Thursday, February 23, 2012

ကာလီဒါသ ၏ စာရင်း

ကာလီဒါသ ၏ စာရင်း

“ကာလီဒါသ ငါ၏တိုင်းပြည်ဝယ် အကောင်းနှင့် အကန်း မည်သည်က ပိုများသနည်း” ဆိုတော့
အကန်းက ပိုများပါတယ်ဘုရားလို့ ဖြေပါသတဲ့။ ဒါနဲ့ မင်းတရားကြီးက သူတိုင်းပြည်ကို အကန်းပြည် လို့ ပြောတဲ့ ကာလီဒါသကို ရွှေမျက်တော် ရှပြီး မနက်ဖြန် နင်ကိုယ်တိုင် စာရင်းကောက် လို့ မိန့်တော်မူလိုက်တယ်။
နန်းတော်တွင်း ရှိရှိသမျှ မှူးတွေ မတ်တွေက ကာလီဒါသ ကို ကွက်ကြည့်ကွက်ကြည့်ပေမယ့်၊ ကာလီဒါသကတော့အေးအေးပါ တဲ့။ နောက်နေ့ ရေချိုးဆိပ်မှာ စားပွဲခုံလေးတလုံး ပေရွက်လေးတရွက်၊ ကညစ်လေးတချောင်းနဲ့ထိုင်နေပါတယ်။ ဘုရင်ကြီးကိုယ်တိုင် ရေချိုးဆိပ်ဆင်းလာတော့ (သူမေးခဲ့တာလည်း သူမေ့နေပြီထင်ပါရဲ့) “ဟဲ့ကာလီဒါသ ဘာလုပ်နေလဲ ” သွားမေးစမ်း ဆိုပြီး မင်းချင်း တယောက်ကို စေပါတယ်၊

“ကာလီဒါသ ဘာလုပ်နေတုန်း” လို့မင်းချင်း က လာမေးတဲ့အခါ “ဘယ်သူမေးခိုင်းတာတုန်း” တဲ့။
“ ဘုရင်ကြီးမေးခိုင်းတာ” ဆိုတော့ အကန်းစာရင်း နံပါတ်(၁) ဘုရင်မင်းတြားကြီးပေါ့ဗျာ..၊ ဘုန်းတော်ကြောင့် အရှင်မင်းကြီး က နံပါတ်တစ်ပါဘုရားပေါ့။
အခုလည်း ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ကို ပြုပြင်ပြောင်းလဲ တည်ဆောက်မယ် လို့ကြေညာပြီး၊ ကြံ့ဖွံ့လူမှုရေးအသင်းအဖွဲ့ကြီးက ဒေးဗစ်ကောပါးဖီးလ် မျက်လှည့်ပြလိုက်သလို ဟတ်ချလောင်း နိုင်ငံရေးပါတီကြီးဖြစ်သွား၊
ဟတ်ချလောင်း ဗိုလ်ချုပ်ကြီးတွေက အချိတ်ထမီကြီးတွေပတ်ထားတဲ့ ပါတီခေါင်းဆောင်ကြီး
တွေဖြစ်သွား၊
ဟတ်ချလောင်း ၂၀၀၈ နာဂစ် မုန်တိုင်းကြီးမှာ အစုလိုက်အပြုံလိုက် လူသိန်းချီသေကြေနေတဲ့
ကြားက အခြေခံဥပဒေကြီး ပေါ်လို့လာ၊
ဟတ်ချလောင်း ၂၀၁၀ ရွေးကောက်ပွဲကြီးက ပရီးမီးယားရှစ် ဘောလုံးပွဲကို မတိုးနိုင်ပဲ ကျင်းပ ပြီးစီးသွား၊
 ဟတ်ချလောင်း. . .ခုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို
တည်ဆောက်ပြီး အပြုသဘောသာ မြင်ရမယ့် အချိန်ရောက်နေပြီခင်ဗျ။
ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲပြလိုက်တာ ကို အကောင်းမမြင်၊ အဆိုးမြင်တတ်တဲ့ . .
“အမျိုးသားပြန်လည်သင့်မြတ်ရေးကြီးကို မြင်ကို မမြင်နိုင်တဲ့အကန်း စာရင်း” ပြုစုရမယ်ဆို. .(၁) ချိုတူးဇော် လို့ပဲ ကြိုတင်မဲ စာရင်းသွင်းပါ့မယ်။

ငယ်ငယ်လေးထဲက ကျနော်အလေးစားရဆုံး နိုင်ငံရေးသမားဟာ ဗိုလ်ချုပ်အောင်ဆန်းပါ။ အနှစ်ချိုက်ဆုံး
နိုင်ငံရေးလမ်းစဉ်ဟာလည်း သူ့လမ်းစဉ်ပါ။ ဒါပေမယ့် သူ့လို ဇွဲနဘဲ၊ လုံလ၀ီရိယနဲ့ သူ့လို အားထုတ်မှုက
မရှိတော့ သူနဲ့တခြားစီပေါ့ဗျာ။ ဒီတော့ တောင်တွေးမြောက်တွေး အတွေးတွေနဲ့
တွေးကြည့်မြင်ကြည့် ရေးကြည့်ရတာကလွဲလို့ ဒါ့ထက်ပိုမတတ်နိုင်ပါဘူး။
ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်လာလို့ ကိုလိုနီအစိုးရတွေက သူတို့ကို စစ်ကူဖို့ ကိုလိုနီနိုင်ငံတွေ
က အပူတပြင်း အကူအညီတောင်းတဲ့အခါ ပြည်သူ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေဟာ နယ်ချဲ့အစိုးရတွေကို စစ်ကူရေး၊ မကူရေး စဉ်းစားကြရတယ်။ အဲဒီခေါင်းစဉ်ဟာ အဲဒီကာလ တကမ္ဘာလုံး
ကိုလိုနီနိုင်ငံတွေမှာ ရေပန်းစားခဲ့ရတဲ့ နိုင်ငံရေးလှို်င်းပါ။
အဲဒီလှိုင်းစီးပြီးပဲ ကိုလိုနီဘ၀ကလွတ်မြောက်ခဲ့တယ်။
ဒါပေမယ့် ကျနော်တို့တိုင်းပြည်က တချိန်မှာ အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ ဖြစ်လာမယ့် အဲဒီတုန်းက ဒုတိယတန်းစား နိုင်ငံရေးသမားအဆင့်လောက်ပဲ
သတ်မှတ်ခံရတဲ့ “သခင်အောင်ဆန်း” က အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ဒို့ဗမာအစည်းအရုံး
ကြီးရဲ့ ညီလာခံမှာ အဆိုတင်သွင်းခဲ့တယ်။ သူ့ရဲ့ သူခိုးဓါးပြတောင် ကိုယ့်လက်နက်ကိုယ်ရှာနိုင်သေးရင်
ခင်ဗျားတို့ ကျနော်တို့ တိုင်းပြည်အတွက် အလုပ်လုပ်မယ့် နိုင်ငံရေးသမားတွေက ဘာဖြစ်လို့ ကိုယ့်လက်
နက် ကို မရှာနိုင်ရမှာလဲ ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်းနဲ့ ဗမာ့တပ်မတော် BIA ကို သန္ဓေတည်ခဲ့တယ်။ သူစကားကို သူကိုယ်တိုင်တာဝန်ယူ၊ သူကိုယ်တိုင်အဆက်အသွယ်ရှာ၊ သူကိုယ်တိုင် ဖွဲ့စည်းထူထောင်ပြီး
တိုင်းပြည်လွတ်လပ်ရေး ရ ယူခဲ့တယ်။ ဒီနည်းလမ်းကို ရွေးချယ်ခဲ့တဲ့အတွက် ကျနော်တို့ တိုင်းပြည်မှာ ဆိုး
ကျိုးတွေ ကောင်းကျိုးတွေ ရခဲ့တာက သတ်သတ်ပါ။ လောလောဆည်တော့ ကျနော်အဓိက ရည်ရွယ်ပြော
လိုတဲ့ ဦးတည်ချက်ကိုပဲ သွားပါ့မယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးလမ်းစဉ်ဟာ လိုအပ်ရင်လိုအပ်သလို ဆုံးဖြတ်ချက်မြန်တယ်၊ ပြုပြင်ပြောင်း
လဲ လွယ်တယ် ဆိုတာ ကို အဓိကတွေ့ရပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပေမယ့် သူဟာ
သွေးဆာနေတဲ့ စစ်သွေးကြွမဟုတ်ဘူးဆိုတာ အင်္ဂလိပ်ပြန်ဝင်လာပြီး ကက်ဘိနက်အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့ အမျိုးမျိုး နှိုးဆွနေတဲ့ နိုင်ငံရေးအင်အားစုတွေ ဘယ်လိုပြောပြော နားမထောင်
နားမ၀င် လက်မခံပဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ပဲ လွတ်လပ်ရေးကို ရယူခဲ့တယ်။
သေချာသုံးသပ်ကြည့်မယ်ဆိုရင် လက်ထဲမှာ အပ်တိုတချောင်းတောင် မရှိသေးတဲ့အချိန်မှာ လက်နက်ကိုင်
လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဆီကရော၊ အင်္ဂလိပ်အမေရိကန်မဟာမိတ်တွေဆီကရော၊ လက်နက်တွေ အလျှံပယ်ရထားတဲ့ကာလ မှာ (ဓါးပြဂိုဏ်းတောင် လက်နက်အလျှံပယ်ဖြစ်ခဲ့ပါသတဲ့၊ အဲဒီလက်နက်အားကိုးနဲ့ပဲ ထစ်ခနဲရှိတောခိုကြ နဲ့ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရတာပေါ့ဗျာ၊ ဒုတိယကမ္ဘာစစ်တုန်းက စစ်တလင်းဖြစ်ခဲ့ရတဲ့ ဆိုးကျိုးဆက်တွေပါ)
စစ်ရဲ့ ဆိုးကျိုးဆက်တွေကို စေ့စေ့ငုံငုံ သုံးသပ်ပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးပြီး လွတ်လပ်ရေးကို ယူခဲ့
ပါတယ်။
ဒီကနေ့ လွတ်လပ်ရေး ရဘက်ချင်းတူပေမယ့် တိုင်းပြည်တည်ငြိမ်မှုချင်းမှာ ဆီနဲ့ရေ ကွာနေရတဲ့ အိန္ဒိယ နဲ့ ကျနော်တို့ မြန်မာပြည်အခြေအနေတွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးဆက်ကြောင့် ခုလို ကွာရတယ်
လို့ ကျနော် သုံးသပ်ပါတယ်။ မြန်မာပြည်မှာ တိုင်းပြည်အာဏာကို လက်နက်နဲ့ ယူမှ ရတယ်ဆိုတာ မှားယွင်းတဲ့ သုံးသပ်ချက်လို့ ပြတ်ပြတ်သားသား သုံးသပ်ပြီး နောက်ထပ် ဘယ်တော့မှ သမိုင်းရဲ့ ဆိုးကျိုး
ဆက်တွေ မခံစေချင်တော့တဲ့ အမြင်နဲ့ ပေးဆပ်ပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာ
ရေး လမ်းစဉ်ကို အန်တီစု က ချမှတ်ဆောင်ရွက်နေပါတယ်။
ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။
ကျနော်က အင်မတန် သံသယကြီးတော့ ဒီလိုတွေ့ဆုံဆွေးနွေးရေး အောင်မြင်ဖို့ မြန်မာပြည်မှာ “ဆင်ဖိန်း”
လိုတယ် လို့ မြင်မိ၊ သုံးသပ်မိပါတယ်။ တောင်အာဖရိက မှာ မင်ဒဲလားအောင်မြင်ဖို့ အေအန်စီ ဖိအား လိုသလို အန်တီစု ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်အောင်မြင်ဖို့၊ စစ်ဗိုလ်ချုပ်တွေ၊ ကြံ့ဖွံ့တွေ သူတို့ရဲ့မိသားစုတွေ ကျီးလန့်စာစား နေရတဲ့ဘ၀ ကို ရောက်ဖို့လိုတယ် လို့ ယူဆပါတယ်။
ကျနော့်အမြင်ကို အန်တီစု ဆီကို ရောက်အောင် တနည်းတလမ်းပို့ခဲ့ဖူးပါတယ်။ အန်တီစု က ပြတ်ပြတ်သားသားကို ငြင်းခဲ့ပါတယ်။ နောက် အရှည်တိုင်းပြည်ကောင်းဖို့၊ နောင် အရှည် မြန်မာပြည်
သမိုင်းလှဖို့. . .ငြိမ်းချမ်းရေးလမ်း၊ သင်ပုန်းချေလမ်းတလမ်းပဲ ရှိတယ် လို့ အန်တီက သူ့အနား လူ တယောက်ကတဆင့် သူ့သဘောထားကို ပြောခဲ့တယ်။ ကျနော် မျက်ရည်ကျခဲ့တယ်။
အန်တီစု မှ ဒီလိုမြင်တာလား ဆိုတော့ . . . ခု ၈၈ ခေါင်းဆောင်တွေ၊ ၈၈ကာလတုန်းက အခသ လူငယ်လေး
တွေ (ခုတော့ လူလတ်လေးတွေပေါ့) အားလုံးဟာလည်း ဒီလိုပါပဲ။ အံ့သြစရာကောင်းလောက်အောင်
သဘောထားတွေကြီးကြ၊ အမြင်တွေကျယ်ကြ၊ စွန့်လွှတ်အနစ်နာခံရဲကြပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နှင်းတဲ့အခါမှာ ရပ်ကွက်ထဲက
အမေကြီးတွေဟာ စစ်ကားတွေကို လက်အုပ်ချီပြီး “သားတို့ရဲ့ ဘုန်းကြီးတွေကိုတော့ မလုပ်ကြပါနဲ့ကွယ်”
လို့ ငိုယိုတောင်းပန်ခဲ့တယ်။ အဲဒီကြားထဲက အတုန်းအရုန်း သတ်ဖြတ်နှိမ်နှင်းခံရတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေ က ဘာပြောခဲ့တယ် မှတ်လဲ။
“ဒီအစိုးရကို ဒီလို လုပ်လို့ မရဘူး” တဲ့။
“ဒီအစိုးရ ကို မဆန့်ကျင်ရဘူး” လို့ ပြောတာမဟုတ်ဘူး။ ဒီလိုနည်းနဲ့ မရဘူး လို့ ပြောတာ ဆိုတော့ ရှင်း
နေတာပဲ။ ပြည်သူသာ ညီမယ်ဆိုရင်. . .ဒီလောက် ဖက်ဆစ်ဆန်တဲ့အစိုးရကို ငါတို့ ပြန်ပြီး လက်တုန့်ပြန်ရ
မယ် လို့ ကျနော်နာကျင်ပေါက်ကွဲ ခဲ့ပါတယ်။
နယ်တနယ်မှာ လူငယ်တွေနဲ့စကားပြောတော့ ဖက်ဆစ် ဂျပန်ကို တော်လှန်သလို ငါတို့ပြည်သူတွေ ရရာလက်နက်ဆွဲပြီး နီးရာရန်သူကို တိုက်ဖို့ လိုရင် တိုက်ကြရလိမ့်မယ် လို့ ကျနော်ပြောတော့ လူငယ်တွေ
က လက်မခံကြပါဘူး။ လက်မခံကြတဲ့ လူငယ်တွေထဲမှာ ၁၆ နှစ် နဲ့ သေဒဏ် အပေးခံရတဲ့ လူငယ်လည်း
ပါတယ်။ ထောင် ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ်ကျော် ကျခဲ့သူတွေလည်း ပါတယ်။ သူတို့ဟာ နောက်တကြိမ်လည်း
လမ်းပေါ်ထွက်ဖို့ ၀န်မလေးဘူး၊ နောက်တကြိမ်လည်း အဖမ်းခံဖို့ဝန်မလေးဘူး။ ဒါပေမယ့် ဒီအကြမ်းမဖက်
လမ်းစဉ်နဲ့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနည်းလမ်းနဲ့ပဲ တိုင်းပြည် ဒီမိုကရေစီ ရအောင် ယူမယ် လို့
ကျနော့်ကို ပြောခဲ့တယ်။
ကျနော် သူတို့ပြောတာကို ရင်နာနာနဲ့လက်ခံခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်ထိ ကျနော် လက်ခံဆဲပါ။
တကယ်တော့ ပြောသာပြောရတယ် ကျနော်ကိုယ်တိုင်ကလည်း စိတ်လိုက်မာန်ပါ ပြောတတ်တာကလွဲ လို့
လက်နက်ကိုင်ဖို့မပြောနဲ့ ကားရိုက်တဲ့အခါ မီးလုံးထည့်ထားတဲ့ အိတ်တောင် မ နိုင်တဲ့ကောင်မဟုတ်ဘူးလေ။ ဒီတော့ ရင်းနှီးတဲ့လူငယ်တွေက ကျနော့်ကို ဟားကြတယ်။ အကိုက ပြောလိုက်ရင် ပြန်ချမယ် ဆိုတာကြီးပဲ။ ပြီးတော့ ဒါလေးတောင် မနိုင်ဘူးတဲ့။ ကျနော်ကလည်း တဟားဟားနဲ့ ငါကိုယ်တိုင် ချမယ် ပြောတာမှ မဟုတ်တာ .မင်းတို့ကို ချ လို့ မြှောက်ပေးတာကွ. . ၊
လို့ ပြန်ပြောရပါတယ်။ ဒီတော့ သူတို့က အကိုက ကိုယ်တိုင်ကျတော့ မလုပ်ရဲဘဲနဲ့တဲ့။ အောင်မယ် မြှောက်ပေးတဲ့သူက မိရင် ပို နာတယ်ဗျ.. ကျနော်တို့ ငယ်ငယ်တုန်းက ကိုဇာဂနာ က ခဲ့သလို “ အကြံပေး အရာရှိ” က သူများ ၂ ချက် ဆို သူ့အလှည့် ၃ ချက်လေ။ ဒီလို စိတ်လိုက်မာန်ပါ ပြောပေမယ့် တကယ်တန်း တပ်မတော်သားတွေနဲ့တွေ့တော့လည်း တကယ့်မှန်မှန်ကန်
ကန် ဖြောင့်ဖြောင့်မတ်မတ် အရာရှိတွေဆို စကားတွေပြော၊ ရယ်စရာတွေပြောနဲ့ တဟားဟား ဖြောင့်ဖြောင့်ပဲ ဆက်ဆံပါတယ်။ အဲဒီလိုဆိုတော့လည်း ကျနော်တို့တွေဟာ အမျိုးတွေပါလား ဒင်းတို့လည်း ကောင်းကောင်းဆိုးဆိုး အမျိုးတွေပါလား ဆိုတဲ့ အမြင်ကစွက်လာပါတယ်။
မနေ့က တက်လာတဲ့ လွှတ်တော်ထဲ က အိပ်ငိုက်နေကြတဲ့ ဗိုလ်မှူးတွေဟာ ကျနော်တို့ကသာ ရယ်သွမ်းသွေးနေတာ သူတို့တပ်ထဲမှာ ဘယ်လို အပြစ်ပေးခံနေရတယ် ဆိုတာ နားလည်စာနာမိတယ်။
ပြောရရင် မြန်မာပြည်မှာ မတရားမှုနဲ့ ဖိနှိပ် အုပ်ချုပ်အခံရဆုံး၊ အကြောက်တရားနဲ့ အနေရဆုံး နေရာဟာ
တပ်မတော်ထဲမှာပါ။ ကျနော့်သူငယ်ချင်း တိုက်ကွန်ဒို လက်ရွေးစင်တယောက်ရဲ့ ဌာနဆိုင်ရာ ပြိုင်ပွဲတွေကို
လိုက်ကြည့်ဖူးပါတယ်။ (ထုံးစံအတိုင်း စာရေးဆရာ၊ ဒါရိုက်တာဆိုတော့ ဟိုစပ်စပ် သည်စပ်စပ်ပေါ့ဗျာ) ။
အဲဒီမှာဗျာ.. ပြိုင်ပွဲမှာ ရှုံးလို့တဲ့ ကကကြည်းကလား၊ ကာကွယ်ရေးကလား မသိဘူး။
“မင်းဘာလို့ ရှုံးရတာလဲ” ဆိုပြီး ပြိုင်ပွဲဝင် ကစားသမား ရဲဘော်ကို မတ်တပ်ရပ် သတိဆွဲခိုင်းပြီး အသင်းအုပ်ချုပ်တဲ့ ဗိုလ်က မျက်နှာကို လက်သီးနဲ့ထိုးတာတွေ့ခဲ့တယ်။ ဒီလိုအုပ်ချုပ်ထားတော့ လက်နက်
ကိုင်နေရပေမယ့် သူတို့ဟာ အကြောက်တရားကြီးစိုးတယ်။ ပစ်ဆို ပစ်ပဲ။ ဘာမှ မစဉ်းစားတော့ဘူး။
ဒီတော့ ကျနော်တို့ဟာ တပ်မတော်သားတွေကို စာနာစိတ်နဲ့ ဆက်ဆံဖို့လည်း လိုတယ် လို့ ခံစားမိ၊ နာကျင်မိတယ်။ တပ်မတော်ကြီးဟာ တကယ့် ကို လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းကင်းနဲ့ ပြည်သူ့မျက်နှာ
ကိုပဲ ထောက်၊ ပြည်သူ့ရင်ခွင်ထဲမှာပဲ နေခွင့်ရရမယ့် တပ်မတော်ကြီးဖြစ်ဖို့ လိုတယ်။ ဒီမိုကရေစီ ရှင်သန်ပါမှ. . . ။
ပါလီမန်ထဲ ၂၅% ၀င်ထိုင်ဆိုတော့ ထိုင်ရတယ်၊ အိပ်ငိုက်မိတော့ အထိုးခံရ၊ အဖြုတ်ခံရ တဲ့ တပ်မတော်ကြီး
ဘ၀ကနေ လွတ်ဖို့ဆိုတာ အဲဒီ ပုံမကျ ပန်းမကျ အခြေခံဥပဒေကိုလည်း ပြင်ဖို့လိုတယ် လို့ အမှန်တကယ်
မြင်မိကြောင်းပါ။
နိုင်ငံတကာ သတင်းထဲ အဲဒီလို ယူနီဖေါင်းတကားကားနဲ့ လွှတ်တော်ကြီး မြင်ရတော့ ရှက်စရာ လို့ မခံစား
မိကြဘူးလားဗျာ။ တပ်မတော်ဟာ လွှတ်တော်ထဲမှာ ခုလို ၀င်ထိုင်နေဖို့သင့်တယ်ဆိုတာ မလုံခြုံစိတ်၊ ကြောက်ရွံစိုးထိတ်စိတ်နဲ့ ရေးဆွဲထားတာပါ။ တကယ်လို့ ဘာမဆို စိုးရိမ်ကြောင့်ကြ ကင်းစင်
စေမယ့် ပြည်ထောင်စု စနစ်ကြီးတရပ်ကို ပြည်ထောင်စုသားတို့ လိုလားတဲ့သူတွေနဲ့ ရေးဆွဲတည်ထောင်
ကြမယ် ဆို တပ်မတော်ဟာလည်း ဒီလိုဒုက္ခဆင်းရဲခံပြီး ကိုယ့်အလုပ်မဟုတ်တာတွေ ၀င်လုပ်စရာလိုတော့
မယ် မထင်ပါဘူး။
တခါ ကုန်းမရကွမရ ဘုန်းကြီးတောင် ဦးချမရအောင် ပြည်သူလူထုရဲ့ ဂုတ်က သွေးကိုစုပ်၊ တိုင်းပြည်ရဲ့ အဆီကိုစားလို့ အသားကို မြိုထားတဲ့ ရွှေတော်မျိုးတော်တွေကို ကြည့်၊ ဟောက်ပက်ကြီးဖြစ်နေတဲ့ မြစ်ဆုံ
ကိုကြည့်၊ တုံးလုံးကြီးဖြစ်နေတဲ့ သစ်တောကြီးတွေကိုကြည့်ပြီး “ဆင်ဖိန်း” လိုတယ် လို့ မြင်လာပြန်ပါတယ်။ တရားကလည်း ထိုင်သေး၊ ဆင်ဖိန်း ကလည်း လိုတယ်ပြောလိုက်သေး ဘယ်လို
ကောင်လည်း မထင်ပါနဲ့။ ကျနော်က ဗိုလ်ချုပ်ရဲ့ အနိုင်မခံ ကဗျာထဲက “ ယမမ်း၏ခွေးပုရပိုက်တွင် ငါ၏
နာမည် မည်မျှပင် ထပ်နေစေကာမူ” ဆိုတဲ့ စာပိုဒ်ကို သိပ်ကြိုက်ပါတယ်။
အကုသိုလ်ကို မသိမဟုတ်၊ သိသိနဲ့ တိုင်းပြည်အတွက်၊ ကိုယ့်အမျိုးသားတွေလွတ်မြောက်ဖို့ဆိုရင်
Any way ဆိုတဲ့ လူမျိုးပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း “ဒါနိုင်ငံရေးလုပ်နေတာ နိဗ္ဗာန်ရောက်ကြောင်းလုပ်
နေတာ မဟုတ်ဘူး” လို့ပြောဖူးတော့ အတိုင်းထက်အလွန်ပေါ့။
နောက် လွတ်လပ်ရေးဆိုတာ တောင်းယူလို့ရချင်မှ ရမယ်ဆိုတဲ့ သမိုင်းသင်ခန်းစာ ကို ယူပြီး ဒီမိုကရေစီ ကို အာဏာရှင်တွေဆီက “အဘ ကျနော့်ကို မုန့်ဖိုးပေး” ဆိုပြီးတောင်းသလိုလည်း ရချင်မှ ရမယ်လို့ ခံယူထားပါတယ်။
ဒါပေမယ့် ကျနော်က အရေးသမားသက်သက်၊ အပြောသမားသက်သက်ပါ။ လက်တွေ့နိုင်ငံရေးခေါင်းဆောင် တဦးမဟုတ်သလို၊ တော်လှန်ရေးသမားတဦးလည်း မဟုတ်ပါဘူး။ စာရေးဆရာတဦးပဲဖြစ်ပါတယ်။
ဒီလိုလူတယောက်ရဲ့ စိတ်နှလုံးခံစားမှုအမြင်တွေဟာ တန်ဖိုးရှိချင်မှ ရှိပါ့မယ်။ စိတ်ကူးယဉ်မှုတွေဟာ
အကျိုးသက်ရောက်ချင်မှ သက်ရောက်ပါမယ်။ ဒါပေမယ့် ကျနော့်လိုအတွေးမျိုး၊ အမြင်မျိုးခံစားချက်မျိုး
တွေနဲ့ လူငယ်တွေ ဘယ်နှယောက်ရှိနိုင်ပါသလဲ။ တိုင်းရင်းသားတွေထဲမှာကော။
ဒီစာကိုဗိုလ်ချုပ်တွေနဲ့ တပ်မတော်သားတွေ ဖတ်စေ့ချင်တာက. . ခုချိန်မှာ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်လမ်းအကောင်းဆုံး အချိန်ပါ ဆိုတာပါပဲ။
ခုချိန်မှာ ဒီမိုကရေစီ အင်အားစုတွေက ဦးဆောင်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်
နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ခေါင်းဆောင်တွေက စ၊
လူလတ်၊ လူငယ်ကျောင်းသားခေါင်းဆောင်တွေဟာ အင်မတန်မှ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးသမားတွေ ဖြစ်ကြ
ပါတယ်။ ဒါကိုက ကျနော်တို့တိုင်းပြည်အတွက် အခွင့်အလမ်းကောင်းပါပဲ။
ကျနော် အလေးအနက်ထားပြီး ပြောချင်ပါတယ်။ အန်တီစုတို့ ကိုပေါ်(မင်းကိုနိုင်) တို့ဟာ ဂန္ဓီကြီးလမ်းစဉ်
အတိုင်းတကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲ ချင်တဲ့ သူတွေပါ။
တော်သေးတာပေါ့ဗျာ။ ကျနော့်လိုကောင်မျိုးက ကန့်လန့်ကန့်လန့် ၀င်မပါလို့။
ဒီလို ခေါင်းဆောင်တွေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မယ်ဆို တိုင်းပြည်ကြီးတကယ့်
ကို ငြိမ်းချမ်းစွာ ပြောင်းလဲ တိုးတက်ပါလိမ့်မယ်။ ခု သွားလေရာ၊ လာလေရာမှာ အန်တီစုတို့ ကိုပေါ်တို့ ကေကျုကြီးတို့ ကို ပြည်သူလူထုကြီးက တခဲနက် ကြိုဆိုကြတယ် ဆိုတာ သူတို့ရဲ့ကြီးမားနက်
ရှိုင်းလှတဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်နေတာပါ။ အဲဒီ မေတ္တာလမ်းစဉ်ကိုပဲ လိုက်စေ့ချင်ပါတယ်။
အထူးသဖြင့် ကြံ့ဖွံ့ပါတီ ၀င်တွေ၊ ခေါင်းဆောင်တွေကို သတိပေးချင်တယ်။ ခင်ဗျားတို့ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာပြည်သူလူထုက တခဲနက်ထောက်ခံနေ
တဲ့ခေါင်းဆောင်ဖြစ်တယ်။ နောက် ရှားရှားပါးပါး ကမ္ဘာက တန်ဖိုးထား လေးစားကြည်ညိုရတဲ့ခေါင်းဆောင်
ဖြစ်တယ်။ သူ့တန်ဖိုးကို နားလည်မယ်ဆိုရင်၊ တိုင်းပြည်ကို တကယ်စေတနာမှန်တယ်ဆိုရင် သူနဲ့ လက်တွဲပြီး လုပ်မှကို ဖြစ်မယ်။ သူကိုယ်တိုင်က လက်ကမ်းပေးထားတယ် ဆိုတာပါပဲ။ သူ မပါပဲ ရတယ် လို့
အခြောက်တိုက်ဘ၀င်မြင့်ခဲ့လို့ ၂၃ နှစ် ကြာခဲ့ပြီ။ ပြည်သူလည်း နာ လှပြီ။ သူဟာ အနည်းဆုံး ပြည်ထောင်စုကြီးကို တိုင်းရင်းသားပေါင်းစုံကို ညီညွတ်အောင် စုစည်းပေးနိုင်ပါလိမ့်မယ်။
ဒီခေါင်းဆောင်မျိုးတွေကို မှ တန်ဖိုးမထားရင် ခင်ဗျားတို့လည်း ကျီးလန့်စာ စားနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ရဲတဲ့ ဘ၀နဲ့ မြန်မာပြည်လည်း ဆိုးကျိုးပေါင်းများစွာနဲ့ နောက်ပြန်လန်ကျသွားနိုင်ပါတယ်။
ကျနော်ကတော့ မေတ္တာသမားတွေ အောင်ပွဲကို မုဒိတာပွားရင်း ကိုယ့်ကိုယ်လည်းဆုံးမ၊ သင်ယူရပါတယ်။
ကျနော့်လိုကောင်မျိုးသာ၊ ကျနော့်လို ဆုံးဖြတ်ချက်အမြင်မျိုးနဲ့သာ ဆိုရင် တိုင်းပြည်ကြီးဆိုးရွားလိုက်မယ့် အမျိုးဗျာ။
ဒီလို အခြေအနေတွေကို လက်ရှိကြံ့ဖွံ့ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်မတော်ခေါင်းဆောင်များက မြင်မှဖြစ်ပါလိမ့်မယ်။ မမြင်ရင်တော့ ကာလီဒါသ ရဲ့ ခေတ်သစ်စာရင်းထဲ
“ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို မမြင်နိုင်တဲ့ အကန်းစာရင်း” ထဲ ကျနော်ကိုယ့်ကျနော် နံပါတ်(၁)၊
ကျနော့်နောက်က ကြံ့ဖွံ့ပါတီခေါင်းဆောင်ကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကိုပါ ထည့်ရမလို ဖြစ်ပါတော့တယ်။


ချိုတူးဇော်

2 comments:

  1. ကျွန်တော် ချစ်ကောင်းပါခင်ဗျာ...အကို post လေးကိုဖတ်ရတာ ကျွန်တော် အရမ်းကြိုက် ပါတယ်....ဒါကြောင့် အကို ခွင့်ပြုချက်ရရင် ခြားBlogတွေမှာ ဖြန့်ဝေချင်ပါတယ်....

    ReplyDelete
  2. ယူပါ ညီလေးရေ၊ ဘယ်သူမဆို ဘယ် စာ ကိုမဆို လွတ်လွတ်လပ်လပ် ပြန်လည် ဖြန့်ဝေနိုင်ပါတယ်။ ဖတ်ပြီးထပ်ဆင့်ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete