Thursday, February 23, 2012

အမေရိကန်တွေ ဆီက ရသမျှ - ၎

အမေရိကန်တွေ ဆီက ရသမျှ-၎

Land of Opportunity ဆိုတာ. . .



အမေရိကန်ဒရင်းမ် ဆိုတာ လူတိုင်းကြားဖူးတဲ့ စကားလုံးပါ။ တကယ်လည်း ကျနော်တို့မြန်မာ
တွေအပါအ၀င် တကမ္ဘာလုံးမှာ ရှိတဲ့ တတိယကမ္ဘာနိုင်ငံသားတွေဟာ အမေရိကားကို ၀င်ခွင့်
ရဖို့၊ အမေရိကန်ဖြစ်ခွင့်ရဖို့ အိပ်မက်တွေမက်ကြတယ်။ အမေရိကန်အိပ်မက် ထဲမှာ လူတိုင်း
ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျဖန်တီးနိုင်ခွင့် အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ တထွေး
ကြီးကို ရလာလိမ့်မယ်လို့မျှော်လင့်ကြတယ်။ တကယ်တန်းလက်တွေ့သူတို့ရနေတဲ့ဘ၀ဟာ
သူတို့အိပ်မက်တွေနဲ့ တခြားစီဖြစ်နေတာတွေလည်း ရှိတယ်။ အိပ်မက်နဲ့ လက်တွေ့တထပ်
တည်း ကျတဲ့သူဆိုတာ အင်မတန်မှ နည်းပါးတာကို တွေ့ရပါတယ်။ ဒီအတွက် လုံးဝကြီး မဟုတ်
ဘူးလား ဆိုတော့ မဟုတ်ပြန်ပါဘူး။
ရှေ့မှာ ကျနော်တင်ပြခဲ့တဲ့ နိုင်ငံရေးပြဿနာတွေဟာ အဲဒီ လူများစု ပြည်သူလူထုတွေရဲ့ ရပိုင်ခွင့်
အခွင့်အလမ်းတွေ ဆုံးရှုံးနေတာနဲ့ပါတ်သက်ပါတယ်။ အမေရိကားကို ဘာလို့လူတိုင်း
လာချင်ကြ နိုင်ငံသားခံယူချင်ကြသလဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပါ။
လူတိုင်း ဒီလိုတော့ နားလည်ချင်မှ နားလည်မှာပေါ့။ လွယ်လွယ်ကူကူပြောရရင် စနစ်၊
တိုင်းပြည်ကို တည်ထောင်၊ လည်ပတ်ထားတဲ့ စနစ်ကြောင့်ပါ။
တကယ်တော့ အမေရိကားဆိုတာ ခိုလှုံသူများ၊ နယ်မြေသစ် ရှာဖွေသူများရဲ့နေရာ၊ အင်မီးဂရန့်
တွေရဲ့ တိုင်းပြည်ပါ။ အခြေခံဥပဒေမှာကိုက အမေရိကန်လူမျိုးဆိုသည်မှာ အမေရိကန်နိုင်ငံသား
ကို ဆိုလိုသည် လို့ အတိအလင်းကြေညာထားတယ်။ အမေရိကန်နိုင်ငံသားတိုင်း တန်းတူညီမျှ
အခွင့်အရေးကို ရကြတယ်။ အမေရိကားမှာ အသွေးအရောင်၊ လူမျိုးဘာသာခွဲခြားဆက်ဆံတာ
ကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်။
အတွင်းမှာ ဘယ်လောက်ပဲ ခွဲခြားမှုရှိနေ ဥပဒေအရ တရားစွဲနိုင်၊ အရေးယူနိုင်တဲ့အတွက် ဘယ်သူ
မှ ပေါ်ပေါ်ထင်ထင် ခွဲခြားဆက်ဆံတာ မလုပ်ရဲပါဘူး။
နောက် ကိုလွင်ငြိမ်းချမ်းကျော်ပြောတဲ့ အင်္ဂလိပ်စကားတောင် ရေလည်အောင်မတတ်ပဲ သန်းကြွယ်
သူဌေးဖြစ်သွားတဲ့ မက္ကဆီကန်ကြီးလို ဇာတ်လမ်းမျိုးတွေဟာ အမေရိကားမှာ အများကြီးပါ။ ဒါဟာ
အမေရိကားမှာပဲ ရှိနိုင်တဲ့ ဇာတ်လမ်းတွေပါ။ ဒါတွေကြောင့်လည်း တကမ္ဘာလုံး တတိယနိုင်ငံသား
တွေက အမေရိကားမှ အမေရိကား သည်းသည်းလှုပ်ဖြစ်ရတာပါ။ ခင်ဗျားဟာ ခိုလှုံသူတယောက်
ဆိုပေမယ့် အမေရိကန်နိုင်ငံသားဖြစ်သွားပြီဆိုတာနဲ့ အခွင့်အရေးတွေကို တမ်းတူရနိုင်သလို၊
တချိန်တည်းမှာ ခင်ဗျားရဲ့အရည်အချင်းပေါ်မှီတည်ပြီး အခွင့်အလမ်းတွေကလည်း တလဟော ရ
နိုင်ပါသေးသဗျာ။
ကျနော်ဒီစာတွေကို စ ရေးတာနဲ့ တချို့ကလည်း အမေရိကန်မကောင်းကြောင်းတွေရေးနေတယ်၊
လို့မြင်ပါတယ်။ အမေရိကား ကို အဆိုးမြင်တိုက်ခိုက်နေတယ် လို့ ယူဆပါတယ်။ ဘယ်အရာမ
ဆို အကောင်းရော၊ အဆိုးရောကို ခွဲခြမ်းစိတ်ဖြာဖို့လိုပါတယ်။ နောက် စေတနာပါရင် အဆိုးများ
များမြင်ရတယ်။ စေတနာနဲ့မြင်ရတာပေါ့ဗျာ။ ကျနော်အမေရိကားရဲ့ အဆိုးတွေကို ရေးတဲ့ သား
တဲ့ ပြောဆိုတဲ့အခါ အမေရိကန်မြန်မာတချို့က ကက်ကက်လန်အောင် ရန်တွေ့တာလည်း ခံရ
ပါတယ်။ မြန်မာပြည်က ဘယ်လောက်ကောင်းနေလို့လဲ ဆိုပြီးတော့လေ..။ ကျနော်က အမေရိကား
ရဲ့ အားနည်းချက် အားသာချက်တွေကို ပြောဆိုဆွေးနွေးမှုတွေ အိုင်ဒဗလျူပီမှာ လုပ်ကိုလုပ်ရပါတယ်။
အမေရိကန်တွေဟာ စကားလက်ဆုံကျတာနဲ့ ငါတို့တိုင်းပြည်ကို မင်းဘယ်လိုမြင်သလဲ၊ ငါတို့အစိုးရ
ကိုကော မင်းဘယ်လိုမြင်သလဲ ဆိုတဲ့ မေးခွန်းမျိုးကို အမြဲမေးတတ်ပါတယ်။

“မင်းတို့အစိုးရက ကောင်းပါတယ် ဒါပေမယ့် မင်းတို့အစိုးရဟာ မင်းတို့ပြည်သူတွေအပေါ်မှာပဲ ကောင်း
တာ အပြင် ကမ္ဘာပေါ်မှာတော့ နည်းနည်းလေးမှ မျှတမှုမရှိတဲ့အစိုးရတရပ်ပဲ၊ မင်းတို့အစိုးရဟာ မင်းတို့
နဲ့ တူမှ ကူညီတယ်၊ ရိုင်းပင်းတယ်။ မင်းတို့နဲ့ သဘောထားချင်း ကွဲလွဲတာနဲ့ တိုက်ခိုက်တယ်၊ တရားတာ
မတရားတာ မစဉ်းစားဘူး”
 လို့ဝေဖန်တော့ စိတ်ဝင်စားစွာနဲ့ နားထောင်ပါတယ်။ ဥပမာပေးခိုင်းတယ်။

“ဒီနေ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ အာဏာရှင်တော်တော်များများဟာ မင်းတို့အစိုးရအားပေးထောက်ပံ့လို့ ရပ်
တည်နိုင်ခဲ့တာ။ ငါတို့မြန်မာပြည်က ဦးနေ၀င်းအပါအ၀င် အာဏာရှင်တွေဟာ မင်းတို့ အစိုးရထောက်ပံ့ခဲ့
တာပေါ့။ ဦးနေ၀င်းဟာ ဗကပ ကို ပဲခူးရိုးမမှာ အပြီးသတ်ချေမှုန်းလိုက်နိုင်တဲ့အခွင့်အရေးရပေမယ့် တမင်
မွေးခဲ့တယ်။ ပြည်တွင်းစစ်ကို တမင်ရှည်ကြာအောင်လုပ်ခဲ့တယ်။ ၀ လူမျိုးစုတွေနဲ့ ဗကပကြီး အလုံးအရင်း
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ အင်အားတွေကြီးထွားလာတဲ့အခါမှာတော့ ကွန်မြူနစ်တစ္ဆေခြောက်ခံ
နေရတဲ့ အမေရိကားကို လက်ညှိုးထိုးပြပြီး သူ့ရဲ့အာဏာရှင်သက်ဆိုးရှည်အောင် ရပ်တည်နေခဲ့တယ်။

ဦးနေ၀င်းကျောင်းသားတွေကိုလမ်းပေါ်မှာပစ်သတ်တာ အမေရိကန်အစိုးရမသိ ဘယ်နေပါ့မလဲ သိတာပေါ့၊
ကျောင်းသားသမဂ္ဂအဆောက်အဦ ကို မိုင်းခွဲဖျက်ဆီး၊ ဦးသန့်အရေးအခင်း အကုန်သိတာပေါ့။ သိသိနဲ့
နှာစေးနေခဲ့တယ်။ သူတို့ရဲ့ ကွန်မြူနစ်ရန်သူတွေကို ဆန့်ကျင်တိုက်ခိုက်တာနဲ့ ဒီလိုနှာစေးနေတာပါ။
ကျနော်ဒီလိုဝေဖန်တာကို ခရစ္စတို့ အမေရိကန်စာရေးဆရာတွေက သဘောတူဝန်ခံကြပါတယ်။
ငါတို့ အမေရိကန်အစိုးရက ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လွန်းတယ် လို့ ပြောပါတယ်။

အာဏာရှင်စနစ်အောက်မှာနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို မင်းတို့ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူး၊ ဘယ်တော့မှ ကိုယ်ချင်းစာနာနိုင်မှာ မဟုတ်ဘူး။ မင်းတို့တွေ့ စာနာသင့်တယ် လို့ ကျနော်ပြောပြပါတယ်။ သူတို့တွေ စိတ်မကောင်းဖြစ်ကြပါတယ်။ New Mexico ခရီးစဉ်မှာ အိုင်ဒဗလျူပီက ခရစ္စ ရယ်၊ ငါ့ကို ဘော့ဗ် လို့ပဲ ခေါ်လို့ပြောခဲ့တဲ့ အင်မတန်မှ စွာတဲ့ အမေရိကန် ဂျာနယ်လစ်စာရေးဆရာကြီးရယ်၊ ဧည့်ခံကျွေးမွေးခဲ့တဲ့ စာရေးဆရာလင်မယားရယ်၊ ကျနော်ရယ်၊ အိုင်ယာလန်ကဗျာဆရာမ နဲလ် ရယ်  ည ၁၂ နာရီထိုးတဲ့အထိ စကားတွေလက်ဆုံကျခဲ့တယ်။ အဲဒီလိုပြောတိုင်းဆိုတိုင်း အမေရိကန်တွေဟာ သေချာနားထောင်တယ်။ အထူးသဖြင့် သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ ပညာရေးစနစ်က ဆန့်ကျင်ဘက်အမြင်၊ ဆန့်ကျင်ဘက် အဆိုးပြောဆိုဝေဖန်ရင် လေးလေးစားစားနားထောင်တယ်။ ပြောသူက စေတနာနဲ့ဆိုရင်
သေချာသုံးသပ်ဆွေးနွေးတယ်။ ဒါဟာ သူတို့ဒီမိုကရေစီ စနစ်အောင်မြင်စေတဲ့ အလေ့အထ၊
လေ့ကျင့်ပျိုးထောင်ထားမှုပါ။ ကျနော်တို့ မြန်မာတွေကတော့ ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်တာနဲ့ ငမ်းငမ်း
တက် ရန်ရှာတော့တာပဲဗျာ။
နောက် အမေရိကန်မြန်မာတွေဟာ ဌာနေအမေရိကန်အစစ်တွေထက်တောင် အမေရိကန်မကောင်းကြောင်းအပြောမခံတော့ မွတ်စလင်နဲ့ညားပြီး မွတ်စလင်ဖြစ်ရတဲ့ မယားက မွတ်စလင်အစစ်ထက်တောင် အလာရ် ကို ကြည်ညိုသလိုပါလား လို့ ညည်းမိပါရဲ့။
ကျနော်ရှေ့မှာ ဆိုထားတဲ့အတိုင်း အမေရိကားရဲ့ကောင်းကွက်တွေကို ချီးကျူးမကုန်အောင် များလှသလို၊ အားနည်းချက်၊ ပျော့ကွက်တွေကိုလည်း သေချာသိအောင် လုပ်ဖို့လိုတယ်။ ဒါမှ ကျနော်တို့တိုင်းပြည်အ
တွက် မကောင်းတဲ့ ဆိုးရွားမှုတွေကို ကာကွယ်နိုင်မယ်။ အရေးအကြီးဆုံးက လတ်တလောအရေးအကြီးဆုံးက ဒီအမေရိကန်အစိုးရရဲ့ ပျော့ကွက်ကို သိတဲ့ စစ်အာဏာရှင်အင်အားစုတွေဟာ အမေရိကန်အစိုးရ အားနည်းချက်ကို ကိုင်ပြီး ထောက်ခံမှုရအောင် အမျိုးမျိုးအားထုတ်နေကြတယ်ဆိုတာပဲ။ လွန်ခဲ့တဲ့ နှစ်၂၀ လုံးလုံးမူးယစ်ဆေးဝါးဆန့်ကျင်မှုတွေကို အမျိုးမျိုးလုပ်ပြတယ်။ ပြီးရင်..သတင်းစာရှင်းလင်းပွဲတွေနဲ့ ဒီမူးယစ်ဆေးဝါးတွေကို ဖြန့်ချိထုတ်လုပ်နေတဲ့ လက်နက်ကိုင်တွေကို နှိမ်နှင်းပေးနေတဲ့ အစိုးရအနေနဲ့ ထောက်ခံမှုကို ရအောင် ကြိုးစားခဲ့တယ်။

နောက်တခါ ကွန်မြူနစ်တွေ ဘယ်လို နောက်က ကြိုးကိုင်နေပါတဲ့ ၈၈၈၈ ကြီး ပါ လို့လည်း လုပ်ကြံဖန်တီး
သတင်းလွှင့်ခဲ့ပါသေးတယ်။ ဦးအောင်ကြီးကို ဒလန်လွှတ်ပြီး ဒီမိုကရေစီအင်အားတွေကို ကွန်မြူနစ်တွေကြီးစိုးလို့ပါ လို့ ရွေးကောက်ပွဲခါတော်မီ ဖြိုခွဲဖို့ ကြိုးစားခဲ့တယ်။
စစ်အာဏာရှင်တွေ မသိတာက ဦးနေ၀င်းရဲ့ မဆလ ခေတ်နဲ့ မတူတော့တဲ့အချက်ဟာ ဒီဘက်ခေတ်မှာ
ဘာတခုမှ လုပ်ကြံဖန်တီးအတုအယောင်လုပ်လို့မရတော့ဘူးဆိုတာပါပဲ။
သတင်းအချက်အလက် ဆက်သွယ်ရေးခေတ် အိုင်တီခေတ် ကိုရောက်နေတဲ့အတွက် ကျနော် ဂူဂဲလ် မက်ပ်နဲ့ မြန်မာပြည်ရဲ့ ကြိုက်တဲ့နေရာ ကြိုက်တဲ့လမ်းမှာ သွားလာလှုပ်ရှားနေထိုင်နေကြတာကို
တွေ့နိုင်မြင်နိုင်ကြည့်နိုင်တယ်။ လူရှေ့သူရှေ့ ဘိန်းတွေဘယ်နှတန်လို့ မီးရှို့ပြနေပေမယ့် ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးကနေ၁၅ မိုင်လောက်ပဲကွာတဲ့နေရာမှာ နယ်မြေခံတပ်ရင်း၊ တပ်မတွေကို ဆက်ကြေးပေး ထားတဲ့ မျက်စိတဆုံးဘိန်းခင်းကြီးကို အမေရိကန်နိုင်ငံသားတိုင်း အချိန်မရွေးမြေပုံကနေ လေ့လာလို့ရနေတယ်။
စစ်အာဏာရှင်အင်အားစုတွေဟာ နည်းအမျိုးမျိုးကြိုးစားလို့မရတော့မှ အန်တီစု ကို လွှတ်ပေးရတယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေလုပ်ရတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ တကယ်ပြောင်းချင်တဲ့သူတွေ ရှိကောင်းရှိမယ်၊ပြောင်းလဲမှုကို လိုချင်တဲ့သူတွေက အပြောင်းအလဲဖြစ်အောင် ဦးဆောင်ကြိုးပမ်းနေကြတယ် ဆိုတာ
ကျနော်လက်လည်းလက်ခံ၊ မြင်လည်းမြင်တယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အဲဒီ လူတွေနဲ့အတူ အချိန်မရွေးနောက်ကြောင်းပြန်လှည့်ချင်တဲ့ အန္တရာယ်ရှိနေတယ် လို့လည်း ထောက်ပြတာပါ။ ဒီလူတွေက အမေရိကန်အစိုးရအပါအ၀င် အနောက်အုပ်စုတွေကို ဦးနေ၀င်းတုန်းက ဆက်ဆံသလို ဆက်ဆံခွင့်ရဖို့ ကြိုးပမ်းနေတယ် ဆိုတာကိုထောက်ပြချင်တာပါ။
အရမ်းရှည်နေပြီ... ကွန်နက်ရှင်မကောင်းသူတွေအတွက် ခဏ ဖြတ်ပါဦးမယ်။

ဆက်ပါ့မယ်ဗျာ



ချိုတူးဇော်

No comments:

Post a Comment