Wednesday, February 22, 2012

အိပ်မက်တွေနဲ့ လျှောက်ခဲ့တယ်

ကြွေးပတ်လည် ၀ိုင်းသော ဗီဇာ


ကျနော်ဗီဇာ ကိစ္စ အမေရိကန်သံရုံးကို ဖုန်းဆက်မေးတော့ တာဝန်ခံဖြေတဲ့အမျိုးသမီးက ဗီဇာအင်တာဗျူးဒိတ်တွေ ၃၀ ရက်နေ့ထိပြည့်သွားပြီ လို့ပြောပါတယ်။ ကျနော်က ကျနော့် အိုင်ဒဗလျူပီ အစီအစဉ်က ၂၈ ရက်နေ့စမှာဖြစ်တဲ့အကြောင်း၊ ၂၇ ရက်နေ့အရောက်သွားရမှာ လို့ ပြောတော့ အွန်လိုင်းဗီဇာ အရင်လျှောက်ဖို့ပြောပါတယ်။ ဒါနဲ့အွန်လိုင်းက ဗီဇာလျှောက်တဲ့အလုပ်ကိုလုပ်ရပါတော့တယ်။ သွားနေလာနေကျ အတွေ့အကြုံရှိတဲ့သူတွေအတွက် ဒါတွေဟာ ထမင်းစားရေသောက်လွယ်ကူတဲ့အလုပ်တွေဖြစ်ပေမယ့် ကျနော်တို့လို အတွေ့အကြုံလုံးလုံးလျားလျား မရှိတဲ့သူတွေအတွက်တော့ ဘယ်က စ လို့၊ ဘယ်လို ဆုံး ရမှန်းမသိတာတွေချည်းပါ။ပြဿနာတွေ အမျိုးမျိုး၊ သူတို့ကလည်းအင်မတန်မှ ဂျီးများကန့်သတ်တဲ့ အရာတွေ။ ဗီဇာနဲ့ပါတ်သက်ပြီး ဒေါင်းလုပ်လုပ်တဲ့အခါမှာတောင် လေဆာပရင်တာနဲ့မှ..ဆိုတာ ရှိသေး။ တော်သေးတာပေါ့ ကျနော့်ပရင်တာလေးက အိပ်ခ်ျပီလေဆာပရင်တာလေးဖြစ်နေပေလို့။
ဗီဇာဖြည့်တဲ့အခါမှာ နားမလည်တာတွေကလည်းအများကြီး။ နော်ဝေမှာနေနေတဲ့ ကျနော့် မိတ်ဆွေတယောက်ကို လှမ်းလှမ်းမေးရပါတယ်။ သူက အဲဒီမှာ အိုင်တီအင်္ဂျနီယာအနေနဲ့ ရောက်နေတာပါ။ ကျနော်နဲ့ဖေ့စ်ဘွတ်ခ် က တဆင့်သိကျွမ်းခင်မင်ပြီး၊ ရန်ကုန်ကိုလာတုန်းခဏလည်း တွေ့ကြဆုံကြ စကားတွေပြောဖြစ်ရင်း လေပေးဖြောင်ခဲ့ကြက ဆက်ခင်မင်နေတာပါ။ ဖေ့စ်ဘွတ်ခ်က လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒီလိုပြောရတာ မနေ့က သူငယ်ချင်းတယောက် က ဖေ့စ်ဘွတ်ခ်ကို မယုံကြည်ကြောင်း၊ ဖေ့စ်ဘွတ်ခ်က ပေါင်းသင်းတဲ့သူငယ်ချင်းကို မယုံကြည်ကြောင်း ခါးခါးသီးသီးပြောလို့ပါ။
ကျနော့်ဖြင့်ဒီဖေ့စ်ဘွတ်ခ်
မှာ စာစရေးတဲ့အချိန်ကစပြီး အဲဒီ မမြင်ရတဲ့မိတ်ဆွေတွေကို ချိန်းကြချက်ကြ မြင်ကြတွေ့ကြ၊ အပြန်အလှန်ထောက်ပံ့ကူညီကြရတာ အများကြီးပါ။ အဲဒီသူငယ်ချင်းမ ကလည်း နော်ဝေမှာ အင်မတန်မှ တယောက်တည်းဖြစ်လေတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားပြောလေ့ ရှိဟန်တူပါတယ်။ စာဖတ်ဝါသနာလည်းပါ၊ ရုပ်ရှင်လည်းကြည့်ဆိုတော့ တနေ့တနေ့စကားတွေပြောစရာတွေ ကုန်မကုန်နိုင်ပါဘူး။ ခု ဗီဇာကိစ္စကျတော့ သူ့ကိုပဲ ကျနော်အစအဆုံး အကူအညီတောင်းရပါတယ်။
“ မိုင်ဆစ် ..လုပ်ပါဦးဗျာ ဘာတွေနဲ့ဘာတွေမှန်းမသိဘူး ကျနော်မဖြည့်တတ်ဘူး”

အဆိုးဆုံးက ဖေါင်တခုက တခါတည်း ရိုက်ထည့်လိုက်ရမှာ၊ ဘောပန်နဲ့မဖြည့်ရဘူး။ ခက်တာက အဲဒီဖေါင်ကို ကျနော်ဒေါင်းလုပ်လုပ်ပြီး ပရင့်ထုတ်တတ်တယ်။ ဒါပေမယ့် အဲဒီဖေါင်ကို လက်ရှိဖေါ်မက်ကနေ ၀င်ရေးလို့ရတဲ့ဖေါ်မက် ကိုပြောင်းတဲ့အထိ ကျနော် ကွန်ပျူတာ မကျွမ်းဘူး။ ကျနော်ကွန်ပျူတာတတ်လာတာလည်း ဒီလိုပဲ ဆိုတော့ စနစ်မကျဘူးလေ။ ဒါနဲ့ နောက်ဆုံးမှာ ဂျီမေးလ်နဲ့ ကျနော့်ဖေါင်ကို အဲဒီနော်ဝေက သူငယ်ချင်းကို လှမ်းပို့၊ ဒေတာတွေကိုပါ ပို့။ သူက ဖြည့်ပြီး ကျနော့်ကို မေးလ်နဲ့ပြန်ပို့။ ဒီတော့ ကျနော့်ဗီဇာက နော်ဝေ အထိခရီးပေါက်ပြီးမှ ရန်ကုန်ကိုပြန်လာတာ။ ဓါတ်ပုံတောင် ၂ လက်မပတ်လည်ကို နောက်ခံအဖြူနဲ့မှတဲ့ဗျ။ အမေရိကန်တွေ ဂျီးများချက်ကဖြင့်။နောက်ဆုံး ဖေါင်တွေကို အွန်လိုင်းကတင်လိုက်ပြီးတဲ့အခါမှာ ခုန သံရုံးက အမျိုးသမီးဆီ ဖုန်းဆက်ရပြန်ပါသေးတယ်။ ကြားထဲပြောစရာ ကိစ္စရှိသေးတယ်။ ကျနော် သံရုံးကို ကဒီးကဒီး ဖုန်းတွေဆက်နေရင်း ကျနော့်ဖုန်းကို လုံးဝ အဖြတ်ခံလိုက်ရပါတယ်။ ဘာသံမှကို မကြားရတော့တာ။ ကျွတ် ဒီလောက် အရေးကြီးနေတဲ့အချိန်ဗျာ။ နာရီဝက်လောက် အဲဒီလိုဖြစ်သွားပြီး နောက်အော်တိုသံပြန်ဝင်လာတာနဲ့ တခြားဖုန်းနံပါတ်တခုကို နှိပ်ပြီး ဒီဗီဇာလျှောက်နေတာ သံရုံးကိုမဆက်လို့ ဘယ်ကိုဆက်ရမလဲလို့ ကြားဖြတ်နားထောင်သမားတွေ ကြားအောင် ဟိုတယောက်ကို ဓါးစာခံလုပ်ပြီး ပြောမှ ကိုယ်တော်ချောတို့မဖြတ်တော့ပါဘူး။ အင်း ဒုက္ခ ဒုက္ခ။ ဒါမျိုးက ကြုံနေကျပါ။ ဗီအိုအေ အင်တာဗျူးတွေလှမ်းဆက်တဲ့အချိန်မှာလည်း တခါတခါ လိုင်းပြတ်ကျသွားတာတွေ ရှိသဗျ။ တခါတခါ တီ ခနဲ သူတို့ချိတ်ဆက်တာ ကြားရသဗျ။ ကိုကျော်အောင်လွင်တို့ဘာတို့က အဆင်ပြေရဲ့လား လို့မေးတဲ့အခါ တကမ္ဘာလုံးကြားအောင်အသံလွှင့်မယ့်ကိစ္စ သူတို့မို့အပင်ပန်းခံနားထောင်နေတာဗျာ..လို့ ကလိရတယ်။ဒီလိုနဲ့ အွန်လိုင်းကတင်ပြီးတဲ့အခါ ဖုန်းပြန်ဆက်တော့ အခြေအနေကတမျိုးဖြစ်သွားပါပြီ။ အိုင်ဒဗလျူပီက စာရွက်စာတမ်းတွေကလည်း ပို့တာနောက်ကျပါတယ်။
ဒါပေမယ့် အမေရိက က ဒီကိစ္စကို ဆောင်ရွက်ပံ့ပိုးတဲ့မိတ်ဆွေက ကော်ပီတွေတောင်းပြီး ကျနော့်ကို ကော်ပီတွေပို့ပေးပါတယ်။ အဲဒီ ကော်ပီမှာပါတဲ့ နံပါတ်တွေ နဲ့ ကိန်းဂဏန်းတွေနဲ့ပဲ ကျနော် ဗီဇာဖေါင်ကိုဖြည့်ရတာပေါ့။ အိုင်ဒဗလျူပီ စောင့်နေမှဖြင့် ဒါ့ထက်ပိုနောက်ကျမှာပါ။ ကျနော်အွန်လိုင်းဖေါင်ပြီးဖုန်းဆက်တဲ့အခါမှာ တမျိုးဖြစ်သွားတယ်ဆိုတာကတော့ သံရုံးမှာ အလုပ်လုပ်နေတဲ့မိတ်ဆွေတယောက်က ဗီဇာ ဌာန ကိုပြောဆိုထားလို့ပါ။ ဒါနဲ့ သူက ကျနော့်ကို ..၁၆ ရက်နေ့မှာ ဖေါင်တင်ပါ။ ၂၃ ရက်နေ့မှာ အင်တာဗျူးလို့ ဒိတ်သတ်မှတ်ပေးလိုက်ပါတယ်။
တကယ်ဆို ဖေါင်တင်ပြီးမှ အင်တာဗျူးရက်ကို သတ်မှတ်ပေးလေ့ရှိပါသတဲ့။ ကျနော်ကတော့ အိုင်ဒဗလျူပီအနေနဲ့စီစဉ်ပေးပြီးသားဆိုတော့ သံရုံးကလည်း အားချင်းစီစဉ်ပေးတဲ့သဘောပါ။ အဲဒီသံရုံးက မိတ်ဆွေကြောင့်လည်းပါပါလိမ့်မယ်။ဖောင်တင်တော့ဗျာ..သံရုံးဝ က သံပုံးကြီးထဲ ပစ္စလက္ခတ်ထည့်ခဲ့ရတာဗျ။ အဲဒီလို ဖေါင်တင်ပြီးတဲ့အခါမှာ ကျနော်အပူတပြင်းလုပ်ရတာ..ဆရာဒဂုန်တာရာဆီ သွားဖို့ပါပဲ။ တပတ်အချိန်ရတယ်။ ဒီကြားထဲ ရအောင်သွား၊ ရအောင်ရိုက်၊ ရအောင်ပြန်။ ပြောရရင် အဲဒီအချိန်ထိ ကျနော့်လက်ထဲ ပိုက်ဆံတပြားမှ မရှိပါဘူး။ အရေးထဲ မင်းသမီး အဖြူအစိမ်းမ၀တ်ချင်လို့ ကားရိုက်ကပြတ်သွားရသေးတယ်လေ.။ ဆရာ့မှတ်တမ်းရိုက်ဖို့ ကျနော် ရံပုံငွေ ရှာရပါတော့တယ်။
ကျနော့်တွဲဘက်ဒါရိုက်တာ ဝေမာညွန့်က သူ့မှာ ရှိပါတယ် မပူပါနဲ့ဆိုပေမယ့်၊ ကျနော်က လူကြီး၊ ကျနော်က စ တာ။ တပြားမှ မပါပဲနေရမှာလိပ်ပြာ မသန့်ပြန်ဘူး။ နောက် အကျိုးအမြတ်အတွက် လုပ်ကြတာလဲ မဟုတ်။ တချို့တွေက ပြင်ပ အဖွဲ့အစည်းတွေဘာတွေနဲ့ ချိတ်ဆက်ပြီး ပရောဂျက်တင် ဂရန့်တွေ ရကြတယ်ဆိုပေမယ့် ကျနော့်အဖို့ ဝေးလွန်းလှတယ်။ ဒီမှာလာလုပ်နေတဲ့ နိုင်ငံခြား ရုပ်ရှင်အဖွဲ့တဖွဲ့က စိတ်ဝင်စားရင် စပွန်ဆာပေးတတ်ပါသတဲ့။ ဒါပေမယ့် များသောအားဖြင့် အကုန်သိမ်းပြီး သူတို့ဆီမှာပဲ ပြတာ တဲ့။ဒါတော့ဘယ်ဖြစ်မလဲ၊ ကျနော်က ကိုယ့်တိုင်းပြည်က “တာရာ” ကို ကိုယ့်တိုင်းပြည်ထဲမှာ ထွန်းလင်းစေ့ချင်တဲ့ဟာ။ ဒါ့ကြောင့်အဲဒီ အဖွဲ့အစည်းက စိတ်ဝင်စားတယ်ဆိုပေမယ့် ကျနော် မတွေ့ချင်တော့ဘူး လို့ပဲ ငြင်းလိုက်ပါတော့တယ်။ ဒီအတိုင်းပဲ တွေ့ချင်တယ်၊ သူက ကိုယ်ပိုက်ဆံထုတ်ပေးရမယ့် လူလိုမျိုးကျနော့်ကိုကြည့်တာ မခံနိုင်ဘူးလို့။ ညံ့တယ်ပဲ ဆိုချင်ဆိုဗျာ။ဒီလိုနဲ့ နော်ဝေက အမျိုးသမီးမိတ်ဆွေက သူလည်း ထည့်ပါ့မယ် ရန်ပုံငွေကိုတဲ့။ ဒါပေမယ့် ကျနော်ချေးပဲချေးလိုက်ပါတယ်။ ပြန်ဆပ်ပါ့မယ်ပေါ့။ ငွေငါးသိန်းလွှဲပေးပါတယ်။ အင်း မဆိုးဘူး ရပြီ။ ဒါပေမယ့် ကျနော့်အနေနဲ့ ခရီးသွားဖို့ ပြင်ရဆင်ရဖို့ လိုနေပါသေးတယ်။ ပြောရရင် ဘိနပ်က အစ မရှိဘူး။ တကယ့်တကယ် မိတ်ဆွေသူငယ်ချင်းတွေ အများကြီး ရှိပေမယ့် ကျနော် အကူအညီတောင်းဖို့ အင်မတန်ဝန်လေးပါတယ်။ အားလုံးက သူလိုကိုယ်လို ရုန်းကန်နေကြရတဲ့ဟာဗျာ။ ကျနော့် အမြဲငွေချေးနေကျ က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ တိုးကြီး လို့ကျနော်တို့ခေါ်ကြတဲ့ တိုးကျော်လှိုင်ပါ။ သူ့ဆီက အမြဲချေးပါတယ်။

ချေးဖြစ်သွားတာလဲ သူက နည်းနည်းနှံ့စပ်လို့ ကျနော်ဖုန်းလေး ပေါင်ပေးစမ်းပါဗျာလို့အရေးပေါ်ငွေလိုတဲ့အချိန်အကူအညီတောင်းရာက ဒီလောက်ငွေဖြင့် ကျနော့်မှာအမြဲအဆင်သင့် ရှိတယ် ခင်ဗျားလာယူပါ ဆိုပြီးထုတ်ပေးရာက စ တယ်။ ပိုက်ဆံသာမရှိတာ.၊ ကားရိုက်လာအပ်ရင် ကိုရီးယားဇာတ်လမ်းမို့ မရိုက်ဖူးလို့ ခေါင်းကမာလိုက်သေး ဟားဟား။ ဒါကြောင့် ငှက်ကြီးသီချင်းကို အမြဲညည်းတာပေါ့ ...ပိုက်ဆံတပြားမှ မရှိလဲ...သိက္ခာရှိချင်သေး သတဲ့ . . .လို့။သူ့ဆီက ပိုက်ဆံကို ကားရိုက်ပြီးတာနဲ့ ပြန်ဆပ်၊ နောက် တခါလိုပြန်တော့ ပြန်ချေးနဲ့ လုံးလည်ပတ်ချာလိုက်နေတာပဲ။ သူက စကားပြန်အလုပ်ကိုလုပ်တော့ ကျနော်တို့ စာရေးဆရာ၊ ကဗျာဆရာတွေကြား ဒေါ်လာစား အယ်ဒီတာအနေနဲ့ ထောသကိုးဗျ။ဒီတခါတော့ သူ့ကိုဆပ်ဖို့ချိန်းထားတဲ့ရက် ကျနော်မဆပ်နိုင်တော့ပါဘူး။ တိုးကြီးက ကျနော့်ကို ဘာမှမပြောပါဘူး။ ဖြစ်ချင်တော့ သူလည်း ငွေလိုနေပါတယ်။ ကျနော် ရအောင် ရှာပေးပါ့မယ်လို့ ခပ်ရဲရဲပဲ အာမခံပေးပြီး ကျနော့်အိမ်ခန်းကို ၀ယ်ပါလားလို့ သူ့ကို ပြောရတယ်။
“ဒီမှာ ကျုံယွမ် အကြောင်းခင်ဗျားသိတယ်မလား နောက်ဆုံး ကြိုက်ကြိုက်မကြိုက်ကြိုက် ငွေအပ်ထားတဲ့သူတွေဟာ မြေတွေ အိမ်ခန်းတွေကို ယူလိုက်ကြရတယ်  ခင်ဗျားလည်း ခင်ဗျားပိုက်ဆံမဆုံးချင်ရင် ကျနော့်အိမ်ခန်းကိုဝယ်” သူစိတ်ပျက်လက်ပျက်ရယ်ပြီး
“ ကျနော့် အထက်အရာရှိ နဲ့ တိုင်ပင်ပါဦးမယ် ” လို့ပြန်ပြောပါတယ်။
အထက်အရာရှိဆိုတာ သူ့မိန်းမကိုပြောတာဗျ။ကျနော် စ စ ချင်းငွေချေးတုန်းက အတိုးယူပါပြောခဲ့လို့ ကြိမ်းမောင်း ရန်တွေ့ခဲ့တဲ့ သူငယ်ချင်းဟာ ခုလည်း စာနာမှုတွေနဲ့ နားလည်ပေးခဲ့ပြန်ပါတယ်။ ကျနော့်အခန်းကိုဖြင့် ရောင်းဖို့ကြော်ငြာထားတာ ကြာလှပေါ့။ တယောက်ထဲ နေနေတဲ့ ဒီအခန်းက ဟိုးခေါင်မိုးပေါ် အပေါ်ဆုံးထပ် ဆိုပေမယ့် ကျနော် အင်မတန်မှ သံယောဇဉ်ကြီးလှပါတယ်။ ဒီအခန်းမှာ ကျနော့်ဘ၀ တခု ပြောင်းလဲတည်ဆောက်ခဲ့ရဖူးတယ်လေ။ကျနော့်ငယ်သူငယ်ချင်းဖြစ်တဲ့ ကင်မရာမင်းကျော်ညွန့်ကတော့ တခြားသူငယ်ချင်းတယောက်ကို ကျနော့်အကြောင်းပြောပါသတဲ့။
“ ဒီကောင် ပိုက်ဆံရှာမယ် ဆို ရှာလို့ရရဲ့ သားနဲ့ ဘာတွေလုပ်နေတယ် ဘယ်လိုတွေ လုပ်နေတယ် ဆိုတာ မသိတော့ဘူးတဲ့။ တလ ကို တကားလောက်ဖြစ်ဖြစ် မှန်မှန်ရိုက်၊ ၂ ကားလောက်ဆို အလျှံပယ်ပဲတဲ့။

ဗီဒီယိုလောကမှာ ကျနော်ဟာ အောက်ကြေးနဲ့မရိုက်တဲ့ ဒါရိုက်တာတွေထဲ တဦးပါပါတယ်။ ကျနော့်ကို ကားရိုက်လာချိတ်ရင် ကျနော်လိုချင်တဲ့ဈေးရမှ ရိုက်ပါတယ်။ ခုနောက်ဆုံးရိုက်တော့ ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာခ ကို ၁၄ သိန်းယူပါတယ်။ လုပ်စားချင်ရင် မက်စရာကြီးပေါ့။ ဒါပေမယ့် ကျနော် ပျော်မှ မပျော်တာ.။ ပိုက်ဆံဘယ်လောက်လိုလို ကျနော့် ယုံကြည်မှုကိုတော့ ရောင်းမစားပါဘူး။ ဒီလိုနဲ့ ငတ်ရောပေါ့ဗျာ ဟားဟား
။နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတယောက်က မြန်မာပြည်ပြန်ရောက်တုန်း ကျနော့်ကိုဝေဖန်သွားလေရဲ့။
မင်းကိုမင်း မကြည့်နဲ့ သူများတွေက မင်းကိုမြင်တဲ့အမြင်လေး လည်း နားထောင်ဦး တဲ့။
သုခမိန်က မကေး ကတော့ ကျနော့်ကို ဘ၀ ပျက်နေပြီ လို့ သုံးနှုန်းပြောဆိုခဲ့ဖူးတယ်။ (သူနဲ့လည်း မောင်နှမလိုခင်တာကိုး)
အရင် ကားစီးနေရာက ကားမရှိတော့လို့ ဘတ်စ်ကားစီးရင် လူတွေက ဘ၀ပျက်သွားပြီ၊ ဆိုပြီး သုံးနှုန်းပြောဆိုကြ၊ ဆင်းရဲမှာကိုသေမလောက်ကြောက်ကြလေရဲ့။
တခုပဲ ကျနော်မေးချင်တယ် ဘ၀ဆိုတာ ဘာလဲဗျာ။ ကျနော် ဒီဘက် ကာလတွေမှာ ၀ိပဿနာကို အားထုတ်တယ်။ လောကမှာ အမှန်တရားတခုကိုမြင်တယ်။ အဲဒီမမြဲသောတရားတွေအတွက် ကျနော့်ဘ၀ ကိုတည်ဆောက်ရမလား၊ ကျနော် သစ္စာ တခုအတွက် ဘ၀ ကိုတည်ဆောက်ရမလား။ သူတို့တွေမြင်သလို ကျနော့်ကို ကျနော် ဘ၀ ပျက်နေပြီ လို့မမြင်ပဲ၊ ကျနော့်ဘ၀ ခုမှ စ နေပြီ၊ တည် နေပြီလို့မြင်မိတယ်။
သူတို့အမြင် က မှန်မလား၊ ကျနော့်အမြင် က မှန်မလား။

ဆရာပါရဂူ ရဲ့ ဗုဒ္ဓ ဒိုင်ယာရီ ထဲမှာ
မာရ်နတ်က “ သိဒ္ဓတ္ထ သင်ဟာ အရင်တုန်းက ဘုရင် နန်းတော်ထဲ လိုလေးသေးမရှိ လက်ညှိုးညွှန်ရာ ပြည့်စုံခဲ့တယ်။ ခု သင့်ကိုယ်သင်ကြည့်ပါဦး ခွက်တလုံးဆွဲပြီး အိမ်တကာလှည့်လည်တောင်းစားနေရတယ် သင့်ကို လောက က လူတွေက ဘယ်လိုမြင်ကြမလဲ ” တဲ့။
ဒီတော့ ဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထက “ မာရ်နတ် ဟောဟိုမှာ ကျောက်တုံး တတုံးကို သင်တွေ့သလား အဲဒီကျောက်တုံးဟာ နှစ်ပရိစ္ဆေဒများစွာ ဒီနေရာမှာ ရှိခဲ့တယ် ။ ဒီကျောက်တုံးကို ဒီအနီးအပါးဖြတ်သွားလာကြသော လူအမျိုးမျိုး တိရစ္ဆာန်အမျိုးမျိုးတို့ က ကျောက်တုံးမှန်းသိကြတယ်၊ သူတို့ဘာသာစကားအသီးသီးနဲ့ ကျောက်တုံး လို့သိကြတယ်။ ဒါပေမယ့် ကျောက်တုံးကတော့ သူ့ကိုယ်သူ ဘာမှန်းမသိပေဘူး။ လောကမှာ လောကက ကိုယ့်ကိုသိခြင်းထက်၊ ကိုယ့်ကိုယ်ကိုယ် သိခြင်းက ပိုအရေးကြီးတယ် မာရ်နတ်” တဲ့။
ကိုယ့်ကိုယ်ကိုယ် သိဖို့ပိုအရေးကြီးပါတယ်။ ဒီလိုနဲ့.ပဲ ယုံကြည်ရာ ခရီး ကိုဆက်နေလိုက်တာလေ..။

လိုအပ်တဲ့ငွေကို ရှာဖို့ နောက်တယောက်ကိုသတိရမိတယ်။ မောင်မိုးပါ။ ကျနော့်နဲ့ အရင်းအနှီးဆုံးပေါင်းသင်းကြတဲ့သူတွေထဲ ဝေးနေတဲ့ ညီအကိုလို သူငယ်ချင်းပါ။ သူက ၀င်ငွေအများကြီး ရတဲ့မင်းသားဖြစ်ခဲ့စဉ်ကတည်းက သူ့ဆီက ကျနော်ဘာအကူအညီမှ မတောင်းဘူးပါဘူး။ ဒါပေမယ့်ခုတော့ ကျနော့်အတွက် အရေးကြီးတဲ့ အချိန်ကာလတခုမို့ အကူအညီမတောင်းမဖြစ်တောင်းရတော့မယ်။
ကျနော်သူ့ကို ဖုန်းဆက်ပါတယ်။ အမေရိက ခရီးစဉ်အကြောင်းပြောတယ်၊ ဆရာတာရာ ကို ရိုက်ချင်တဲ့အကြောင်းပြောပြတယ်။ ပိုက်ဆံချေးပါတယ်။ ကိုချိုကြီး ရုံးကိုလာယူဗျာ..တဲ့။မောင်မိုးနဲ့တွေ့တော့ ကျနော်ချေးတဲ့ပိုက်ဆံကို သူမချေးပါဘူး။
ကိုချိုကြီး ခင်ဗျားကို ကျနော်မချေးဘူး ဒါပေမယ့် ခင်ဗျားလုပ်ချင်တာတွေ လုပ်ဖို့ ရော့ ဆိုပြီး ငွေငါးသိန်းထုတ်ပေးပါတယ်။ ပြီးတော့ ကျနော့်ကို ပြန်မလာနဲ့ဗျာ..တဲ့။ ခင်ဗျားဒီတိုင်းပြည်မှာ ဒါရိုက်တာ လုပ်ဖို့စိတ်မကူးနဲ့ တဲ့။

ကျနော့်ကို လိုက်ပို့ရင်း တိုင်းပြည်ကြီး ပြောင်းလဲသွားရင် ကျနော်လည်း ခင်ဗျားဆီ လာလည်နိုင်မှာပေါ့ တဲ့။ ကျနော်နဲ့မောင်မိုးဟာ ညီအကိုတမျှ အပြန်အလှန်ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဆိုလည်းဟုတ်၊ အင်မတန်အတွဲညီခဲ့တဲ့ ဒါရိုက်တာနဲ့မင်းသားဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် ခုကျနော်တို့က ဘက်တဘက်ဆီ ဖြစ်နေကြပြီ။ ဒီအတွက် သူနဲ့ကျနော် ပြောဆိုခဲ့ကြဖူးတယ်။ သူက သူမှန်တယ်ထင်တာတွေကို ချက်နဲ့လက်နဲ့ထောက်ပြရှင်းပြတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ထောက်ခံမှုမရခဲ့တာကိုလည်း ၀န်ခံတယ်။ ကျနော် သူ့ကို တခုပဲ ပြန်ပြောခဲ့တယ်။ လူတွေအသက်ရှင်နေတာ အကျိုးအမြတ်တခုထဲ ကြောင့် မဟုတ်ဘူး လို့။ ဒီလူတွေနဲ့ လုပ်လိုက်ရင် အကျိုးအမြတ်ပိုရှိမယ် ဆိုတိုင်း ဒီလူတွေကို လက်ခံလို့မဖြစ်ဘူး။ လူတွေရဲ့ နှလုံးသားထဲမှာ ဘာရှိတယ်ဆိုတာ အရေးအကြီးဆုံးပဲ လို့။ ဘာပဲပြောပြော ကျနော်တို့ ၂ ယောက် ချစ်ခင်စွာနဲ့လမ်းခွဲကြပါတယ်။ ဆရာဒဂုန်တာရာ ပြောသလို မတူလည်းပေါင်းလို့ရတယ်။ လမ်းခွဲကြမယ်ဆိုရင်တောင် ကတ္တီပါ လမ်းခွဲ ပဲ ခွဲကြတာပေါ့။

ကျနော့်စိတ်ထဲ ဆရာ့မှတ်တမ်းရိုက်ဖို့ပဲ ရှိပါတယ်။ တခြား ဘာမှ ခရီးအတွက်ပြင်ဆင်မှုမလုပ်ရသေးပါဘူး။ ကျနော်..ဆရာ့ဆီရောက်တဲ့အချိန်မှာ ဆရာ့မှတ်တမ်း ရိုက်ရတာ ကျနော့်ဘ၀အတွက် အရမ်းအရေးကြီးတဲ့ ခွန်အားတရပ်၊ အထောက်အပံ့တခု ဖြစ်မယ်လို့ သိလာပါတယ်။ ဆရာ့ဘ၀၊ ဆရာ့ရဲ့ ဘ၀ ကိုဖြတ်သန်းပုံက ကျနော့်အတွက် လမ်း တခုဖြစ်လို့လာတယ်။အောင်ပန်းမှာရှိတုန်းမှာပဲ အိုင်ဒဗလျူပီ ကပို့လိုက်တဲ့ စာတွေ ဒေါက်ကျုမန့်တွေရောက်ပြီလို့ သံရုံးက မိတ်ဆွေက ဖုန်းဆက်ပါတယ်။ကျနော်က ခု အောင်ပန်းရောက်နေလို့ တနင်္လာနေ့လာခဲ့ပါ့မယ် လို့ ပြန်ပြောတော့ သူဟက်ဟက်ပက်ပက်ရယ်တယ်။ ဒီလိုနဲ့ ကျနော်အောင်ပန်းကပြန်လာပြီး၊ နောက်နေ့မှာပဲ ဒေါက်ကျုမန့်တွေ သွားယူပါတယ်။ မနက်ဖြန် အင်္ဂါနဲ့ ဗီဇာအင်တာဗျူးဖြေရတော့မယ်။
ဗီဇာအင်တာဗျူးလာဖြေကြတဲ့သူတွေ အများကြီးထဲ မျက်စိရှေ့တွင် ဒီနိုင်းလုပ်ခံရတာတွေ တွေ့နေရပါတယ်။ အမျိုးသမီးတယောက်က တိုတယ်လ်ကုမ္ပဏီ က တဲ့ အမေရိကန် သံရုံးက သူ့ကုမ္ပဏီ ကို ဘလက်ခ်လစ်စ်သတ်မှတ်တဲ့အတွက် ဒီနိုင်းလုပ်ခံရပါတယ်။ ကျနော်တို့ဗီဇာဖြည့်ကတည်းက တရွက်ထဲ မြန်မာလိုပုံနှိပ်ဖေါ်ပြထားတဲ့ စာရွက်မှာ ကြံ့ဖွံ့ပါတီဝင်ဟုတ်မဟုတ်၊ အမျိုးထဲ ကြံ့ဖွံ့ရှိမရှိ ဖြည့်ခိုင်းပါသေးသဗျ။ ဟက်ဟက်။
ကျနော်တို့က ဟိုမှာအပိတ်ခံရ၊ ဒီမှာ အပိတ်ခံရနဲ့ အစိုးရရဲ့ ဘလက်ခ်လစ်စ်တွေ ဖြစ်လာသမျှ ခုမှ သိတော့တယ် သူတို့ကလည်း ဘလက်ခ်လစ်စ်တွေကိုးဗျ။ သူတို့ကမှ အမေရိကရော၊ အီးယူရောက သတ်မှတ်ထားတဲ့ ဘလက်ခ်လစ်စ်တွေ။ ဒီလိုနဲ့ ဗီဇာအင်တာဗျူးဖြေတဲ့အခါမှာ..ကျနော့်ကို သံအရာရှိက တခုမေးပါတယ်။
စပ်စုတာပါ မင်းတို့တိုင်းပြည်အကြောင်းငါသိထားလို့ မင်း စာရေးဆရာ တယောက်အနေနဲ့တခြားဘာအလုပ်မှ မလုပ်ပဲ ဘယ်လို ရပ်တည်သလဲ တဲ့။
အင်း အတော် မြန်မာရည်လည်တဲ့ အမေရိကန်ပေပဲ။ ကျနော်က သူ့ကိုပြောပြပါတယ်။ စာရေးတာသက်သက်ချည်းဖြင့် ငါမရပ်တည်နိုင်ပါဘူး၊ ဒါရိုက်တာတယောက်အနေနဲ့တော့ စားဝတ်နေရေး လုံလောက်ရုံ ငါရှာနိုင်ပါတယ် လို့။
အင်း...အဲဒီလို..။အရေးကြီးတာ တခု ပြောဖို့ကျန်ခဲ့တယ်ဗျ။
ကံကြမ္မာဆိုတာ အံ့သြစရာကောင်းပုံများ၊ ကျနော် အောင်ပန်းသွားခါနီးမှာပဲ အနှစ်နှစ်အလလ ရောင်းမထွက်တဲ့ ကျနော့်အိမ်ခန်းကို လာဝယ်တဲ့သူပေါ်လာပါတယ်။ ဒါနဲ့စရန်ငွေယူပြီး ကိုတိုးကြီးကိုလည်းပြန်ဆပ်နိုင်၊နော်ဝေကမိတ်ဆွေကိုလည်း ပြန်ဆပ်နိုင်ခဲ့ပါရဲ့။ ခရီးမှာလည်း လုံလုံလောက်လောက်သုံးနိုင်ခဲ့ပါတော့တယ်။တောက် ဒီလိုမှန်းသိရင် Ex 3 ကင်မရာနဲ့ full HD ရိုက်ဖို့ဆုံးဖြတ်ပါရဲ့ဗျာ။
ခုတော့ ရိုးရိုးဟန်ဒီကမ်လေးနဲ့သာ ရိုက်ခဲ့ရပါလေရဲ့... ။       ။
ဆက်ပါ့မယ်လေ..

ချိုတူးဇော်

No comments:

Post a Comment