Wednesday, February 22, 2012

အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၂

ပတ်စ်ပို့ နဲ့ အိုင်ဒဗလျူပီ လျှောက်လွှာ

အိုင်ဒဗလျူပီ ကို လျှောက်ပြီးတာနဲ့ ကျနော်အရင်ဆုံးလုပ်ရတဲ့ အလုပ်က ပတ်စ်ပို့လျှောက်ရတဲ့အလုပ်ပါ။ ကျနော့်မှာ ဘယ်တုန်းကမှပတ်စ်ပို့မရှိခဲ့ဖူးပါဘူး။ သြဂုတ်လသွားရမယ့်ခရီးအတွက် အရမ်းကို စောသေးတဲ့ ဧပြီလကုန်မေလကတည်းက ကျနော်ပတ်စ်ပို့သွားလျှောက်ပါတယ်။ ပန်းဆိုးတန်းက လူတွေကြိတ်ကြိတ်တိုးနေတဲ့ ရုံးကြီးမှာ တိုးဝှေ့ပြီး သွားလျှောက်ရတယ်။ ဒီ့အရင် ၂၀၀၆ ခုနှစ် က
တကြိမ်လျှောက်ခဲ့ပါတယ်။ Black list ဖြစ်ပြီး အပယ်ခဲ့ရတဲ့အတွက် B.L လို့ ရေးထားတဲ့ စလစ်စာရွက်လေးကလွဲလို့ ပတ်စ်ပို့ဆိုတာ
မြင်တောင်မမြင်ခဲ့ရပါဘူး။ ပတ်စ်ပို့လျှောက်တဲ့အခါမှာ အရင်ရဖူးတယ်၊ မရဖူးဘူး၊ လျှောက်ဖူးတယ်၊ မလျှောက်ဖူးဘူး စသဖြင့် ရာဇ၀င်စုံလင်မှန်ကန်မှ ကျနိုင်တယ်
လို့သိထားတဲ့အတွက် အဲဒီ ဘလက်ခ်လစ်စလစ်လေးကို ကိုင်ပြီး ကျနော်လာခဲ့ပါတယ်။ ဟိုးအပေါ်ဆုံးထပ်က အမှုစစ်အရာရှိကိုပြလိုက်
တဲ့အခါမှာ ကျနော့် စလစ်ကို သူကြည့်ပြီး စိတ်ပျက်သွားဟန်တူပါတယ်။ ၂၀၀၆ ကိုး။ ခု ၂၀၁၁ ဆိုတော့ ၅ နှစ်တောင်ကြာခြဲ့ပီ။စလစ်ကိုထားခဲ့လို့သာပြောပြီး နောက် ၂ပတ်ခွာချိန်းပါတယ်။ ဒီလိုနဲ့ ၂ ပတ်ကြာလို့သွားတဲ့အခါမှာ မရှာရသေးဘူး ၂၀၀၆ ဆိုတော့ အရမ်းကြာသွားပြီဖြစ်တဲ့အတွက် ရှာရအရမ်းခက်တယ်လို့ပြောပါတယ်။ နောက် ၁ ပတ်ချိန်းလိုက်ပြန်ပါရော..။

နောက်  ၁ ပတ်မှာတော့ ကျနော် တောင်းလာတဲ့ အဲဒီအရာရှိရဲ့ဖုန်းကို ဆက်ပြီးလှမ်းမေးပါတယ်။ စ မေးကတည်းက သူတော်တော်မှတ်မိအောင် ကြိုးစားနေရကတည်းက ကျနော့်ပတ်စပို့အခြေအနေ မကောင်းဘူးဆိုတာသိလိုက်တယ်။ တကယ်လည်း ကျနော်ပတ်စ်ပို့ကို သူဘာမှလုပ်ရသေးဟန်မတူပါဘူး။ ဒီလိုနဲ့ နောက်တပတ် ချိန်းပြန်ပါလေရော.။ အချိန်က တဖြည်းဖြည်းနဲ့ မေလကုန်ကိုရောက်လို့လာပြီ။ ဇွန်လထဲကို ၀င်လို့လာပြီ။ အဲဒီအချိန်မှာ ကျနော့်အိမ်မှာ ပြဿနာအကြီးကြီးတခုက ပေါ်လာပြန်ပါတယ်။
၇၄ နှစ်ရှိတဲ့အမေ ချော်လဲလို့ ပေါင်ကျိုးသွားရတယ်။ လက်ထဲမှာ ဘယ်တုန်းကမှ အဆင်သင့်မရှိတတ်တဲ့ ပိုက်ဆံကို ရှာရဖွေရ၊ ချေးရငှားရ နဲ့ ကျနော်ကိုယ်တိုင် ပတ်စ်ပို့ရုံးဘက် ခြေဦးမလှည့်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အမေဆေးရုံကဆင်းတော့ အတော်နောက်ကျနေပြီ။ ပွဲစားနဲ့လုပ်မှ လမ်းကြောင်းဖြောင့်တယ် လို့ အကြံပေးကြတာနဲ့ ပွဲစားတယောက်ကို ဆက်သွယ်ပါတယ်။ သူက ပတ်စ်ပို့ရုံးရဲ့ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့အားလျော်စွာ ကျနော့် ဘလက်ခ်လစ်စလစ်ကို ကြည့်ပြီးတာနဲ့ နိုင်ငံရေးငြိတာလို့ တမ်းပြောပါတယ်။ ပြီးတော့ သူ့ကိုအပ်နှံခဲ့လိုက်ပါတယ်။ နောက် ပြီး တပတ်ပြီး တပတ်သာ အချိန်ကုန်သွားတယ် သူလည်း ထိထိရောက်ရောက်ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ ကျနော် ပတ်စ်ပို့ရုံးကို ကိုယ်တိုင်ထပ်သွားရပြန်ပါတယ်။ ပတ်စ်ပို့ရုံးကို သွားဖို့လုပ်တဲ့အချိန်မှာတော့ ဇူလိုင်လ ၁ ရက်နေ့ သောကြာနေ့ဖြစ်နေပြီ။ ပတ်စ်ပို့ရုံးကြီး က ပြောင်းသွားပါပြီ။ ဆရာစံလမ်းကိုရောက်နေပြီ။ ကြားထဲမှာ ကျနော်ပြောဖို့ကျန်ခဲ့တာက အိုင်ဒဗလျူပီလျှောက်တဲ့အကြောင်းပါ။ အိုင်ဒဗလျူပီ ကို အင်တာနက်အွန်လိုင်းကပဲ ရှာပြီး အွန်လိုင်းကပဲ လျှောက်လို့ရပါတယ်။ အဲဒီမှာ ဖေါင်ဖြည့်ပြီး ဘာလိုလဲဆိုတော့ writing sample ၁၀ မျက်နှာ လောက် အင်္ဂလိပ်လို ပြန်ပြီး ပို့ပေးဖို့လိုပါတယ်။ ကျနော်အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်တာ အထိုက်အလျောက်အတွေ့အကြုံရှိပါတယ်။ သူငယ်ချင်းတယောက်ပေးတဲ့ နော်ဝေစာရေးဆရာ ဂျိုစတင်းဂါဒါ ရဲ့ ဆော်လစ်တိုင်းရ်မစ္စထရီ ဆိုတဲ့ ၀တ္ထုကို ဘာသာပြန်ခဲ့ဖူးတယ်။ စာမျက်နှာ ၆၀၀ နီးပါးရှိတဲ့ ဖီလော်ဆော်ဖီ ၀တ္ထုကြီးက ခုချိန်ထိ ထုတ်ဝေသူအကြိုက်တွေ့ဖို့ မျှော်လင့်ချက်ကင်းမဲ့ဆဲပါ။ဒါပေမယ့် အင်္ဂလိပ်လိုရေးတာကိုတော့ လုံးဝအတွေ့အကြုံမရှိပါဘူး။ တခါက ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားတချို့က မြန်မာကဗျာတွေကို ဘာသာပြန်ကြဖို့အားထုတ်ကြတယ်။ ဒီကမိတ်ဆွေတယောက်က ကျနော့်ကိုပါ အကူအညီတောင်းတဲ့အတွက် ကျနော်လည်း သုံးလေးငါးပုဒ်ပြန်ပေးခဲ့ဖူးတယ်။ ဒါပေမယ့်သူတို့အဖွဲ့အစည်းက ကျနော့်ကို မကြိုက်တာလား၊ ကျနော် ဘာသာပြန်တာကိုမကြိုက်တာလားမသိပါဘူး။ ကန့်ကွက်တယ်လို့သိရပါတယ်။ အဲဒီအတွက် အကူအညီတောင်းတဲ့မိတ်ဆွေက အားနာနာနဲ့တောင်းပန်တယ်။ ကျနော်ကတော့ ထုံးစံအတိုင်း သူ့ကိုပဲ ပြန်အားနာမိပါတယ်။ အဲဒီလို အင်္ဂလိပ်စာအတွေ့အကြုံနည်းတဲ့ ကျနော်ဟာ ကျနော့်စာမူလေး ၃ ၄ ၅ ပုဒ်ကိုကိုင်ပြီး ဘာသာပြန်မယ့်သူကို ရှာဖို့စဉ်းစားရပါတယ်။ တကယ့်တကယ်တမ်း ကူညီပေးမယ့်သူကို ရှာတော့ အားနာတတ်တဲ့ ကျနော်က မိတ်ဆွေတွေကို အကူအညီတောင်းဖို့ အင်မတန်ဝန်လေးမိပါတယ်။ဒါနဲ့ ကိုယ့်ဖါသာကိုယ်ပဲ ဂိုက်တယောက်နဲ့ ပြန်ပါတယ်။ ကျနော့်ရဲ့ ဂိုက်ကတော့သားတော်မောင် ဒေါင်းတေဇ ပါ။

အိုင်အယ်လ်ဘီစီ၊ အမ်အယ်လ်အေ စတဲ့ ကျောင်းတွေမှာ တက်နေပြီး၊ ဒီနှစ်ဂျီစီအက်စ်အီး ဖြေမယ့် ဒီမောင်ရဲ့ အင်္ဂလိပ်စာက ကျနော့်ထက် အများကြီးကောင်းပါတယ်။ နောက် ငယ်ငယ်က မြန်မာစာကို ရွှေသွေးပေါင်းချုပ် ဆရာကြီးဦးဘကြည်လက်ရာတွေနဲ့သင်ပေးခဲ့တာကစပြီး၊ စာသမားလုံးလုံးလည်းဖြစ်နေပါပြီ။ ဒီတချက်ကတော့ ဘ၀မှာ ကျနော်လုပ်ခဲ့သမျှထဲ အကြည်နူးရဆုံး၊ တန်ဖိုးအထားရဆုံးအလုပ်လေးပါပဲ။
ပိတောက်ပွင့်သစ် မှာ တခါတလေ ဘာသာပြန်ကလေးများကအစ၊ ပင်ကိုယ်ရေးအတိုအစလေးပါ ၀င်ရေးခဲ့ဖူးလေရဲ့။ ဒီ့အတွက် သိပ်လည်း
မမျှော်လင့်ရဲတာက တခါတလေ အိမ်လာလည်တဲ့ သူ့ညီ ၃ နှစ်သားနဲ့အတူ အရုပ်တွေနဲ့ တရွှတ်ရွှတ်တဒိုင်းဒိုင်း အသံထွက်ပြီး ဆော့ချင်လည်းဆော့တာပါ။ ဘာပဲဖြစ်ဖြစ် ၁၄ နှစ်ကျော် ၁၅ နှစ်ထဲရောက်လာတဲ့ သားတော်မောင်က ကျနော့်ရဲ့ ဂိုက်ပါ။
သားအဖနှစ်ယောက် ဘာသာပြန်ရင်း ရန်ဖြစ်ရတာ အမော။ အကယ်ဒမီ သမား ကျောင်းသားက ဂရမ်မာတိုက်ပ် ဖြစ်ဖို့ သိပ်ဦးစားပေးပါတယ်။ ကျနော်က လွတ်လွတ်လပ်လပ် ရေးချင်တယ်။
“ မင်း ဒယ်နီယယ် စတီးလ် မဖတ်ဖူးဘူးလား... he liked her very much. liked. not loved. လို့ရေးထားတယ် ဘယ်မှာလဲ ဂရမ်မာ အဲဒါ အုပ်ရေ သန်းချီရိုက်နေတဲ့ အမေရိကန် စာရေးဆရာမ စာ ကွ သူတို့တောင် အဲဒီလိုရေးရင် ငါတို့ကော ရေးလို့မရဘူးလား”
ဒီလိုနဲ့ ၁၀ မျက်နှာတိတိ ပြည့်အောင် ဆောင်းပါးလေး ၃ ၄ပုဒ် ကဗျာလေး ၃ ၄ပုဒ်၊ တစ်ရံရောအခါ ဂင်္ဂါ ရဲ့ပထမဆုံး စာမျက်နှာလေး ၃ ၄ ရွက် စသဖြင့် ပြန်ပြီးတဲ့အခါမှာတော့ ကျနော် တို့ ရပ်လိုက်ပါတယ်။
“ တော်ပြီကွာ ငါက မြန်မာလိုရေးတဲ့ စာရေးဆရာ အင်္ဂလိပ်လို ဒီလောက်ရေးတော်လှပြီ”
အဲဒီ ဘာသာပြန်နမူနာတွေကို ခက်မာ ဆီ ပို့ပြီး အကြံဥာဏ်အမြင်လေးတွေ တောင်းကြည့်မိတယ်။
“ ကိုချိုတူးဇော် ဆရာတယောက်ယောက်ကို အကူအညီတောင်းပြီး တည်းဖြတ်ခိုင်းပါလား ဆရာမောင်သာနိုး တို့၊ ဆရာ ကိုငြိမ်းဝေနဲ့ကော မခင်ဘူးလား”
အင်း ဆရာဦးသာနိုးက သူ့စာထဲမှာတောင် တဆူဆူ တဆဲဆဲနဲ့။ ကိုငြိမ်းဝေနဲ့ကျနော် အိမ်ချင်းကပ်ရက်နေပေမယ့် တွေ့တိုင်း ကျူရှင်ကနေ ကျူရှင်ကူးနေတဲ့ ဒီဆရာကို အကူအညီတောင်းရမှာ အားနာစရာ။ ဒါနဲ့
“ နေဗျာ..ဒီအတိုင်းပဲ ပို့လိုက်မယ် လို့ ပြန်ပြောလိုက်တယ်။ ဒီလိုနဲ့ပဲ အိုင်ဒဗလျူပီက ပြိုင်ဘက်မရှိ တယောက်ထဲ လျှောက်လာတဲ့ မြန်မာစာရေးဆရာ ကျနော့်ကို တက်ရောက်ပါရန်ရွေးချယ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
အိုင်ဒဗလျူပီက ရွေးချယ်ကြောင်း စာပြန်တာ ရသည့်တိုင် ကျနော် ပတ်စ်ပို့မရသေးပါဘူး။ သြဂုတ်လ ခရီးစဉ်အတွက် ဇူလိုင်လရောက်နေတဲ့အထိ ပတ်စ်ပို့ကမရသေးဘူး။ ဒါနဲ့ အသစ်စက်စက် ပတ်စ်ပို့ ရုံးကြီးကို သွားရပါတော့တယ်။ ရုံးအ၀င်မှာကတည်းက များလိုက်တဲ့လူတွေ အရွယ်သုံးပါး ကျားမကလေး ဘုန်းကြီးတွေတောင်ပါသဗျ။ အ၀င်မှာ မှတ်ပုံတင်သာမက၊ အိမ်ထောင်စုစာရင်း ပါ ပြရမယ် ဆိုလို့ လှည့်ပြန်သွားရတဲ့သူတွေလည်း အများကြီး။ ဒီလိုနဲ့ အပေါက်ဝထဲဝင်မယ်အလုပ်မှာ အခြေအနေတခုကို ရင်ဆိုင်လိုက်ရပါတယ်။ ကျနော်လွယ်ထားတဲ့ အိတ်အမည်း အဲဒီအိတ်မျိုး ရုံးထဲကို သယ်ခွင့်မရှိဘူးတဲ့။ ခင်ဗျား ကြိုက်သလို စစ်နိုင်ပါတယ်၊ ကျနော့်အိတ်ထဲမှာ ဘာစာရွက်စာတမ်းမှ မပါပါဘူး လို့ပြောပြပေမယ့် မရပါဘူး။ ဒါနဲ့ နောက်ကြောင်းပြန်လှည့်ပြီး အနားမှာ ပွဲဈေးတန်းဖြစ်နေတဲ့ ဈေးသည်တွေဆီသွားရပါတယ်။ ဈေးသည်တွေဆီမှာ အထပ်လိုက်ကြီး ပုံထားတဲ့ အိတ်တွေ။
ထားခဲ့ပါ စိတ်ချရပါတယ် တဲ့။ ကျနော့်အိတ်ထဲ ဘာမှ တန်ဖိုးကြီးတာမပါပေမယ့် အသစ်စက်စက်ဇာတ်ညွှန်းလေးပါတယ်။ ကဗျာစာမူတချို့ပါတယ်။ ကျနော်ဘယ်လိုလို့ ထားခဲ့ရက်ပါ့။ ဒါနဲ့ဒီအိတ်မည်းကို ထပ်ပြီး ကျွတ်ကျွတ်အိပ်နဲ့စွတ်ပြီး ယူသွားဖို့ ပြောတဲ့အတွက် အိတ်နဲ့ဆန့်မယ့် ကျွတ်ကျွတ်အိတ်ကို ရှာရပြန်ပါတယ်။ တွေ့တော့ ဘယ်လောက်လဲ ဆိုတော့ ၂၅၀ တဲ့။
အပြင်မှာ ၅၀ လောက်ပဲ အလွန်ဆုံးမှ ၁၀၀ လောက်ပဲ တန်တဲ့ အိတ်ကို ၂၅၀ တောင်းတော့ အဲဒီဈေးသည်ရဲ့မျက်နှာကို ကျနော်ကြည့်မိ
ပါတယ်။ သူကမလုံမလဲနဲ့ ကျမတို့လည်း ဒီအချိန်ကလေး ရောင်းရတာ လို့ပြန်ပြောတယ်။
ကျနော် စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကို ၀ိုင်းဖျက်ဆီးနေကြတဲ့သူတွေထဲမှာ ခင်ဗျားတို့လည်း ပါတယ် လို့ ပြောလိုက်မိတယ်။
ဈေးသည်က ရယ်ကျဲကျဲ နဲ့ ကြည့်ပြီး ကျန်နေခဲ့ပါတော့တယ်။

ဆက်ပါမယ်

ချစ်ခင်စွာ

ချိုတူးဇော်

No comments:

Post a Comment