Wednesday, February 22, 2012

မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့

ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီမှာ. . .
မေတ္တာတော် တောင်းခံပါတယ်
ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ
မေတ္တာတော်ကို ဖြန့်ဝေပါတယ်။

နာကျင်မှုတွေနဲ့
နာကြည်းစွာ ကျခဲ့ကြတဲ့
မျက်ရည်များကို
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။


ဟောဟိုက ဒုက္ခသည်စခန်းထဲမှာ
မွေးဖွားလာတဲ့
ကချင်ကလေးငယ် တယောက်ရဲ့အနား
သူ့ဖခင် မရှိရှာဘူး။
အဲဒီလိုပဲ
နောက်တန်း အိမ်ထောင်သည်လိုင်းထဲက
ဆနွင်းဝါ၀ါနဲ့ မီးနေသည်ရဲဘော်မယားက သူ့သားကို မ ချီ ရင်း . .
သူ့လင်သားကို တ နေတယ်။

ကလေးတွေက တအဲ့အဲ့
အဖေတွေ တဒိုင်းဒိုင်း တဒက်ဒက်
အဲဒါ ငါ့တို့ပြည်ထောင်စု ပဲ. . .။

ဘယ်ကလေးမှ ဖခင်မဲ့ဖြစ်စရာမလို
ဘယ်မိခင်မှ မုဆိုးမ ဖြစ်စရာမလို
ဘယ်သူက နယ်ချဲ့လို့
ဘယ်သူက နယ်မြေကို ကာကွယ်တဲ့
စစ်ပွဲတွေ ဆင်နွှဲနေရပါသလဲ
ငါတို့အားလုံး ဒီပြည်ထောင်စု ကို ပိုင်ဆိုင်ကြတယ်
မွေးလာသမျှ ကချင်ကလေးတိုင်း ပိုင်ဆိုင်တဲ့နယ်နမိတ်ဟာ.
.မြောက်ဘက် နောင်မွန်းက စ
တောင်ဘက်စွန်း ကော့သောင်း အထိ
အရှေ့ဘက် တာချီလိတ် က စ
အနောက်ဘက် မောင်တောအထိ. . .
တန်းတူရည်မျှ ပိုင်ဆိုင်ကြတယ်။

အဲဒါ ဖက်ဒရယ်ပြည်ထောင်စုကြီး ပဲ။

ဖက်ဒရယ် ပြည်ထောင်စုမှာ
ဘယ်ဘာသာ မှ နိုင်ငံတော် ဘာသာ မဟုတ်
ဘယ်လူမျိုး မှ လူမျိးကြီး မဟုတ်
ငါတို့အားလုံး
ဒီပြည်ထောင်စုကြီး လွတ်လပ်ရေးအတွက်တန်းတူညီမျှ တိုက်ပွဲဝင်ခဲ့တယ်
ငါတို့အားလုံး တဦးအပေါ်တဦးသစ္စာရှိရမယ်တန်းတူညီမျှရမယ် တဲ့
ငါတို့အမျိုးသားခေါင်ဆောင်ကြီးက ချမှတ်ခဲ့တယ်။

လောဘ. . .ဒေါသ  အတ္တ တွေကြီးစိုးတဲ့. .လူတစုကြောင့်
ငါတို့အားလုံး ငါတို့ပြည်ထောင်စုကို ဆုံးရှုံးခဲ့
စည်းလုံးတဲ့ ပြည်ထောင်စုမှ မရှိရင်လွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလည်း မရှိနိုင်ပေဘူး
အပြန်အလှန်ချစ်ကြည်တဲ့ တိုင်းရင်းသားတွေမှ မရှိရင်
အပြန်အလှန်မှီခိုရတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလည်း မရှိနိုင်ပေဘူး

ငါတို့ရဲ့ ကလေးတွေကို
စစ်မီးတွေကြားက
ယမ်းခိုးတွေကြားက
ဆွဲ ထုတ်နိုင်ပါမှ
ငါတို့ပြည်ထောင်စုကို ငါတို့ပြန်ရမယ်။


အို မိအို ဖအိုတို့. . .
သားပျိုသမီးပျို ဆုံးရှုံး၍. . .
ကျရသော မျက်ရည်များကို
ဒေါသဖြင့်ချေဖျက်မည်ဆို
ကျွန်ုပ်တို့ မြေးမြစ်တို့ပါ ဆုံးရှုံးကြရပေလိမ့်မယ်။


နာကျင်မှုများဖြင့်
နာကြည်းစွာ ကျ နေရတဲ့
 မျက်ရည်များကို
ကျွန်ုပ်တို့ပြည်သူအပေါင်းက
ဘုရားရှင်အားလုံးထံမှ
တောင်းခံရယူသော မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့ ။                    ။

ချိုတူးဇော်

(ကချင် စစ်ဘေးသင့် ဒုက္ခသည် ပြည်သူတွေကို ၀ိုင်းဝန်းကူညီနေကြတဲ့ ညီနောင်အပေါင်း နဲ့  ပြည်သူများကို ဂုဏ်ပြုပြီး ရေးပါတယ်)

No comments:

Post a Comment