားစုတွေကို အခွန်ကင်းလွတ်ခွင့်၊
မိသားစုထဲ မသန်မစွမ်း၊ ဥာဏ်ရည်မမီ၊ ဒုက္ခိတကလေးများ ရှိရင် အဲဒီအတွက်လည်း ကင်းလွတ်ခွင့် ဆေးကုသစရိတ်၊ ထောက်ပံ့ကြေး
တွေ ပေးပါသေးသတဲ့။ ကဲ ကြည့် တော်တော် မနေတတ်၊ မထိုင်တတ် အစိုးရဗျာ။ အစိုးရက အားအားရှိဝင်ပေးနေတယ်။
ဘယ်လိုအစိုးရ လည်း မသိပါဘူး။ ကြုံဖူးပေါင်ဗျာ..ဟားဟား။
(ဒီလိုတွေရေးလို့ ချိုတူးဇော်တယောက် ပြန်မလာဇာတ်ခင်းဖို့ရေးနေတယ် ဖြစ်ဦးမယ်..အဆိုးကော၊ အကောင်းကော ရေးနေတာပါ
ကိုယ့်ဆရာတို့ရေ)
ကျနော်က ကျနော့်အမျိုးတွေ ရောက်လေရာရာမှာ တွေ့ရတဲ့ ကျနော့်အမျိုးတွေ ကို ချမ်းချမ်းသာသာ ကျန်းကျန်းမာမာ မြင်ရတော့ မုဒိတာပွားများစွာနဲ့ ဒီ သုဂတိ ဘုံကြီးထဲ ပျော်အောင်နေပါအမေတို့ရေ... ကုသိုလ်တွေ ပွားများပါ၊ မြန်မာပြည်အတွက် မေတ္တာတွေ ပို့သပါ။ အမျှအတမ်းတွေ ဝေပါ လို့ ပြောခဲ့တာ။ မြန်မာပြည်ပြန်လာခိုင်းပြီး အပင်ပန်းအဆင်းရဲခံခိုင်းစရာအကြောင်းမရှိဘူး ထင်လို့ပါ။ သူတို့တွေချမ်းသာတော့ ချမ်းသာတဲ့အလျောက် ပြည်တွင်းက အမျိုးတွေ ဒုက္ခဖြစ် ဖြစ်သလို ကူကြလှူကြတာ ခရီးပေါက်တယ်မပေါက်ဘူး အားလုံးအသိပါ။ နာရေးကူညီမှုအသင်းကြီးကအစ၊ မနေ့တနေ့ကမှ အမေရိကားတခွင်ပြဲပြဲစင်အောင် သွားလာ အလှူခံနေတဲ့ ကျနော်တို့နောင်တော်ကြီး ကိုလည်း မေးကြည့်ကြပေါ့။ ဘတ်ဖဲလိုးက အမေတွေ ဘာလို့ငို ဆိုရင်.. တိုင်းပြည်ကိုလွမ်းလို့၊ တိုင်းပြည်ကို ပြန်ချင်လို့။ အချိန်မရွေးသွားခွင့်၊ လာခွင့်၊ ပြန်ခွင့်၊ လည်ခွင့်ရမယ်ဆို ငိုတော့မယ် မထင်ဘူး။ ဒီလိုမှ မဟုတ်ဘဲ ပြန်ကိုနေရမှ ဆိုတဲ့သူများလည်း ပြန်လိမ့်မပေါ့ဗျာ။
ကျနော်ကတော့ ဒီမှာဆက်နေကြပါ။ ဒီနိုင်ငံသား ခံယူပါ၊ ဒီနိုင်ငံမှာ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်အောင် ထူထောင်ပါဆိုတာ“လောဘ” ကလေးနဲ့ ပြောပါတယ်။ ရစ်ခ်ျမွန်ဒေါင်းတောင်းက “လာအို ဘုန်းကြီးကျောင်း” မြင်ရတော့၊ ဆန်ဖရန်က ဂျပန်စင်တာကြီးတွေ့ရတော့၊ နယူးယောက်ခ်နဲ့ အုတ်ကလန်က တရုတ်တန်းကြီးတွေ့ရတော့ ကျနော်တို့ မြန်မာတွေကိုလည်း ဒီလို ကမ္ဘာ့ထိပ်တန်း လူ့အဖွဲ့အစည်းကြီးမှာ “စွာ” စေချင်တယ်။ နေရာတွေယူထား၊ နေရာတွေ ရထားစေချင်တယ်။ ကိုယ့်ယဉ်ကျေးမှုကိုယ် ထိန်းသိမ်းကြမယ်ဆိုရင်၊ ကိုယ့်ဘာသာကိုယ်ကြည်ညိုကြမယ်ဆိုရင် ဘယ်မှာနေနေ၊ ဘယ်သူတွေနဲ့နေနေပါ။
ကျနော့်လောဘကို ထပ်တလဲလဲ ပြောရရင် ဇမ္ဗူရာဇ်ရွှေမှန်ရင် မှတ်ကျောက်တင်ခံဝံ့သလို ကျနော်တို့ဆီက ကောင်းမြတ်တဲ့ အရာလေးတွေ(အားလုံးကောင်းတယ် မဆိုလိုဘူးဗျ နော်) ကို အမေရိကန်တွေ ဆီ ပေါက်သွားပြီး၊ ငါတို့ဒီလိုလူမျိုးပါ ကမ္ဘာကို ကြွားချင်တယ်။ အမေရိကားမှာ ရွှေပြောင်ပြောင် ဘုရားကြီးလည်း တည်ချင်တယ်။ အမေရိကားမှာ ပြသာဒ်အဆင့်ဆင့် ဓမ္မာရုံကြီးလည်း ဆောက်ချင်တယ်။ အမေရိကားမှာ ၀ိပဿနာရိပ်သာတွေပါ ထွန်းကားလို့ အမေရိကန်တွေ ထစ်ခနဲရှိစစ်မတိုက်တော့ပဲတရားစကားပြောစေချင်တယ်။ အမေရိကန်တွေရဲ့ ပွဲလန်းသဘင်တွေ ကျင်းပရင်၊ မြန်မာတွေရဲ့ ရုပ်သေးတွေ၊ ဆီမီးခွက်အကတွေ၊ ကရင်ဒုံးယိမ်း၊ ကချင်မနော အစုံအလင်နဲ့ ကျနော်တို့မြန်မာပြည်သားတွေ ထိပ်တန်းပေါက်ချင်တယ်။ ကမ္ဘာကြီး ပြားနေပြီလေဗျာ။
အမေရိကားမှာ. . .အဖေမြန်မာ၊ အမေမြန်မာကမွေးပြီး မြန်မာဆန်တဲ့၊ မြန်မာစာ၊ မြန်မာစကားကိုရေလည်အောင်ပြောတတ်ရေးတတ်ဖတ်တတ်တဲ့၊ မြန်မာစိတ် အပြည့်
ရှိတဲ့ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး(ဘယ်တိုင်းရင်းသားဖြစ်ဖြစ်နော်) အမေရိကန် သမ္မတကြီးတယောက် ပေါ်လာစေချင်တယ်။
မြန်မာဘက်ပင်းရမယ် လို့ အမေရိကန်တွေဘက်လည်း မမျှမတ ဆိုချင်တာ မဟုတ်ရပေါင်ဗျာ။ သူ့နိုင်ငံသားခံ၊ သူ့နိုင်ငံအပေါ်သစ္စာ
ရှိရမှာပေါ့။ ကိုယ်နေတဲ့အရပ်၊ ကိုယ်နေတဲ့ ကျောင်းသင်္ခန်းကို ကျေးဇူးသိတတ်တာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မင်္ဂလာပါ။
ဘာကိုလိုချင်တာလဲ ဆို. . .ရောက်လေရာရာ ကမ္ဘာကြီး လှ စေချင်. . .
ရောက်လေရာရာ အမျိုးတွေ ရှိစေချင်တာလား မသိပါဘူးဗျာ။
ဒီတော့ ပြန်မလာကြနဲ့ဗျာ လို့ပဲ ပြောမိပါတယ်။
နောက် ကိုယ့်တိုင်းပြည်ထဲ ဖင်မရွှေ့ပဲ နေပြီး၊ အခွင့်ထူးခံ၊ ကိုယ့်တိုင်းသူပြည်သားတွေကို အမြတ်ထုတ်၊ ဂုတ်သွေးစုပ် ချစ်တယ် ချစ်တယ် ပြောပြီး နိုင့်ထက်စီးနင်း အုပ်ချုပ်နေတဲ့ သူမျိုးနဲ့ ဘယ်နိုင်ငံသား ခံယူခံယူ အချိန်တန် ကိုယ့်တိုင်းပြည် ဒုက္ခရောက်နေပြီဟဲ့ ဆို ငွေအားလူအားလှူကြဒါန်းကြတဲ့ သူတွေ ဘယ်ဟာက အချစ်သာမလဲ လို့ တွေးမိပြန်သေးတော့တယ်။
သူ ချစ်ပုံက ကြမ်းကြမ်းလွန်းတယ် ဆိုရမလားဗျာ..။
နာမည်တပ်ပြောလိုက်ရင် အသားလွတ် ငြှိုးခံရမှာ ခင်မြာ ကို အားနာနာနဲ့ပဲ ညွှန်းလိုက်ပါဦးမယ်။ မြန်မာနိုင်ငံဖွား တရုတ်ကပြား
ဦသိန်းငွေ ခေါ် မစ္စတာဆာ့ခ်ျပန်း FMI ဆို စင်္ကာပူနိုင်ငံသားပါ။ ဒါပေမယ့် မြန်မာပြည် ပြန်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လေတယ်။
ခေတ်ကောင်းစဉ်က သူလည်း ခပ်ထောင်ထောင်ပေါ့၊ ခုတော့ သူ့အကြောင်းနဲ့သူ ငြိမ်ကုပ်နေရှာတယ်။ ကျနော်ပြောချင်တာ
ကမ္ဘာတလွှားမြန်မာများ အောင်မြင်ရင် တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ “အား” ဖြစ်စေတဲ့အကြောင်းပါ။ သူ့ဖါသာ ဘယ်နိုင်ငံ
သား ခံယူယူ၊ ဘယ်မှာနေနေပေါ့။ အချိန်တန် တခြားလူတွေအလုပ်လာလုပ်ကြမှာထက်၊ ကိုယ့်ဆွေမျိုးနီးစပ်တွေချည်း လာကြလုပ်
ကြလည်း တမျိုးကောင်းသားပဲဗျာ။
ဒီလို စိတ်ကလေးပါပေါင်းလို့ ပြန်မလာနဲ့ ဒီမှာ အောင်မြင်အောင် လုပ် လို့ပဲ ပြောခဲ့ပါတယ်။
ယူတီကာ တို့၊ ဘတ်ဖဲလိုးတို့က လူတွေကို ချမ်းသာဖို့ဆိုတာ လူရည်လည် ဖို့ပဲ လိုတယ်။ လူရည်လည်အောင် လုပ်ပြီး ချမ်းသာအောင်
ကြိုးစားကြပါဗျာလို့ ပြောခဲ့ဆိုခဲ့ပါတယ။် သူ့ပရိတ်သတ်နဲ့ သူ့တရားဟောရတာပေါ့။ သူတို့ကို ကျောင်းပြန်တက်ခိုင်းရမလားဗျာ။
ပညာသင်ရမယ့် သူ ပညာသင်၊ နိုင်ငံရေးလုပ်ရမယ့်သူ နိုင်ငံရေးလုပ်၊ ချမ်းသာအောင်လုပ်ပြီး ချမ်းသာကြီးပွား စီးပွားလုပ်မယ့်သူလုပ်၊
အကုန်လုံးလိုတယ်လေဗျာ။
ကျနော်တို့မြန်မာတွေက တနေရာဆို စုပြုံ လိုက်လေ့ရှိတယ်။ ခုကိုပဲ မီဒီယာသမားတွေကအစ နိုင်ငံရေးမှ နိုင်ငံရေး၊ ပင်နီမှပင်နီဖြစ်
နေကြပြန်ပြီ။ ကိုယ့်အလုပ်ကိုယ်လုပ်တာ နိုင်ငံရေး ဆိုတာလည်း မမေ့ကြစေချင်ဘူး။
ကျနော်တို့မြန်မာပြည်မှာ... စတိဗ်ဂျော့ခ်ျ လည်း လိုတယ်။
                             ဘီလ်ဂိတ် လည်းလိုတယ်။
                           ဂျော့ဆိုးရော့စ် လည်းလိုပါတယ်။
                          စပီးလ်ဘတ်ခ် လည်း လိုပါတယ်။
   တော်လှန်ရေး ဆိုရင်တောင် လီနင်ချည်းပဲလည်း မရ၊ ဂေါ်ကီ ကလေးလည်း လိုပါကြောင်းဗျာ..။

ဒီလို အိပ်မက်တွေ အောင်မြင်ဖို့ ဘာ အရေးကြီးဆုံးလည်းဆိုရင် ထုံးစံအတိုင်း တရားကလေးနဲ့ပဲ သိမ်းပါ့မယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဒီလို ဥပမာပေးလေတယ်။ “ဆား” လိုကျင့်တဲ့။ဘုန်းကြီးကျောင်းတွေက ဟင်းလေးအိုးကြီး ဟင်းပေါင်းအိုးကြီးထဲ ဟင်းမှန်သမျှ အကုန်ရောထည့်တော့ ၀က်သားလည်း ၀က်သားအရသာပျောက်၊ ငါးလည်း ငါးအရသာပျောက်၊ ချည်ပေါင်လည်း ချည်ပေါင်အရသာပျောက်ရတယ်တဲ့ဗျား။ဆားကတော့ ဘယ်ရောက်ရောက် ငန်တဲ့ အရသာ မပျောက်ပါဘူးတဲ့။
ကိုယ့်အမျိုးတို့ရေ...
ဘယ်ရောက်ရောက်ဗျာ... ဘယ်နေနေဗျာ...
“ဆား” တွေပဲ ဖြစ်စေချင်ပါကြောင်း. . .။                  ။

ချစ်ခင်စွာ
ချိုတူးဇော်

2 comments:

  1. လေးစားပါတယ် ဆရာ.... အိုးဘားမား တောင် သမ္မတဖြစ်သေးတာပဲ ကျွန်တော်တို့ မြန်မာတွေလဲ ဘာလို့ မဖြစ်နိုင်ရမှာလဲ...အမေရိကားမှာဆို မြန်မာလူမျိုးတွေ 2nd generation 3rd generation လောက်ဖြစ်နေလောက်ပါပြီ အဓိက က ဘယ်နေရာရောက်ရောက် မြန်မာစိတ်မပျောက်ဖို့  ကိုယ့်ကိုကိုယ်မြန်မာလူမျိုးဖြစ်ရတာ မရှက်ဖို့ ပဲလိုတာပါ။

    ReplyDelete
  2. ““ ကိုယ့်တိုင်းပြည်ထဲ ဖင်မရွှေ့ပဲ နေပြီး၊ အခွင့်ထူးခံ၊ ကိုယ့်တိုင်းသူပြည်သားတွေကို အမြတ်ထုတ်၊ ဂုတ်သွေးစုပ် ချစ်တယ် ချစ်တယ် ပြောပြီး နိုင့်ထက်စီးနင်း အုပ်ချုပ်နေတဲ့ သူမျိုးနဲ့ ဘယ်နိုင်ငံသား ခံယူခံယူ အချိန်တန် ကိုယ့်တိုင်းပြည် ဒုက္ခရောက်နေပြီဟဲ့ ဆို ငွေအားလူအားလှူကြဒါန်းကြတဲ့ သူတွေ ဘယ်ဟာက အချစ်သာမလဲ ””

    ““ ကျနော်တို့ မြန်မာတွေကိုလည်း ဒီလို ကမ္ဘာ့ထိပ်တန်း လူ့အဖွဲ့အစည်းကြီးမှာ “စွာ” စေချင်တယ်။ နေရာတွေယူထား၊ နေရာတွေ ရထားစေချင်တယ်။ ကိုယ့်ယဉ်ကျေးမှုကိုယ် ထိန်းသိမ်းကြမယ်ဆိုရင်၊ ကိုယ့်ဘာသာကိုယ်ကြည်ညိုကြမယ်ဆိုရင် ဘယ်မှာနေနေ၊ ဘယ်သူတွေနဲ့နေနေပါ။ ””

    ဒီ အတွေး လေးတွေ ကို သဘောတူ ပါတယ် ဆရာချိုတူးဇော် .. မြန်မာလူမျိုးတွေ ဘယ်နေရာ နေနေ မြန်မာစိတ် မပျောက်ဖို့  သာ အရေးကြီးပါတယ် ...။

    ရွှင်လန်းချမ်းမြေ့ပါစေ.

    ReplyDelete