Wednesday, February 22, 2012

အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၃

Power to the people.

ပတ်စ်ပို့ရုံး ဂိတ်ဝမှာ လူတွေဟာ အုန်းအုန်းကြွက်ကြွက် ပြည့်လို့။ တချို့ကပြန်သွားကြရတယ်။ အိမ်ထောင်စုစာရင်းမပါလို့။ အရင်နေ့တွေက မှတ်ပုံတင်ပြပြီး ၀င်လို့ရတာပဲမလား ခုဘာဖြစ်လို့ အိမ်ထောင်စုစာရင်းကိုပါတောင်းရတာလဲ နဲ့တချို့တွေက ကွန်ပလိန်းတွေတက်ကြတယ်။

ဒါပေမယ့် မငိုမရီ(ရယ်) ရှုတည်တည် ရဲတွေက ခေါင်းတခါခါနဲ့ ၀င်လို့မရကြောင်းသာ တွင်တွင်ပြောကြလေရဲ့။အထဲမှာ ကြိုးတန်းတွေနဲ့ လူတွေကို အတန်းလိုက်တန်းလို့။ တနေရာမှာတော့ ရဲ ၂ ယောက် က အိမ်ထောင်စုစာရင်းနဲ့သာ ပြန်လွှတ်ဖို့ပြောနေကြလေရဲ့။ သဘောကတော့လူများလွန်းလို့ ခါတဲ့သဘောပေါ့လေ။ ဒီလိုနဲ့ တရွေ့ရွေ့ အထဲဝင်လာတဲ့အခါမှာ စားပွဲတလုံးနဲ့ မှတ်ပုံတင်တွေကို စကန်ဖတ်၊ လူတွေကို သတ်မှတ်ထားတဲ့ စက်ဝိုင်းထဲ ရပ်ခိုင်းပြီး မျက်နှာကိုကင်မရာနဲ့ရိုက်ခံရပြီး ၀င်ရပါတယ်လေ..။ ကောင်တာသုံးခု၊ ယောက်ျားလေးတွေအတွက် ၂ ခု၊ မိန်းကလေးများအတွက် ၁ ခုသီးသန့်။ ဒီလိုနဲ့ မေးရင်းမြန်းရင်း အမှုစစ်အခန်းကို ပတ်ကာကွေ့ကာရောက်တော့၊ အမှုစစ်အရာရှိက အရင်တွေ့ဖူးတဲ့သူမဟုတ်တော့ပဲ
နှစ်ပွင့်နဲ့ရဲအုပ်အသစ်တယောက်ဖြစ်နေပါတယ်။
ရင်ဘတ်က သူ့နာမည်ကို ဖတ်ကြည့်လိုက်တော့ ဇော်ဝင်း တဲ့။ ကျနော့်စလစ်ကလေးကို ပြလိုက်တော့ ရဲအုပ်ကိုဇော်ဝင်းက နောက်တပတ်လောက်နေမှ ပြန်လာဖို့ ပြောပြန်ပါတယ်။သူတို့ချင်းသာ နားလည်တဲ့အမှတ်အသားတွေအရ ကျနော်ဟာ နိုင်ငံရေးမှုနဲ့ဘလက်ခ်လစ်စ်ဖြစ်တယ်ဆိုတာကိုတော့သူသိနေပါတယ်။
ဆံပင်အရှည်နဲ့ ဘောင်းဘီနဲ့ကျနော့်ကိုခြေဆုံးခေါင်းဆုံး ကြည့်ပြီး သူတို့ကို လူကြီးများက အကြမ်းဖက်သမားတွေ၊ ဖေါက်ခွဲဖျက်ဆီးရေးသမားတွေကလွဲရင် ဘယ်လိုကိစ္စများကိုမဆို ချထားပေးဖို့မှာထားကြောင်းရှင်းပြပါတယ်။ ကျနော်ကလည်း သူကျနော့်ကိုကြည့်ပြီး အကြမ်းဖက်သမားများထင်သွားသလား ဆိုပြီးရယ်ချင်သွားပါတယ်။ အင်း .ရုပ်ရှင်တွေထဲမှာတော့ လူကြမ်းတွေက ဆံပင်တရှည်ရှည်နဲ့ကိုး။နောက်ဆုံးတော့ ညနေစောင်းထိ ထိုင်စောင့်ပြီး သူ့ကို ကျနော်က စာရေးဆရာ ဒါရိုက်တာပါ။ ဒီလို ပရိုဂရမ်တခုတက်ဖို့ ရှိလို့ပါ ၊ သြဂုတ်လထဲမှာ သွားရမှာဖြစ်တယ်၊ ဒီ့အတွက် အမြန်လိုပါတယ် လို့ပြောပြပါတယ်။ သူက ၂၀၀၆ ဆိုတော့ ကြာနေပြီ လို့စဉ်းစားပြီး နောက် ၃ ၄ ရက်အကြာမှာ ထပ်ဖုန်းဆက်ဖို့ ချိန်းလိုက်ပါတယ်။ ဒါမျိုးရှေ့မှာ ကြုံခဲ့ဖူးပြီးသား ကျနော့်အဖို့ အားလျော့လျော့စိတ်ပျက်ပျက်နဲ့သာ ပြန်လာခဲ့ရပါတော့တယ်။ နောက် ၃  ၄ရက်အကြာမှာ ကျနော်ဖုန်းဆက်တော့ ရှေ့လူတွေလိုပဲ သူလည်း ဘာမှ မလုပ်ရသေးပါဘူး။ ဒါပေမယ့် ရှေ့လူတွေနဲ့မတူတာ က သူ့အသံက အားနာတဲ့အသံပါ။ ကျနော်အရမ်းအလုပ်တွေများလို့ မေ့သွားပါတယ်။ သန်ဘက်ခါလောက်ထပ်ဆက်ပါလား။ လို့ ပြောပါတယ်။
ကျနော်ကတော့ နေမထိထိုင်မသာ ဖြစ်လို့နေပါပြီ။ နောက်သုံးရက်ထိမစောင့်ပဲ နောက်တရက်မှာပဲ သူ့ကို မျက်နှာသွားပြပြီး အကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။ အိုင်ဒဗလျူပီက ဖိတ်ကြားစာလေးနဲ့ သူ့ကိုအကျိုးအကြောင်းရှင်းပြတဲ့အခါမှာ
သေချာနားထောင်ပြီး မှတ်ထားလိုက်ပါတယ်။ ဒီနောက်မှာတောင် နောက်တကြိမ်ပြန်ချိန်းတော့တာပေါ့။သူချိန်းတဲ့နေ့ကျနော်ရောက်သွားတဲ့အခါမှာ သူ့စားပွဲမှာ အင်မတန်မှ လူစည်နေတာကိုတွေ့ရပါတယ်။ တကယ်တော့ ရဲအုပ်ကိုဇော်ဝင်း ရဲ့စားပွဲဟာ ဘလက်ခ်လစ်စ်ဖြစ်တဲ့ ပတ်စ်ပို့လျှောက်သူတွေကို ဖြေရှင်းပေးရတဲ့စားပွဲဖြစ်ပြီး၊ သူ့ကိုဝိုင်းဝိုင်းလည်နေကြသူတွေအားလုံးဟာ ဘလက်ခ်လစ်စ်တွေချည်းပါပဲ။ဘလက်ခ်လစ်တွေဟာ အမျိုးမျိုးရှိပါတယ်။ တချို့က ပတ်စ်ပို့ဟောင်းရှိရဲ့နဲ့ အသစ်ပြန်လျှောက်တဲ့သူ၊ တချို့က ပညာရေးကင်းရှင်းကြောင်း မဖေါ်ပြပဲ လိမ်တဲ့သူ၊ တချို့က နာမည်စာလုံးပေါင်းမှားတဲ့သူ။ အမျိုးမျိုးပါပဲ။ ကိုဇော်ဝင်းဟာ တယောက်ပြီးတယောက်စိတ်ရှည်လက်ရှည်နဲ့ ဖြေရှင်းပေးတယ်။ ကိုရီးယားမှာ အလုပ်သွားလုပ်မယ့် လူငယ်လေးတစု ကနာမည်စာလုံးပေါင်းပြဿနာနဲ့သူ့ဆီမှာ တန်းစီနေကြပါတယ်။ ပတ်စ်ပို့လျှောက်တုန်းက နာမည်စာလုံးပေါင်းနဲ့အလုပ်စာမေးပွဲဖြေတုန်း က နာမည်စာလုံးပေါင်း မတူတဲ့အတွက် ပတ်စ်ပို့လည်းရကော အလုပ်က ငြင်းတော့တာပါပဲ။ ဒါနဲ့ ပတ်စ်ပို့မှာ အလုပ်ဖြေတုန်းက နာမည် အတိုင်းပြင်ပေးဖို့ ပြန်အသနားခံလွှာတင်ကြရပါတယ်။ အားလုံး လူငယ်လေးတွေပါ။ ကိုဇော်ဝင်းက စိတ်ရှည်လက်ရှည်နဲ့သူတို့ကိုဆူရင်း၊ဆဲရင်း တယောက်ဆီအတွက် အသနားခံလွှာတွေရေးပေးပါတယ်။ သူတို့အားလုံး မှားခ နှစ်သောင်းဆီထပ်ပေးရလေရဲ့။ စာအုပ်ဖိုးတဲ့။တချို့ အသက်ကြီးကြီးနဲ့ တရုတ်မကြီးတွေကတော့ တခါထွက်ဖူးတာကို အခွန်ဆောင်ရမှာစိုးလို့ တမျိုးတဖုံ လှည့်ပြီး ပတ်စ်ပို့လျှောက်လို့ ဘလက်ခ်လစ်စ်ဖြစ်လာတဲ့သူတွေပါ။ အားလုံးဟာ ကိုဇော်ဝင်းရဲ့ပရိတ်သတ်တွေချည်းဆိုပါတော့။ ကိုဇော်ဝင်းဟာ ရဲထဲမှာ ထူးထူးခြားခြား မျက်နှာချိုချို သဘောကောင်းကောင်း နဲ့ စိတ်ရင်းလည်းအတော်ဖြောင့်ပါလေတယ်။ ကျနော့်ရှေ့နယ်က လူငယ်လေးတွေ အလွဲလွဲအမှားမှား ဖြစ်နေကြတာကို

ပြင်ပေးဆင်ပေးရင်း နိုင်ငံခြားမှာ ဘယ်လိုနေ ဘယ်လိုထိုင်က အစ သွန်သင်နေတာ တွေ့ရပါတယ်။ ကျနော်က ဘေးက ထိုင်ပြီး သူ့ကို တချိန်လုံးအကဲခတ်နေမိတယ်။ ဘယ်သူဘယ်ဝါ့ဆီကမှ တောင်းတာရမ်းတာမျိုးမရှိဘူး။ အချက်အလက်မှန်လို့ကတော့ အကုန် ရအောင် ပြင်ဆင်ပေးမယ် လို့ ပြောပြီး ကူညီဆောင်ရွက်ပေးနေတာပါ။ ဘာလို့ အမှားဖြည့်ရသလဲ၊ ဘာလို့လိမ်ရသလဲ စသဖြင့်လည်း မေးခွန်းတွေ မေးခြင်းလုံးဝမရှိပါဘူး။ ဒါကြောင့် ဘလက်ခ်လစ်ဖြစ်တဲ့သူတွေဟာ ကိုဇော်ဝင်းဆီမှာ တရုန်းရုန်းနဲ့ စည်လို့ကားလို့။
ကျနော့်ကေ့စ်မှာတော့ ကိုဇော်ဝင်းက ကွန်ပျူတာကထွက်လာတဲ့ အမှုစာရွက်ကို ပြပါတယ်။ တခုခု မှားယွင်းတယ်ထင်ပါရဲ့။ ဘာဖေါင့်မှ မပေါ်ပဲ အတုံးတွေသာပေါ်လို့နေတယ်။ ဒီတော့ ကိုဇော်ဝင်းက အဲဒီကွန်ပျူတာ ဌာနကို ဖုန်းဆက်ပြီး ပါးစပ်နဲ့မေးလိုက်တယ်။ ဘယ်လိုကေ့စ်နဲ့ ဘလက်ခ်လစ်စ် ဖြစ်သလဲ..ပေါ့။
“power to people ဟုတ်လား...”
ကိုဇော်ဝင်း နဲ့ တဘက်ကလူ အပြန်အလှန်ပြောနေတဲ့ တစွန်းတစ စကားကို ကြားလိုက်တာနဲ့ ကျနော်က ဘာ ဆိုတာ သိလိုက်ပါပြီလေ။ ဖြစ်မှ ဖြစ်ရေလေတယ်..။

၁၉၉၆ မှာ ကျနော် 3H  ဆိုတဲ့ နာမည်နဲ့ စာပေ၊ ဂီတ အနုပညာအလုပ်လေးတွေလုပ်ခဲ့ပါတယ်။ ရုံးခန်းကို ၃၅ လမ်းမှာဖွင့်ခဲ့ပြီး ကျနော့် ရုံးခန်နဲ့ ကျနော့်ရဲ့ ဘောက်စ်ဝက်ဂွန်ကားလေးမှာ ကျနော့် 3H လိုဂိုလေးနဲ့အတူ Power to People ဆိုတဲ့ ဆလိုဂမ်လေးကို ကပ်ခဲ့တယ်။အဲဒီ မော်တော်ကားနောက်မှန်လေးမှာ မထင်မရှားကပ်ခဲ့တဲ့ ပါဝါတူပီးပဲလ် က ဘယ်လောက်တောင် တိုင်းပြည်ကို ကိုင်လှုပ်ခဲ့သလဲ တော့ မသိဘူး။ SB အထူးရဲတပ်ဖွဲ့တွေက ကျနော့်ကိုခေါ်စစ်ခဲ့ပါလေရဲ့။ သူတို့ခေါ်စစ်စစ်ချင်းမှာ ဘာအတွက်၊ ဘာကြောင့်၊ ဘယ်သူနဲ့ပါတ်သက်လို့ ဆိုတာ ကျနော် စဉ်းကို မစဉ်းစားတတ်တာပါ။ ကျနော့်စိတ်ထင် ကျနော့်ဆီ ဒီရက်ပိုင်းဝင်ထွက်ခဲ့တဲ့ သူငယ်ချင်းတယောက်ယောက်ကြောင့် ခေါ်မေးတယ်ပဲ ထင်ခဲ့တယ်။ တကယ်တမ်းကျတော့ပြောရင်း အဲဒီစတစ်ကာကြောင့်ဆိုတော့ ကျနော် မပြုံးပဲဝါးလုံးကွဲ ရယ်မိပါတော့တယ်။
“ခင်ဗျားတို့ဗျာ..အလုပ်မရှိအလုပ်ရှာလို့..ကျနော့်ကား ကျနော် စတစ်ကာကပ်တာ ခင်ဗျားတို့ ဘာထိခိုက်လို့လဲ..”

အက်စ်ဘီ အမှုစစ်က ရှက်ကိုးရှက်ကန်းနဲ့ ကျနော်တို့လည်း အထက်က ညွှန်လို့ လုပ်ရတာဗျ..လို့ ပြန်ဖြေခဲ့တာ မှတ်မိနေပါသေးတော့တယ်။ ကျနော့် ဒီလိုတွက်ဆမိပါတယ်။ အဲဒီကားက စတစ်ကာကို အင်မတန်မှ ရာထူးကြီးတယောက်ယောက်ကမြင်သွားမယ်၊ အဲဒီမှာ မျက်စိစပါးမွှေးစူးပြီး ကျနော့်ကို ခေါ်စစ်ခိုင်းမယ်။
“ ကျနော်က အနုပညာအလုပ်လုပ်တာ..အနုပညာဆိုတာ ပြည်သူအတွက် အင်အားတရပ်၊ စွမ်းအင်တခုပဲ ဒါကြောင့် power to the people လို့ရေးထားတာ”
“ ဒီစာကို ကိုယ့်ဖါသာထွင်တာလား တနေရာရာ က ယူတာလား” တဲ့ မေးပါသေးတယ်။
“ ခင်ဗျားတို့ ဂျွန်လီနွန် သီချင်းကြားဖူးလား ပါဝါတူသည်ပီးပဲလ် ဆိုတာလေ..ကြားဖူးတဲ့ပုံလည်းမရ၊ ဒါနဲ့ နောက် ထပ်တခု ထပ်ပြောရတယ်။ မစ်ဆူဘီရှီ ကုမ္ပဏီက ဂျန်နရေတာကြော်ငြာ တာ ပါဝါတူသည်ပီးပဲလ် လို့ရေးထားတယ် လို့ပြောပြလိုက်တယ်..။ ဒီတော့မှ အင်တင်တင် နဲ့။ သူတို့ကမေးလိုက် ကျနော်က မေးတာထက် ပိုဖြေလိုက်(ပိုရစ်လိုက်နဲ့) မိုးစုန်းစုန်းချုပ်မှပဲ လူကြီးက ဒါရိုက်တာ မပြန်သေးဘူးလားလို့မေးလို့ အတင်းပြန်လွှတ်လိုက်လေရဲ့။ ဘာမှမဟုတ်တဲ့ ဒီအဖြစ်အပျက်ကို ကျနော်မေ့တောင်နေပါတယ်။ ပြစ်မှုကျူးလွန်တာလဲ မဟုတ်၊ အရေးယူတာလည်းမရှိခဲ့ စတေကာ ခွာပေးခဲ့ဆိုလို့ခွာပေးခဲ့တာပဲ ရှိပါလေရဲ့။ ခုတော့ အဲဒီဘာမဟုတ်တဲ့ ကိစ္စက နှစ်ပေါင်းများစွာ ဘလက်ခ်လစ်စ် ဖြစ်စေတဲ့ အရာပါလား..လို့ သိရလေတော့တယ်။
ရဲအုပ်ကိုဇော်ဝင်း က ဖုန်းပြောရင်းနဲ့ တဆင့်နားထောင်ရင်း ပြောင်းသွားတဲ့ ကျနော့် မျက်နှာပေးကို သိတယ်.။ ဖုန်းချချခြင်း မေးတယ် သိတယ်မလားတဲ့။ကျနော်အကျိုးအကြောင်းပြောပြတော့ သူလည်း အန်းတန်းတန်းဖြစ်သွားတယ်။ တခါတခါဒီလိုပဲဖြစ်တတ်ပါတယ်ဗျာ..လို့ပြောပြီး ဘာဖြစ်လို့ ကျနော်အဲဒီတုန်းက ပတ်စ်ပို့ ဆက်မလျှောက်ခဲ့တာလဲ ဆိုတာ ဆက်မေးတယ်။ ကျနော်က အဲဒီတုန်းက မိသားစုတစုလုံးလျှောက်ခဲ့တာ၊ အားလုံရပြီး ကျနော်တယောက်ထဲမရခဲ့တာ၊ အိမ်ထောင်ရေးလည်း အဲဒီနောက်ပိုင်းကွဲခဲ့တာတွေပြောပြလိုက်တယ်။ ကျနော် သွားဖို့လည်း မရှိဘူး၊ စိတ်လည်းပျက်တာနဲ့ထပ်မလျှောက်ခဲ့ ဘူး ဆိုတာပြောပြတော့သူကနားလည်ပေးတယ်။
ဒီလို လူတယောက်ရဲ့ခံစားချက်၊ လူတယောက်ရဲ့နာကျင်မှုဆိုတာ လူတိုင်းမှာ ရှိနိုင်တယ်။ အဲဒါတွေကို.စည်းမျည်းစည်းကမ်းနဲ့ ကိုက်မကိုက် ဆိုတာထက် လူလူချင်းစာနာမှုနဲ့နားလည်မျှဝေပေးဖို့က အရေးကြီးတယ်လို့ ဆုံးဖြတ်ဖို့ဆိုတာ..။ရှားရှားပါးပါး ကိုဇော်ဝင်းဟာ အဲဒီလိုစာနာတတ်တဲ့ ရဲ တယောက်ဖြစ်နေလေရဲ့။ ကျနော့်စတိုရီကိုပြောပြတဲ့အခါ မျက်နှာမကောင်းဘူး။
နောက် သူ လိုအပ်တာတွေရေးထားမယ်လို့ပြောပြီးနောက်နေ့ချိန်းလိုက်ကြပါတော့တယ်..။

ဆက်ပါ့မယ်.
.ချစ်ခင်စွာ

ချိုတူးဇော်

No comments:

Post a Comment