Wednesday, February 22, 2012

အိပ်မက်တွေ နဲ့ လျှောက်ခဲ့တယ် - ၃

အိပ်မက်တွေနဲ့ လျှောက်ခဲ့တယ် (၃)
by Cho Tu Zal on Friday, September 23, 2011 at 4:18am ·

အမေရိက ၏ အသည်းနှလုံးဆီသို့. . .

ကိုမင်းထက်မောင်ပြောသလိုပဲ လေဆိပ်တွေမှာ မျက်စိမလည်ဖို့အရေးကြီးတယ်ဆိုတဲ့အတိုင်း ရန်ကုန်မှာကတည်းက မင်္ဂလာဒုံလေဆိပ်မှာကတည်းက ချာချာလည်မယ့်ကိန်းပါဗျာ။ ကျနော်က ပြည်တွင်းခရီးတွေတောင် လေယာဉ်စီးနေကျမှ မဟုတ်တာ။ တကယ်တမ်းကျတော့ သွားသာသွားရတယ် ကျနော်က ဘာမှသိပ်လည်းမပြင်ဆင်ခဲ့သလို၊ ဘာမှလည်းစိတ်သိပ်မလှုပ်ရှားမိဘူးဗျ။ ပြောရရင်သွားနေလာနေကျကောင်ကျ နေတာပဲ။

လေယာဉ်ကွင်းကို ဆင်းခါနီးမှာ သတိရနေတာက ညီရိုင်းကို ပိုက်ဆံပေးဖို့ ရှိသေးတာနဲ့ သူ့ကိုစာအုပ်လက်ဆောင်ပေးချင်တာပဲ၊ဒါနဲ့ သူ့ကိုဖုန်းဆက်ပြီး ငါလေယာဉ်ကွင်းဆင်းရင် မင်းဆီဝင်ခဲ့မယ် လို့ပြောထားလိုက်တယ်။

မနက်သွားခါနီးတော့ အိမ်မှာ အမေနဲ့ နာ့စ်မလေးပဲ ရှိပါတယ်။ အမနဲ့သားက ကျောင်းအသီးသီးသွားကြပြီ။ လိုက်ပို့မယ်ဆိုတာကိုလည်းကျနော်က ဘာလို့လိုက်ပို့မှာလဲလို့မေးခဲ့ပါတယ်။ သားက စာမေးပွဲဖြေနေရတယ်။ အမေ့ကိုကန်တော့ပြီး အိတ်လေးဆွဲထွက်လာခဲ့တယ်။ကြည့်စမ်း ပြန်လာခွင့်သာမရရင် ငါ့ရဲ့ပြည်တော်ခွာခန်း၊ ထွက်တော်မူခန်းက ခြောက်သွေ့ပြီး ရိုမန့်တစ်မဆန်လိုက်တာလေ..ပေါ့။ဒါပေမယ့် ကျနော့်ကိုယ်ကျနော်သိနေတယ်။ ကျနော်ဟာ မြန်မာပြည်ကို ရူးရူးမူးမူးချစ်တဲ့ စိတ် နဲ့ပြန်လာမှာ...။<br />
ကားငှားရှစ်မိုင်က ညီရိုင်းအိမ်ကိုအရင်ဝင် ပြီးမှ လေယာဉ်ကွင်းကိုဆင်းမယ်။ ညီရိုင်းဆီရောက်တော့ ကားပေါ်က ခဏဆင်း သူ့ကိုပေးစရာပိုက်ဆံကိုပေး၊ စာအုပ်လေး လက်ဆောင်ပေး။ ညီရိုင်းက ကျနော်ကားပေါ်ပြန်တက်တဲ့အခါမှာ လှမ်းအော်လိုက်တယ်။

“ ဟေ့ကောင် ပြန်မလာနဲ့...နော်”  တဲ့ ။


လေဆိပ်မှာ လိုက်ပို့မယ့်သူတယောက်မှ မရှိဘူးဆိုလို့ သနားဟန်တူတဲ့ ဝေမာညွန့်က ကြိုလာစောင့်ပေးတယ်။ သူက ချက်ကို အသွားအပြန်လုပ်နေတဲ့ နိုင်ငံခြားခရီးအတွေ့အကြုံများတဲ့သူဆိုတော့ သူ့အကူအညီတွေက တော်တော်ထိရောက်တယ်။ သြဂုတ်လ ၂၆ ရက်နေ့ကျနော်က ထွက်လာရပြီး၊ သူက စက်တင်ဘာလဆန်းမှာ ချက်ကိုပြန်ရမယ်။ ဟိုရောက်မှ ဆရာတာရာ့အက်ဒစ်တင်းက အစ လိုအပ်တဲ့ အလုပ်တွေကို အွန်လိုင်းဆက်သွယ်ပြီး လုပ်ကြဖို့ တိုင်ပင်ထားကြတယ်။ရန်ကုန်လေဆိပ်ထဲဝင်ခါနီးမှာ.ဝေမာညွန့်က ကျနော့်ကို boarding announcement လုပ်နေတဲ့ လျှပ်စစ်ဆိုင်းဘုတ်ကို ပြတယ်။

“ ဆရာ အဲဒါကိုကြည့်၊ အဲဒီမှာ ဆရာစီးမယ့် လေယာဉ်နံပါတ်နဲ့ ထွက်မယ့် တာမီနယ်လ် နံပါတ်၊ ထွက်မယ့်အချိန်ကို ရေးထားတယ် ” ဆိုပြီး ဖတ်နည်းသင်ပေးလိုက်တယ်။ အဲဒါလေးက ကျနော့်ခရီးစဉ်တခုလုံး တန်းတန်းမတ်မတ်နဲ့ အမေရိက ကိုရောက်လာရပါတယ်။ရောက်လေရာ လေယာဉ်ကွင်းမှာ အဲဒီဆိုင်းဘုတ်ကို ရှာ၊ တွေ့သမျှလူကိုမေးပြီး လာခဲ့ပါတယ်။

ဖြစ်ချင်တော့ ကျနော့်အလှည့်ကျမှ ရှေ့ကသွားခဲ့တဲ့သူတွေနဲ့မတူပဲ ဘန်ကောက်ကနေ နယူးဒေလီကို စီးရမယ်။ နယူးဒေလီကနေ မြောက်ဘက်ကိုတည့်တည့်တက်ပြီး ရုရှားကြီးကိုဖြတ်၊ မြောက်ဝန်ရိုးစွန်းကြီးကိုဖြတ်လို့ အလာစကားဖက်ကနေပတ်ပြီး အမေရိကကို ၀င်ရမယ် တဲ့။ တွေ့ကြသေးတာပေါ့လေ..။

“ သူငယ်ချင်း မင်းမနက်ဖြန် ကား စ ရိုက်ရမယ် မင်းစိတ်ထဲမှာ နည်းနည်းလေးမှ မကြောက်ဘူးလား၊ နည်းနည်းလေးမှ စိတ်မလှုပ်ရှားဘူးလား”

ပထမဆုံး ကားရိုက်ဖို့ပြင်ဆင်ကြတုန်းက ဘေးမှာလာအိပ်တဲ့ ညီညီမောင်မေးတာကို ပြန်ကြားယောင်နေမိတယ်။တကယ်တော့ ကျနော်ဟာ ဒါရိုက်တာအလုပ်ကို ဘယ်သင်တန်းမှလည်း မတက်ခဲ့၊ ဘယ်ဆရာဆီမှာမှလည်း လက်ထပ်မသင်ခဲ့ပဲ လုပ်ခဲ့တယ်။ ပထမဆုံးကားကနေ စ ပြီး ဒါရိုက်တာ လုပ်လာလိုက်တာ ဒီနေ့ထိပဲ။ ဒါပေမယ့် မြင်ဆရာ၊ ကြားဆရာတွေကတော့အားလုံးပါပဲ။ ကျနော် ရိုက်ကွင်း ၄ ခုလောက်ရောက်ဖူးတယ်။ ဆရာဦးကြည်စိုးထွန်းရဲ့ သံယောဇဉ်ချာတိတ် ရုပ်ရှင်ရိုက်ကွင်း၊ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား ဗီဒီယို ရိုက်ကွင်း၊ ဦးကျော်ဟိန်းရဲ့ ရုပ်ရှင်ရိုက်ကွင်း၊ ဘဘဦးတင်ယု ရဲ့ ဗီဒီယိုရိုက်ကွင်း။ စုစုပေါင်းမှ နာရီဝက်လောက်ပဲကြာမယ်။ ပညာတွေရခဲ့တာလည်း ရှိသလို၊ မနှစ်သက်တာတွေလည်းတွေ့ခဲ့တယ်။ ငါ့ကျရင် ဘယ်လိုလုပ်မယ် ဆိုတဲ့အတွေးလည်းရှိခဲ့တယ်။ နောက် ဆရာဦးကြည်စိုးထွန်းဆီကို ချည်းကပ်ပြီး ဇာတ်ညွှန်းရေးမယ်။ ပရိုဂျူဆာ လုပ်ရင်း ဆရာ့ဆီက ပညာယူမယ်လို့ ကြံစည်ခဲ့တယ်။ တကယ်တန်းကျတော့ အဆင်မပြေခဲ့ပြန်ဘူး။ ဒါနဲ့ပဲ ကိုယ့်ဖါသာ ဒါရိုက်တာ ထလုပ်ဖြစ်လာတဲ့ အထိ၊ ဘယ်ကမှ ပညာသေချာမဆည်းပူးခဲ့ရဘူး။ ဒါရိုက်တာအလုပ်ကို လုပ်ခဲ့တဲ့ တလျှောက်မှာ တကားဆိုတကား ကားတိုင်း စိတ်ကူးတွေကို ဘယ်လိုတင်ပြရပါ့ဆိုပြီး စဉ်းစားရင်းပဲ လုပ်ခဲ့တယ်။ ဘာသီအိုရီ ညာသီအိုရီ ဘာနည်း ညာနည်းရယ်လို့ မသိခဲ့ပါဘူး။ ဘာဖြစ်ဖြစ် ကျနော်က လုပ်ကြည့်မယ်လေဆိုပြီး လုပ်လိုက်တာချည်းပါပဲ။ ကျနော့်သူငယ်ချင်းတွေက ကျနော့်ကို အကြောက်အလန့်မရှိတဲ့ ကောင် လို့နာမည်ပေးထားကြတယ်။ ခုလည်း နိုင်ငံကာ လူတွေနဲ့ထိတွေ့ဆက်ဆံရမယ့် အမေရိကခရီးစဉ်ကို ထွက်လာခဲ့ပြန်ပြီ။

ပထမဆုံးမင်္ဂလာဒုံလေယာဉ်ကွင်း ထိုင်းအဲယားဝေးတီဂျီကောင်တာမှာ အွန်လိုင်းကပို့လိုက်တဲ့ အီးတစ်ကက်ကိုပြ၊ ပြီးတော့ သေတ္တာကို တန်ဆာ လုပ်၊ ကိုမင်းထက်မောင်သင်ထားတဲ့အတိုင်း ဘယ်လောက်အထိ ရောက်မလဲ ဆိုပြီးမေးတယ်။ ချီကာဂိုလေဆိပ်ထိ ရမယ် တဲ့။ ကျနော့်ခရီးစဉ်ဟာ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ကနေ ထိုင်း သုဝဏ္ဏဘုမ္မိလေဆိပ်၊ အဲဒီမှာ မနက်ကတည်းကနေ တနေကုန်အောင်စောင့် နောက်ညနေမှာ..နယူးဒေလီ အင်ဒီရာဂန္ဒီလေဆိပ်၊ အင်ဒီရာဂန္ဒီလေဆိပ်ကို သန်းခေါင်ယံအချိန်လောက်ရောက်မှာ ဖြစ်ပြီး၊ အဲဒီက မနက် ၄ နာရီခွဲလောက်မှာ ..၁၆ နာရီကျော်စီးပြီး ချီကာဂိုလေဆိပ်ကို ၀င်ရမယ်။ ချီကာဂိုလေဆိပ်မှာ ၃ နာရီကျော်လောက်စောင့်ပြီး စီဒါးရပ်ပစ်(အိုင်အိုဝါ)လေဆိပ်ကိုရောက်ပါမယ် တဲ့ဗျ။တီဂျီကောင်တာကနေ လက်ဆွဲအိတ်ကို တန်ဆာလုပ်၊ လေယာဉ်လက်မှတ်နှစ်စောင်ကိုထုတ်ပြီး ကျနော်ဘယ်ဆက်သွားရမှန်းမသိပါဘူး။ ဒါနဲ့အနားမှာ ရှိတဲ့ဝန်ထမ်းကိုမေးတော့ ဖေါင်တခုဖြည့်ခိုင်းပြီး အပေါ်ထပ်ကိုတက်ခိုင်းတယ်။ အပေါ်ထပ်ကို တက်ခါနီးမှာ အပြင်က ဝေမာ့ကိုကြည့်တော့ လက်လေးတပြပြနဲ့ကျန်ခဲ့လေရဲ့။

ဒီသတ္တ၀ါဟာ မိန်းကလေးတန်မဲ့ အင်မတန်မှ ပေပေတေတေ နိုင်ပါသဗျာ။ အောင်ပန်းခရီးမှာ ကိုဌေးသိန်းရယ်၊ ကျနော်ရယ်၊ သူရယ် အတူသွားလာကြစဉ် သူ့အကြောင်းအတော်အတန်သိလာရတာဆိုတော့ ..ဒီလိုပဲ ကောက်ချက်ချရမယ်ထင်ပါရဲ့။ အမြဲ ရေမချိုးမိုးမချိုး ကြောင်ချီးရုပ်နဲ့ ဟဲဟဲ။

အပေါ်ထပ်မှာ မျက်နှာတွေချီနေတဲ့ မြန်မာခရီးသွားများကို တွေ့ရတယ်။ တယောက်နဲ့တယောက် ပြောနေဆိုနေကြတာ..သူက စင်္ကာပူကိုဆက်သွားမှာ၊ သူက ဟောင်ကောင်ကိုဆက်သွားမှာ၊ သူကဖြင့် အဲဒီမှာနေတာလေ.၊ သူက ဆိုင်ဖွင့်ထားတာ စသဖြင့် စုံနေပါ့ ကြားရတာတွေ။ တကယ်တော့ သူတို့တယောက်ချင်းကို ကျနော်လိုက်ကြည့်မိတယ်။ လေယာဉ်လက်မှတ်ဖိုးကိုက နည်းတာမဟုတ်ဘူး၊ခုလို အိမ်ဦးနဲ့ကြမ်းပြင် ကူးလူးသွားလာနိုင်ကြတယ်ဆိုကတည်းက သူတို့ဟာ တိုင်းပြည်ရဲ့လူနည်းစုထဲက လူနည်းစုပါလားလို့လည်း အသိဝင်မိတယ်။ ကျနော့်ကို ဘေးက အမျိုးသမီးတယောက်က မေးတယ်။ ၅၀ ၀န်းကျင် ပျံနေတာပဲ။ “ ဘယ်အထိ သွားမှာလဲ ” စုတ်ဖတ်ဖတ်နဲ့ကျနော့်ကို သိပ်လည်းအထင်ကြီးတဲ့ပုံမရပါဘူး။

“ အမေရိကားအထိပါ..”



အမျိုးသမီးရဲ့ မျက်နှာပြောင်းသွားတယ်။ ဘာကိစ္စလဲ၊ ဘယ်နှဆင့်စီးရမှာလဲ၊ စသဖြင့်မေးခွန်းတွေ စုံ နေလေရဲ့။ ကျနော်က တခါမှမသွားဖူးဘူး၊ အဖေါ်လည်းမပါဘူးဆိုတော့ အံ့သြတကြီးနဲ့။အင်း အမေရိက အမေရိက တော်တော် အထင်ကြီးကြတာပဲကိုး။ ခုနက ကော်ဖီဆိုင်မှာ ဝေမာညွန့်နဲ့ ၂ ယောက်ထိုင်နေတုန်းတွေ့ခဲ့တဲ့ ကျနော့် မိန်းမ(ဟောင်း)- ဟီး အဲလိုပဲတပ်ရမယ်ထင်လို့ဗျာ) ရဲ့ သူငယ်ချင်း နွဲ့ရဲ့ယောက်ျားကလည်း တီဂျီစီးမှာ.။ သူတို့က ဂျပန်လား၊  ကိုရီယားကိုလား မသိဘူး သွားရမယ်။ အဲဒီကနေ သင်္ဘောတက်မှာ။ သုံးယောက်လောက်ရှိတယ်။ နွဲ့ က ကျနော့် ကို သိပ်မကြည်တဲ့ ပုံနဲ့ကြည့်ခဲ့တယ်။ ဝေမာညွန့်ကို အကဲခတ်တယ်။

“အကို နောက် အိမ်ထောင်ပြု သွားပြီ ကြားတယ် ” တဲ့ မေးပုံက.

.“ မကျသေးဘူး ..ကျဆဲ ကျလတ္တံ...ပဲ ရှိသေးတာ..” မှတ်ထားကွ။ အဲဒီလို ရွဲ့ဖြေလိုက်တယ်ဗျာ။ သြော် လူတွေ လူတွေ ။

လေယာဉ် သိမ့်ခနဲ မြန်မာမြေကအခွာမှာ ခေါင်းထဲဝင်လာတာ..ငါတို့မြေငါတို့ပြေ ကနေ ခွာရပြီဆိုတဲ့အတွေးပဲ။ကျနော့်ဘေးက ပုဂ္ဂိုလ်က နက်ခ်တိုင်ကြီးနဲ့ ၀တ်စုံပြည့်ဝတ်လို့၊ ပြီးတော့ ဘိုလိုပဲပြောတယ်။ ကျနော့်စိတ်ထဲ ဒီလူ့ကို မြန်မာနဲ့အတော်တူတယ်၊ ဒါပေမယ့် မြန်မာလိုလည်းမပြော ကျနော့်ကိုလည်း ဘိုလိုပြောတော့ အင်း ကမ္ဘောဒီးယားလား ထိုင်းလားထင်မိတယ်။



တီဂျီကကျွေးတဲ့အစာတွေက ဘာတွေမှန်းမသိဘူး။ ဘာတွေမှန်းမသိတာတွေကို စားပြီး သောက်ဖို့အရည်ပေးတော့ ၀ိုင်သောက်မလားမေးတယ်။ ကျနော်မသောက်ဘူး..ငြင်းပြီး ဂျုစ် တခုခုတောင်းလိုက်တယ်။ နာသကွာ..လို့ကျနော့်သူငယ်ချင်းတွေ ၀ိုင်း အော်ကြမှာ ကြားယောင်နေပါ့။

ခရီးတ၀က်ကျော်ကျိုးပြီးမှ အဲဒီလူ စာဖတ်လိုက်လို့လား ဘာကြောင့်မှန်းမသိ၊ မြန်မာမှန်း ကျနော်သိလိုက်ရတယ်။ တယ်လေ..အစကတည်းက မြန်မာဆို တလမ်းလုံးစကားပြောသွားလို့ရမင့်ဟာ။ ကျနော်ကပဲ စ ပြီး မြန်မာလားဗျ လို့မေးရင်း စကားတွေပြောဖြစ်သွားတယ်။ ကျနော့်ကို စာရေးဆရာတယောက်အနေနဲ့ နိုင်ငံတကာစာရေးတဲ့ ပရိုဂရမ်တက်ဖို့သွားတာ ဆိုတဲ့အခါမှာ သူဝမ်းသာပြီး သူဖတ်တဲ့စာတွေ သူစိတ်ဝင်စားတဲ့အကြောင်းတွေ ပြောတယ်။ သူက လာအို ဗီယက်ကျင်းကို ဆက်သွားမှာ။ သူ့မိန်းမက သံဝန်ထမ်းမလို့တဲ့။ အစိုးရအမှုထမ်းပါတဲ့။ ဘာဆိုတာတော့ သိပ်မပြောဘူးဗျ။ စစ်ဗိုလ်လားလို့တောင် ထင်မိတယ်။ သူ့ပုံစံကြည့်ပြီး။ ဒီလိုနဲ့ ထိုင်းရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သုဝဏ္ဏဘုမ္မိလေဆိပ်ကြီးထဲ ကို ရောက်လို့လာပါပြီ။ ထိုင်းလေယာဉ်မောင်က ကျနော့်ကို ထိုင်းလို လာပြောတယ်။ ကျနော်က No, I am not a Thai..လို့ ပြုံးပြီး ပြန်ပြောပြတဲ့အခါ သူက ကျနော့်ကို ထိုင်းတိုးရစ်စ် ထင်လို့တဲ့.။ အင်းလေ ဆံပင်ရှည်ရှည် ဂျင်းဘောင်းဘီနဲ့ ဂျာကင်တဖါးဖါးနဲ့လာခဲ့တာကိုး။လေဆိပ်အ၀င်မှာဗျာ၊ ဘိနပ်လည်းချွတ်၊ ခါးပတ်လည်းချွတ်၊ ကွန်ပျူတာကိုလည်းထုတ်၊ ဘန်းတွေထဲထည့် မျိုးစုံစစ်ပါတော့တယ်။ ပြီးတော့မှ လေဆိပ်ထဲဝင်ရတယ်။ ထိုင်းတွေကို အင်္ဂလိပ်စကားပြောရတာ ခက်တယ်။ သူတို့အင်္ဂလိပ်က ပိုညံ့တယ်။ နွဲ့ယောက်ျားသင်္ဘော သား အုပ်စုနဲ့ ဆုံပြန်ပါပြီ။ အရင်ဆုံး ရှုးပေါက်ဖို့ အိမ်သာရှာ ရှုးဝင်ပေါက်ပြီး သွားရတယ်။ လေဆိပ်ကြီးက ကြီးလွန်းလို့ တော်တော်လျှောက်ရတယ်။ လမ်းတလျှောက် ဆိုင်တွေခင်းထားလိုက်တာလည်း ပလူကိုပျံနေတာပဲ။

ဝေမာညွန့်သင်ပေးလိုက်တဲ့နည်းနဲ့ ကြော်ငြာဘုတ်ကို ကောင်းကောင်းဖတ်တတ်သွားတော့ မေးမြန်းပြီး သွားတော့တာပဲ။

Would you like to tell me where the gate C9, please?

ထိုင်းတွေက ကျိုးကျိုးပဲ့ပဲ့ လမ်းပြန်ညွှန်တယ်။ ဒါပေမယ့် သူတို့ဝန်ထမ်းတွေဟာ ဧည့်သည်ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ

ကောင်းကောင်းနားလည်တယ်။ ဘာအနှောင့်အယှက်မှမပေးဘူး။ တော်တော်ယဉ်ကျေးသိမ်မွေ့ကြတယ်။ ဒီလိုဘာကြောင့်ရေးရတယ် ဆိုတာ နှိုင်းယှဉ်စရာတွေပေါ်လာလို့ပါ။ နောက်တော့ သိလာပါလိမ့်မယ်။

တနေကုန်ကွေးကောက်ပြီး ထိုင်ခုံမှာထိုင်စောင့်ရင်း သူများတွေ အင်တာနက် သုံးနေကြတာတွေ့တော့ အင်တာနက်

ဘယ်လိုသုံးရသလဲဆိုတာ ၀န်ထမ်းတယောက်ကိုမေးလိုက်တယ်။ အဲဒီဝန်ထမ်း က ကောင်တာတခုကို ညွှန်ပေးတယ်။ ဖရီးဝိုင်ဖိုင်အတွက် ကျနော့်ကို ပတ်စ်ဝဒ်ပေးလိုက်တယ်။ ၀မ်းသာအားရနဲ့ ပြန်လာပြီး၊ဘန်ကောက်လေဆိပ်မှာ ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်ပါတယ်။ ကောင်းကင်မှာသာတဲ့ လကို၊ နေကို ဘယ်နေရာကနေကြည့်ကြည့်တွေ့နေ မြင်နေရသလို၊ အင်တာနက်ကြီးကို ချိတ်လို့ရတော့၊ ညီလေး ဗမာ့သွေးရဲ့ သတင်းတွေကို ဖတ်ရတော့၊ မိတ်ဆွေတွေရဲ့ ရေးသားချက်တွေကို ဖတ်ရတော့ ကျနော်အိမ်ကို ပြန်ရောက်သွားသလို နွေးထွေးသွားလိုက်တာလေ..။



အဲဒီမှာ ချက်တင် ၀င်လာတယ်။ မမေငြိမ်း။

ဇော်ကြီး ဘယ်လိုလဲ ဗီဇာအဆင်ပြေလား တဲ့။

အမ ကျနော် ဘန်ကောက်ရောက်နေပြီ ဆိုတော့ ၀မ်းသာအားရနဲ့ဖုန်းနံပါတ်ပေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ရောက်လာတော့မယ် ပေါ့။၁၅ မိနစ်လောက်ပဲ သုံးရတယ်။ အင်တာနက်က ပြန်သုံးလို့မရတော့ဘူး။ ဒါနဲ့ သွားပြောတော့ သူတို့က ကျနော့်ကို ၁၅ မိနစ်ပဲ အလကားပေးသုံးတာလို့ရေးထားတဲ့ စာကို သေချာပြတယ်။ ဟုတ်သားပဲ အပြည့်သုံးချင်ရင် ၀ယ်ရမှာဗျ။ နောက် ၁၅ မိနစ် စာအလကားသုံးပြီး ကွန်ပျူတာကိုပိတ်လိုက်ရတယ်။ ဘက်ထရီလည်းကုန်တော့မယ်။ ဒါနဲ့ အရေးအကြောင်းဒီကွန်ပျူတာလေးနဲ့ ဒီဂျီမေးလ် ဂျီတော့ခ်လေးနဲ့ ဆက်သွယ်နေရတာဆိုတဲ့အသိနဲ့ အားသွင်းဖို့ ၀န်ထမ်းတယောက်ကို မေးရပြန်တယ်။ အဲဒီဝန်ထမ်းက ကျနော့်ကို အားသွင်းဖို့လုပ်ပေးထားတဲ့ ပလပ်ပေါက်ကိုလိုက်ပြပေးတယ်။ ကြမ်းပြင်မှာ၊ ပလပ်ခုံလေးကို လှန်လိုက်ရင်ပေါ်လာပါတယ်။ ဒီလိုနဲ့ပဲ အားသွင်းရင်း လမ်းတလျှောက်ကျနော်အဖေါ်ပြုဖို့ဝယ်လာတဲ့ တခြား လက်နက်ကရိယာတခုကို ထုတ်လိုက်တယ်။ အိပ်ဆောင်တိပိဋက။ ဒါကို ကျနော်အားချင်းဝယ်လာခဲ့တာ။

ဝယ်ပြီးပြီးချင်းမှာ အတွေးတခု ပေါ်သွားခဲ့တယ်။ အင်း ဒါကိုငါလိုကောင်လက်ထဲ ရှိတာထက် အကျိုးရှိမယ့်လူလက်ထဲ လှူခဲ့ရင်ပိုကောင်းမယ်ဆိုပြီး၊ ဒါနဲ့ ဆရာမောင်သွေးချွန်ကို ဖုန်းဆက်လိုက်တယ်။ ကျနော်မနက်ဖြန်သွားရတော့မယ် ဆရာသွေးနဲ့တွေ့ချင်တယ်လို့..သူ့ကို လက်ဆောင်ပေးတော့ သူအရမ်းအံ့သြ၀မ်းသာလို့။ သူက ဓါတ်သမား ဆိုတော့ သာသနာတော့ အပ်ခဲ့ပြီ လို့ ပြောခဲ့တယ်။

အိပ်ဆောင် တိပိဋက က ၁သိန်းခြောက်သောင်းလား ၇ သောင်းလားမသိဘူးပေးရတာဗျ။ ကျနော့် အိမ်လေးရောင်းပြီး ငွေကလေး ကြေးကလေးနဲ့မို့ ၀ယ်နိုင်တာပါ။ နို့မို့ဖြင့် ကပ်တောင် နိုင်မှာမဟုတ်ဘူး။ ပထမတော့ ၂ လုံးဝယ်မလို့ ဒီဈေးနဲ့ကျတော့ တလုံးပဲ ၀ယ်နိုင်၊ ၀ယ်တဲ့တလုံးကိုလည်း လှူတာပဲကောင်းပါတယ် လို့ လှူခဲ့ပြီးထွက်ခဲ့တာ။

နောက်နေ့ဝေမာညွန့်က ဖုန်းဆက်ပြီး ဆရာ့ကို လိုက်ပို့ချင်လို့ဆိုတော့ ဘာများလဲလို့။

ဒီကောင်က ကျနော့်ကိုလက်ဆောင်ပေးချင်လို့ကိုး။

ရော့ ဆရာ ဝေမာ့ ကို မဆူပါနဲ့နော် ဆိုပြီးပေးတော့။ အိပ်ဆောင် တိပိဋက

ဗျာ. အံ့အားသင့်ရ..ကြက်သီးမွှေးညှင်းတွေတောင် ထရတယ်။ စေတနာများ ချက်ခြင်း အကျိုးပေးတာပဲနော်။

ဒီအိပ်ဆောင် တိပိဋကလေး ကို ဖွင့်ဖွင့်ဖတ်ရင်း ခရီးထွက်ခဲ့တာလေ..။သာသနာ သုံးရပ် ပါမှတော့ ဘာများကြောက်စရာ ရှိမလဲပေါ့...။ခု ဒီ အိုင်အိုဝါမှာ..မိန်းစာကြည့်တိုက်ကြီးထဲ မြန်မာစာအုပ်တွေ အလှူခံထားတယ်။ ကျနော့်စာအုပ်တချို့နဲ့အတူ ဒီအိပ်ဆောင် တိပိဋိက လေး ကို လှူလို့ရမရ(အီလက်ထရော်နစ် ဒီဗိုက်စ် မို့) မေးပြီး လှူခဲ့မယ် လို့စိတ်ကူးတယ်လေ။





အိုင်အိုဝါ ကို အမေရိကရဲ့ အသည်းနှလုံးလို့ခေါ်တယ်။

အမေရိကန်တွေရဲ့အသည်းနှလုံးမှာ သာသနာ သုံးရပ် အိပ်ဆောင် တိပိဋကလေး ကျန်ခဲ့စေချင်တယ်။





ဆက်ပါမယ်



ချစ်ခင်စွာ



ချိုတူးဇော်

No comments:

Post a Comment