Wednesday, February 22, 2012

အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၅

ဟက်ပီး အန်းဒင်း


တကယ်တော့ နောက်တပတ်မှာ ဘလက်ခ်လစ်စ်အတွက် ဘုတ်အစည်းအဝေး ရှိမယ် မရှိဘူး ဘယ်သူမှ သေချာတပ်အပ်မပြောနိုင်ပါဘူး။
ဒုဝန်ကြီး အလုပ်များရင်များသလို ဒီကိစ္စအထမမြောက်နိုင်တာမို့ ကိုဇော်ဝင်းလည်း အကြံအိုက်နေဟန်တူပါတယ်။ ဘုတ်အဖွဲ့အစည်းအဝေး
ပြီးသွားတဲ့အခါမှာ ပတ်စ်ပို့စာအုပ်က ချက်ခြင်းထွက်လာမှာမဟုတ်သလို၊ ကြားထဲမှာလား၊ အစည်းအဝေးပြီးမှလားမသိ၊ နယ်မြေခံ ရဲအရာရှိ
က အိမ်လာပြီးစစ်ဆေးတာ စသဖြင့် လုပ်ငန်းအဆင့်ဆင့်ကလည်း ရှိပါသေးတယ်။ ဒီတော့ ဒါတွေအားလုံး ကျနော်သွားမယ့်အချိန်ကိုက် ရ
လာဖို့ဆိုတာ မသေချာလှပါဘူး။ဒါတွေကို ကိုဇော်ဝင်းလည်း စဉ်းစားမိပြီး အကြံအိုက်ပူပန်နေပုံရပါတယ်။ သူ့ကိစ္စမဟုတ်ပဲ၊ ဝေမျှပူပန်ပေးတတ်တဲ့ စာနာစိတ်က အတော်လေးစားစရာကောင်းပါတယ်။
နောက်နေ့မှာ ကိုဇော်ဝင်းက ကျနော့်စာရွက်အထပ်ကြီးထဲ က တချို့စာရွက်တွေကို ပြန်ဖြုတ်၊ တချို့စာအသစ်တွေရေးခိုင်းပြီး
“ကျနော် ဂျီစီလမ်းကြောင်းနဲ့သွားမယ် စိတ်ကူးတယ်ဗျာ.ဆရာက အစည်းအဝေးတက်ရမှာဆိုတော့ အရေးကြီးတယ် ” ဆိုပြီး တခြားဌာနတခုကို လမ်းညွှန်လိုက်ပါတယ်။
အဲဒီ ဌာနထဲမှာ ကျနော့်စာရွက်စာတမ်းတွေကို ပေးလိုက်တဲ့အခါမှာတော့ အထဲက ရဲအရာရှိတချို့ ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ လာလာကြည့်ကြတာလဲ သတိထားမိလိုက်ပါတယ်။ နောက်မကြာခင်မှာ ရဲအရာရှိငယ်တဦးက ကျနော့်စာရွက်တွေပြန်ပေးပြီး
“ ဒါရိုက်တာချိုတူးဇော် မလား” လို့မေးလိုက်တယ်။
ကျနော်က “ဟုတ်ပါတယ်” လို့ပြန်ဖြေတဲ့အခါမှာ
“ ဒါရိုက်တာချိုတူးဇော် မို့လို့ ချ ပေးလိုက်ပါတယ်။ အကို့မှာ ပညာရေးကင်းရှင်းကြောင်းစာရွက်လိုနေသေးတယ် ပတ်စ်ပို့ထုတ်တဲ့အခါ လာယူပေးပါ” ဆိုပြီး ဆက်သွားရမယ့် ဂျီစီဌာနကို ညွှန်လိုက်ပါတယ်။
ဂျီစီ ဆိုတာ green channel ပါ။ အရေးကြီး ကျောင်းအမီပြန်ရမယ့်သူတွေ၊ သင်္ဘောအမီတက်ရမယ့်သူတွေ၊ လူနာတွေ စသဖြင့် အချိန်မီမှဖြစ်မယ့် လူတွေကို လုံလောက်တဲ့ စာရွက်စာတမ်းအစုံအလင်ပါရင် အမြန်ဆောင်ရွက်ပေးတဲ့ ဌာနဆိုပါတော့။ ဂျီစီမှာဖြင့်တော့ ဘာမှကို အစစ်အဆေးအမေးအမြန်းတွေ မရှိတော့ပါဘူး ဇွပ်ခနဲ ဇွပ်ခနဲဘောပန်နဲ့ခြစ်ပြီး ကောင်တာတခုမှာ သွားပြ၊ အဲဒီကောင်တာမှာ တခါတည်းလက်ဗွေနှိပ်နဲ့ ပြီးသွားတာပါပဲ။
ဒီလိုနဲ့ နောက် ၁၀ ရက်လောက်ပြန်လာခဲ့ဖို့ပြောပြီးချိန်းလိုက်တာပါပဲ။ ဒီ ၁၀ ရက်ထဲမှာ ပုံစံ ၁၉ စတဲ့ အမြတ်ခွန်ကိစ္စတွေ၊ အီးစီ ပညာရေး ရှင်းလင်းကြောင်းထောက်ခံစာတွေ ကျနော် အားချင်း လုပ်ရပါတော့တယ်။
ဒီကြားထဲ ကိုဇော်ဝင်းရုံးခန်းရှေ့ဖြတ်တိုင်း သူ့ကိုလှမ်းကြည့်လိုက်ရင် သူ့ဘလက်ခ်လစ်စ်ပရိတ်သတ်တွေနဲ့ တရုန်းရုန်းပါပဲ။
သူ့ကိုကျေးဇူးတင်ပေမယ့် လက်ဆောင်ပဏ္ဍာပေးဖို့ရာ ပေးမယ်ဆိုရင်တောင် ပတ်စ်ပို့ကျပြီးမှ ပေးမယ်လို့စိတ်ကူးထားပါတယ်။ လာဘ်ပေးလာဘ်ယူ ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် စိတ်ထဲမနေနိုင်လို့..သူ့ဆီနေခဲ့ရတဲ့ တရက် ကျနော့်“တရံရောအခါ..ဂင်္ဂါ” ၀တ္ထုလေးတော့ လက်ဆောင်ပေးခဲ့ပါတယ်။ စာရေးဆရာ စာအုပ်လက်ဆောင်ပေးတာတော့ သန့်ရှင်းမယ်ထင်ပါရဲ့။
နောက် ၁၀ ရက်မှာပဲ ကျနော့်ပတ်စ်ပို့သွားထုတ်တဲ့အခါ ရှောရှောရှုရှုပဲ ချက်ခြင်းရခဲ့ပါတယ်။ အဲဒီဌာနကနေ ဂျီစီ ကိုရေးပေးတဲ့ စာရွက်အ၀ါလေးနဲ့ စာတိုကလေးကို ကျနော်မမေ့ပါ။
ဒါရိုက်တာ ချိုတူးဇော် ဖြစ်ပါသည်။ IWP သင်တန်းသွားရန်ဖြစ်ပါသဖြင့် အမြန်ဆောင်ရွက်ပေးပါရန်. . .တဲ့။
ကျန်တာတွေကတော့ သံရုံးမှာ ဗီဇာလျှောက်ရတာထုံးစံလိုပါပဲ။
အိုင်ဒဗလျူပီရဲ့စာရွက်စာတမ်းတွေနဲ့ သိပ်အခက်အခဲမရှိပါဘူး။
အိုင်ဒဗလျူပီဟာ ကျနော့်အစီအစဉ်ကို တော်တော်ခက်ခက်ခဲခဲစီစဉ်ပေးရတာပါ။ သံရုံးဗီဇာရတဲ့နေ့က ၂၅ ရက်နေ့။ ကျနော့်ကိုလေယာဉ်လက်မှတ်စီစဉ်ပေးတာ ၂၆ ရက်နေ့၊ အမေရိကအရောက် ၂၇၊ အစီအစဉ်က ၂၈ ရက်နေ့မှာစ။ တကယ့်ကို ကပ်ကပ်သပ်သပ် စီစဉ်ပေးရတာပါ။
ပထမဆုံး တဦးချင်းမိတ်ဆက်စကားတွေပြောတဲ့အခါမှာ ကျနော်က ဒါ ကျနော့်ရဲ့ ပထမဆုံးအမေရိကန်ခရီးစဉ်သာမက၊ ပထမဆုံး
နိုင်ငံခြားခရီးစဉ်လည်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ပတ်စ်ပို့မရှိတဲ့အတွက် ဘယ်နိုင်ငံကိုမှ မသွားနိုင်ခဲ့ဘူး။ ကျနော်တို့နိုင်ငံမှာ
နိုင်ငံရေးလုပ်ခဲ့ဖူးသူတိုင်း ပတ်စ်ပို့လျှောက်ရတာ အင်မတန်မှ ခက်တယ်။ ငြင်းဆိုခံရလေ့ရှိတယ်။ ခု ချိန်မှာ ကျနော်တို့နိုင်ငံမှာ
အစိုးရသစ်တရပ်ပေါ်လာပြီး၊ အဲဒီအစိုးရက နာမည်ကောင်းတခုကို တည်ဆောက်နေတယ်၊ ဒီ့အတွက် ကျနော်ဟာ ဒီအစီအစဉ်မှာ
ပါဝင်ခွင့်ရဖို့ အခွင့်အလမ်းတရပ်ကို ရလာခဲ့ပါတယ် လို့ပြောလိုက်တဲ့အခါမှာ
လက်ခုပ်သံတွေတဖြောင်းဖြောင်းထွက်လာပါတော့တယ်။
သူတို့အားလုံး ကျနော့်ကို လာနှုတ်ဆက်ကြပြီး ကျနော်ဒီကိုရောက်လာတာ ၀မ်းသာကြောင်း ပြောကြပါတယ်။ အစီအစဉ်မှူးဖြစ်တဲ့
ဂျိုးကလည်း ကျနော့်ကို ဥပမာပေးပြီး ခက်ခက်ခဲခဲ စီစဉ်ရကြောင်းပြောသွားသေးတာကိုး။
ဒီလိုနဲ့ပဲ ကျနော်တော့ တခါမှ မရောက်ဖူးတဲ့ အမေရိက ကို လေယာဉ်လေးစင့်စီးပြီး ရောက်ခဲ့လို့လာပါပြီ။ ရှေ့ဆက်ပြီး လမ်းခရီး
အတွေ့အကြုံတွေ၊ အိုင်ဒဗလျူပီအတွေ့အကြုံတွေ အမေရိကအတွေ့အကြုံတွေကို ရေးပါ့မယ်။
ပြောစရာလေးကျန်ပါသေးတယ်။ ကိုဇော်ဝင်းက ကျနော့်ကို ဖုန်းဆက်ပါသေးတယ်။
“ ကိုချိုတူး..ကျနော် စာအုပ်လေးဖတ်ပြီးပြီ အဆင်ပြေမယ်ဆိုရင် ထပ်လိုချင်တယ်ဗျာ..” တဲ့။
ကျနော်သူ့ဆီကို ပြန်မသွားနိုင်ပါဘူး။ သိတဲ့အတိုင်း အစီအစဉ်ခရီးမထွက်ခင်ရက်ပိုင်းလေးမှာ ကျနော်အောင်ပန်းကိုတက်ပြီး ဆရာဒဂုန်တာရာ ကို မှတ်တမ်းလေးသွားရိုက်လိုက်သေးတော့ အရမ်းကို ကသီလင်တ နိုင်လို့ပါ။ ပရိုဂရမ်ခရီးက ၃ လဆိုပေမယ့်
၃ လမက ကြာခဲ့ရင် ကျနော်ဆရာ့ကို ရိုက်ခွင့်မရတော့မှာ စိုးရိမ်စွာ ရိုက်ခဲ့တာ။ ဟိုဟိုဒီဒီ အစီအစဉ်တွေမရှိပေမယ့် ကျနော်တို့
အနုပညာသမားဆိုတာ စိတ်ရဲ့စေရာ နေထိုင်သွားလာတတ်ကြတာလေ..။ အိမ်ကထွက်ရင် ဒီနားခဏ က ၃ နှစ် ၃ မိုးလည်း ကြာတတ်ကြတာမလား။
ဒီလိုနဲ့ ၂၆ ရက်နေ့ မြန်မာနိုင်ငံကထွက်လာခဲ့ပါတယ်။
ကိုဇော်ဝင်းကိုတော့ သားတော်မောင်ဒေါင်းတေဇ ကကပဲ စာအုပ်၅ အုပ်လက်ဆောင်သွားပေးလိုက်ကြောင်းပါဗျာ။

အိုင်ဒဗလျူပီ၊ ပတ်စ်ပို့ရုံးနဲ့ ဘလက်ခ်လစ်စ်မိတ်ဆွေများ...
ကတော့ ဒီမှာပဲ ပြီးပါပြီ။

ချစ်ခင်စွာ

ချိုတူးဇော်

No comments:

Post a Comment