Thursday, February 23, 2012

အမေရိကန်တွေ ဆီက ရသမျှ - ၅

အမေရိကန်တွေဆီက ရသမျှ - ၅

by Cho Tu Zal on Friday, February 3, 2012 at 8:46am ·
အမေရိကန်တွေဆီက ရသမျှ - ၅

အမေရိကန်တွေဆီက ရသမျှကို စဉ်ဆက်ရေးလာလိုက်တာ၊ ကြားထဲမှာ တက်လာသမျှသတင်းတွေအပေါ်အမြင်တွေရေး၊ လိုအပ်ရင် ဒီမိုကရေစီလမ်းကြောင်းနဲ့ ဆန့်ကျင်တယ်ထင်ရင်၊ ငြိမ်းချမ်းရေးအတွက် ဆန့်ကျင်တယ်ထင်ရင် အဲဒီသတင်းကိုအခြေခံရင်းဝေဖန်ချက်တွေရေးရင်း ၄ နဲ့ ၅ ကြား ခြားသွားပါတယ်။


ကျနော်ရေးခဲ့သမျှထဲမှာ ကိုလွင်ငြိမ်းချမ်းကျော်ကလည်း အချက်အလက်ခိုင်ခိုင်မာမာနဲ့ ဆွေးနွေးပေးခဲ့သလို၊ ရာမညဆရာတော်ကလည်း အမြင်တွေကို ဆွေးနွေးပေးခဲ့တယ်။ ကိုအဲဗားကတော့ ကျနော့်ဆိုလိုရင်းကို ရှာဖွေပြီး ထောက်ပြဆွေးနွေးခဲ့တယ်။ အမေရိကန်တွေဆီက ကောင်းတာချည်းပဲမျှော်လင့်လို့မရ၊ ဆိုးရွားတာတွေရှိနေတယ်။ နောက်သူတို့စနစ်မှာ ချွတ်ယွင်းချက်အကြီးကြီးကို ရှိနေတယ်၊ ခုချိန်မှာကို သူတို့ပြေလည်အောင် မဖြေရှင်းနိုင်ဘူး။ အဲဒီချွတ်ယွင်းချက်ကြီးဟာ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်မှာ ရှိနေတယ် လို့ ကျနော်က ထောက်ပြချင်တာပါ။ နိုင်ငံရေးမှာ တော့ ဘယ်လောက်စိတ်ပျက်စရာကောင်းတယ်ဆိုတာ ညစဉ်ညတိုင်း သတင်းအပြီးလာနေတဲ့ ရီပတ်ဗလီကန်က သမ္မလောင်းတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေ၊ သူတို့ပြောသမျှတလုံးချင်းက ပြန်သရော်နေ၊ ထောက်ပြနေတဲ့ ဂျွန်စတီးဝပ်တို့၊ စတီဖင်ကိုဗဲလ် တို့လို နိုင်ငံရေးလူရွှင်တော်တွေရဲ့ အစီအစဉ်တွေကို ကြည့်တာနဲ့ ကို လုံလောက်ပါတယ်။ အားလုံးသိတဲ့အတိုင်း အမေရိကားမှာ အဓိက အင်အားကြီး ပါတီကြီး ၂ ခု ရှိပါတယ်။ အဲဒီ ပါတီကြီး ၂ခုက တလှည့်စီ အာဏာကိုလှည့်ယူနေကြတယ် လို့ ပြောလို့ရအောင်ပဲ အင်အားချင်းကလည်း မတိမ်းမယိမ်းပါ။ ယျေဘူယျအားဖြင့်ခွဲမယ်ဆိုရင် ဒီမိုကရက်တွေက ဆိုရှယ်လစ်ဆန်တယ်။ ပြည်သူလူထုနဲ့ပိုနီးတယ်။ ဆင်းရဲသားတွေရဲ့ သာမန်ပြည်သူတွေရဲ့အခွင့်အရေးကို ပိုကာကွယ်လိုစိတ်၊ ပြည်သူကိုထောက်ပံ့ရေးတွေပိုမိုလုပ်ဆောင်ပေးလိုတဲ့သဘောရှိတယ်။ ရီပတ်ဘလီကန်တွေကတော့ အရင်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားကိုအဓိက၊ အရင်းရှင်ကြီးများ တောင့်တင်းသန်မာမှ အများစုကို အလုပ်ကိုင်တွေဖေါ်ဆောင်ပေးနိုင်၊ အမေရိကားရှင်သန်နိုင်မယ် လို့ ယုံကြည်တယ်။ ဒီလိုနဲ့ ကျနော်အားပြိုင်ရပ်တည်နေကြတာကြာပြီ။ စစ်အေးလွန်ကာလတွေမှာ အမေရိကားဟာ စူပါပါဝါကနေ အလိုအလျောက်လျှောဆင်းပေးခဲ့ရတယ်။ ဆိုဗီယက်ကြီးရှိတုန်းက အမေရိကားကို ဆိုဗီယက်ကြီးကို ကြားကန်ဖို့ထောက်တိုင်ကြီးလို အားကိုးခဲ့ကြပေမယ့် ခုချိန်မှာတော့အမေရိကားမပါတဲ့ ကမ္ဘာသစ်ကို ရှာဖွေကုန်ကြပြီ။တရုတ်ကလည်း လက်ဝဲစီးပွားရေးစနစ်ဥခွံကြီးထဲကနေ ဖေါက်ထွက်ပြီးဈေးကွက်စီးပွားရေးစနစ်လောကထဲကို ခြေစုံပစ်ဝင်လိုက်တဲ့အခါမှာအမေရိကန်အရင်းရှင်ကြီးတွေဟာ ရှိရှိသမျှ ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို တရုတ်ပြည်ထဲ အလုံးအရင်းသယ်သွားကြတယ်။ အမေရိကန်အလုပ်သမားတယောက်ကို ပေးရတဲ့ တရက်လုပ်ခလောက်ဟာ တရုတ်ပြည်က တရုတ်အလုပ်သမားတယောက်ကို တလစာပေးထားနိုင်တယ်။ နောက် အမေရိကန်မှာ နာမည်ခံအရင်းရှင်စနစ်အောက်က ဆိုရှယ်လစ်အခွင့်အရေးတွေက အရမ်းကို တက်နေတယ်။ အလုပ်သမားတယောက် အလုပ်ပြုတ်သွားရင်(lay off) အဲဒီလစာငွေရဲ့ ရာခိုင်နှုန်းအတိုင်းအတာ၊ တချို့ဆို အပြည့်နီးပါး အစိုးရက အချိန်ကာလ တခုအထိ ဆက်ထောက်ပံ့ပေးထားတယ်။ တချိန်တည်းမှာ ၀င်ငွေနည်းမိသားစုတွေကို ထောက်ပံ့ကြေးတွေအမျိုးမျိုးပေးထားတယ်။ food stamp ဆိုတာလေးက တနေရာနဲ့တနေရာ တပြည်နယ်နဲ့တပြည်နယ် မတူတဲ့ ထောက်ပံ့မှုတမျိုးပါ။ ဖုဒ်စတမ့်ပ် ကဒ်တကဒ်ကို တလ ဒေါ်လာ၂၀၀ ဖို့၊ တချို့နေရာတွေမှာ ၃၀၀ ဖိုးအစားအသောက်တွေ သီးသန့်အခမဲ့ထုတ်ယူခွင့်ရတဲ့ကဒ်ပါ။ အဲဒီ ဖုဒ်စတမ့်ပ်ကဒ်နဲ့ ကြိုက်တဲ့ စတိုးဆိုင်၊ ကြိုက်တဲ့အစားအသောက်ရောင်းတဲ့ဆိုင်မှာ ၀ယ်လို့ရတယ်။ ကဒ်ထဲက ဖြတ်လိုက်တဲ့ ပိုက်ဆံအမောင့်ကို အစိုးရက လကုန်တိုင်း အဲဒီဆိုင်ကို ပြန်ရှင်းပေးပါတယ်။ ဒီလိုမျိုးထောက်ပံ့နေရတဲ့ လူဦးရေဟာ တကယ်တော့ ၁% ပဲရှိပါသတဲ့။ ဒီလိုပဲ အလွန်အမင်းချမ်းသာပြီး အခွန်ကိုမဆောင်ကြတဲ့ လူဦးရေကလည်း ၁% ပဲ ရှိပါသတဲ့။ မနေ့က မစ်ရွန်နီက မဲဆွယ်တဲ့အခါမှာ သူဟာအမေရိကန်ကိုချစ်တယ်။ ဒါပေမယ့် ငမွဲအမေရိကန်တွေကိုတော့ မချစ်ဘူး၊ ဒီလူတွေဟာ မကြိုးစားတဲ့လူတွေ ဆိုတဲ့ မိန့်ခွန်းကြီးတခုကိုပြောသွားတဲ့အတွက် မီဒီယာက ၀ိုင်းတီးနေကြလေတယ်။ ညတွင်းချင်းပဲ စတီဖင်ကိုဗဲလ်တို့လူရွှင်တော်တွေက ချမ်းသာ နဲ့ ဆင်းရဲ ဆိုတဲ့ တီရှပ်ကိုယ်စီဝတ်ထားတဲ့ လူရွှင်တော် ၂ယောက်ထွက်လာပြီး ချမ်းသာနဲ့ ဆင်းရဲ အရေအတွက်တူပါတယ်.. ဆိုပြီး ပြန်ဟားကြလေတယ်။ တကယ်တမ်းမှာ အဲဒီပြဿနာဟာ အမေရိကားရဲ့ ဘဲဥအစရှာမရတဲ့ ပြဿနာဖြစ်လာမှန်းမသိ ဖြစ်လာနေပါတယ်။ အမေရိကားဟာ တကမ္ဘာလုံးက (ကျနော်တို့မြန်မာတွေအပါအ၀င်) ဒုက္ခသည်ပေါင်းသိန်းချီပြီး နှစ်စဉ်လက်ခံတယ်။ ရောက်လာတာနဲ့ နေရေးထိုင်ရေး၊ အိုးခွက်ပန်းကန်ကအစဆီးပြီးဆင်တယ်။ ကျောင်းတက်မယ့်သူဆိုလည်း ထောက်ပံ့ပေးတယ်။ အထက်တန်းအောင်ပြီးပြီဆို တက္ကသိုလ်ပညာရေးကို သင်ဖို့ငွေချေးပေးတယ်။ စသဖြင့် ကူညီထောက်ပံ့တယ်။ ၈လလောက်ငွေကြေးထောက်ပံ့တယ်။ အသက် ၆၅ ကျော်တဲ့သူတွေကို ပင်စင်ပေးထားတယ်။ ဒါကိုကြည့်ရင် အမေရိကားဟာ နတ်ဘုံနတ်နန်းကြီးလိုပဲ။ ဘာမှ ဒုက္ခသုက္ခမရှိတဲ့မြေပေါ့။အိုင်အိုဝါမှာ ရောက်ခါစ အမေရိကားဟာ ပြီးပြည့်စုံတဲ့ ဗြဟ္မစိုရ်ထွန်းကားရာမြေလို့ တချို့တွေပြောသလို သညာမှတ်ထင်စရာ။ အိုင်အိုဝါဆိုတာက တကယ်တော့ အင်မတန်မှကို အေးချမ်းတဲ့နေရာပါ၊ ရာဇ၀တ်မှု မရှိသလောက်ကို ရှားပါးတယ်။ မြို့ကသေးသေးလေး။ အဲဒီမြို့ပတ်လည်က မျက်စိတဆုံး ပြောင်းခင်းကြီးတွေနဲ့ လယ်သမားတွေနေတယ်။ မြို့ကျပြန်တော့ ဥပမာပေးရရင် ရန်ကုန်ပင်မတက္ကသိုလ်မိန်းကြီးကို ချဲ့ပြီး မြို့လုပ်ထားတာဗျ။ တက္ကသိုလ်မြို့။ နေရာတိုင်းမှာ ကျောင်းသူကျောင်းသားတွေ။ တချို့လမ်းလေးတွေဆို အုတ်ခင်းလမ်းလေးတွေ၊ တကယ့်စာပေမြို့။ တံမြက်စည်းလှဲနေတဲ့သူပဲဖြစ်ဖြစ်၊ ဟိုတယ်က သန့်ရှင်းရေးအလုပ်သမားပဲဖြစ်ဖြစ် မေးလိုက်ရင် လူငယ်လေးတွေ၊ ပီအိပ်ခ်ျဒီတက်နေတဲ့သူနဲ့၊ မာစတာတက်နေတဲ့သူနဲ့။ အားလုံးက ကျောင်းသူကျောင်းသား ပညာတတ်အသိုင်းအ၀ိုင်းဆိုတော့ ယဉ်ကျေးလှတယ်။ လမ်းလျှောက်လာတဲ့ ပါမောက္ခနဲ့ သစ်ရွက်တွေသိမ်းနေတဲ့ ကျောင်းသားနဲ့ ဘောင်းဘီအိပ်ထဲကထုတ်ပြတဲ့ ကဗျာလေးကို ခေါင်းချင်းဆိုင်ရွတ်နေတဲ့မြင်ကွင်းမျိုးအိုင်အိုဝါမှာ ရှိတယ်။ မြို့ရဲ့အလယ် ရေပန်းကလေးနဲ့ ကလေးတွေဆော့ကစားဖို့လုပ်ပေးထားတဲ့ကစားကွင်းလေးမှာ ကစားနေတဲ့ ကလေးတွေနဲ့ စာဖတ်နေတဲ့ အမေတွေ၊ အဖေတွေ၊ စာအုပ်ပုံ အရုပ်ကြီးတွေကြားမှာ.. တွေ့နေရတာကိုးက အိုင်အိုဝါဟာ ယူနက်စ်ကိုရဲ့စာပေယဉ်ကျေးမှုမြို့တော်၊ အမေရိကားရဲ့အသည်းနှလုံးဆိုတာ ငြင်းစရာမရှိဘူး။ ဘီယာဆိုင်ထဲ ကဗျာရွတ်ပွဲအခမဲ့ဆို လူတွေကို နေစရာမရှိအောင် အပြည့်အသိပ်လာနားထောင်တဲ့မြို့ဗျာ။ ဒီတော့ အမေရိကားကို.. အဲဒီတမြို့ထဲနဲ့တင် ဆုံးဖြတ်ရမယ်ဆို နတ်ပြည်ပေါ့. .တကယ့်ကို နတ်ဘုံနတ်နန်းကြီးပေါ့။ ဒါပေမယ့် နတ်ပြည်က တထပ်ထဲမဟုတ်သလို၊ နတ်ပြည်ကနတ်သားတွေမှာလည်း အဆင့်ဆင့် ရှိလေရဲ့. . .။
အိုင်အိုဝါသား တလကျော်ကျော်လောက်ဘ၀မှာ ဆန်ဖရန်စ္စကိုမြို့က စာပေဟောပြောပွဲမှာပြောခွင့်ရပါတယ်။ အမေရိကားမှာ နေတော့
ဘာဖြစ်ဖြစ် အဆင်ပြေလွန်းတာဗျာ၊ ဘတ်စ်ကားစီးရလည်း အဆင်ပြေ၊ အကြွေလဲတာတောင် စက်ကြီးနဲ့မို့ ဒီကောင်ကြီးမြန်မာပြည်ခေါ်
သွားချင်လိုက်တာလို့ပြောခဲ့တယ်။ ကျနော်က အိုင်အိုဝါပါးပဲ ၀ ခဲ့သေးတာကိုး။ ဒီလိုနဲ့ မြို့တွေနယ်တွေ စုံလာ အမေရိကားကို နှံ့လာတာ
နဲ့အမျှ အမေရိကားက နတ်ဘုံနတ်နန်း အထပ်ထပ်မှာ ကြုံနေဖြစ်နေတာတွေကို အကုန်လုံးလိုလို (ကျန်နေမှာတွေလည်း အများကြီးပါ)
မြင်လာတွေ့လာတာနဲ့အမျှ မြင်တာလေးတော့ ပြောချင်တယ် ဖြစ်လာရတယ်။
စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ဟာ အပုပ်နံ့တထောင်းထောင်း၊ ယင်တလောင်းလောင်းတွေ ရှိနေတယ်။ ဒီက၀န်ထမ်းတွေဟာ အလုပ်ချိန်နဲ့
အလုပ်ကို ကူးရသန်းရချိန်နဲ့ ဘ၀က ကုန်နေလေတယ်။ နောက်အင်မတန်မှ ဆိုရှယ်များတဲ့ လူ့အဖွဲ့အစည်းဖြစ်လေတော့ စနေတနင်္ဂနွေ
ဆိုလည်း မိသားစုကိုယ်ပိုင်သီးသန့်ချိန်ဆိုတာ အင်မတန်နည်းလေတယ်။ ဈေးကွက်စီးပွားရေးရဲ့သဘောက အင်မတန်မှ ရက်စက်လေတယ်။ အဲဒီပြိုင်ပွဲကြီးထဲ တရက်မျှနောက်ကျခွင့်မရှိလေတော့ ဘ၀ဟာ အဲဒီယန္တရားထဲမှာ လည်ပြီးရင်းလည်ရင်း အမေရိကန်
လိုက်ဖ် ဆိုတာ ပင်စင်ယူမှ ရကြတော့မယ်သဘောရှိတယ်။
ကျနော့်နောင်တော်တယောက်က မြန်မြန်အိုချင်တယ်ကွာ.. လို့ညည်းတယ်။ ရန်ကုန်မှာတုန်းက လဘက်ရည်ဆိုင်လေးထိုင်၊ ဘော်ဒါတွေနဲ့ စကားလက်ဆုံကျ၊ ရသလောက်လေးနဲ့ ရောင့်ရဲပြီး ကဗျာတွေ၊ စာတွေနဲ့ ဘ၀ကို တင်းတိမ်ခဲ့တာကို သူလွမ်းဆွတ်နေဟန်တူတယ်။
အဲဒီဘ၀မျိုး အကို ၆၅ နှစ်ပြည့်ရင် တကယ်ပြန်ရပါ့မလား၊ အကိုနဲ့အတူ ရန်ကုန်လဘက်ရည်ဆိုင်တွေမှာ ထိုင်သလို စတားဘတ်မှာ လိုက်
ထိုင်ပေးနိုင်မယ့် အပေါင်းအသင်းတွေ အကိုရှာတွေ့ပါ့မလား ကျနော်စိတ်ပူတယ်။
ကျနော်က အမေရိကားကိုမြင်တဲ့အမြင်တွေရေးတဲ့အခါ ဆိုရှယ်လစ်အမြင်နဲ့လည်း ဆန့်ကျင်ရေးတာမဟုတ်သလို၊ စစ်အစိုးရအလိုကျ ပုတ်ခတ်ပြီးရေးတာမဟုတ်ပါဘူး။ ကျနော့်နှလုံးသားထဲက ဆတ်ဆတ်ခါနာရ၊ ကျင်ရ ခံစားရတဲ့အမြင်နဲ့ပဲရေးတာ။ ဘာဆိုင်လို့လဲ လို့မေး
ရင် အဲဒီလို စနစ်ကြီးတခု ကျနော်တို့မြန်မာပြည်မှာများပြောင်းလဲသွားမယ်ဆိုရင် လို့တွေးမိတော့ မပျော်တော့ဘူးဗျာ။
ကျနော်တို့က အဲဒီလိုနေဖို့လိုလို့လားလို့လဲ တွေးမိပါတယ်။
ကျနော်တို့တိုင်းပြည်ဆင်းရဲရတာ ဘာကြောင့်၊ ဘယ်သူ့ကြောင့်ဆိုတာ လူတိုင်းသိပါတယ်။
ဒီလိုလုပ်မှ ချမ်းသာမှာ မဟုတ်ပါဘူးဗျာ။ အင်း . .ငြင်းကြ၊ ခုန်ကြ ရန်တွေ့ကြဦးမယ်။ သူတို့တွေက ဗြဟ္မစိုရ်တရားချမ်းသာတယ် ဆိုတာ
တီပီကယ်လ်ဆန်တယ်။ ဘယ်လိုပြောရမလဲ၊ ပုံစံခွက်ဆန်တယ်ဗျ။ လူတိုင်းဒီအတိုင်းကြီးပဲ။ ကျနော်တို့ လူမျိုးတွေလိုမဟုတ်ဘူး။
ကျနော်တို့လူမျိုးတွေကတော့ ဒီလိုဘယ်ဟုတ်လိမ့်မလဲဗျာ ရပ်ထဲရွာထဲ ကိုယ်ကြိုက်တဲ့အိမ် ကြိုက်တဲ့ဟင်းတွေ့ ၀င်ခူးခပ်စားလို့ရတဲ့
လူမျိုးပါ။ ဒီမှာ ဗြဟ္မစိုရ်တရားဆိုတာ ကျောင်းမှာ ပြည်သူနီတိကို တကူးတကသင်ပေးထားလို့တတ်တာပါ။ လူများရင်အလိုအလျောက်တန်း
စီတာ သင်ထားလို့။
ကလေးတွေက အိမ်မှာမနေတော့အောင်ကို ကွန်မြူနီတီဝပ်ခ်တွေနဲ့ လုပ်နေတယ်။ သိပ်ကောင်းတယ်။ အဖွဲ့အစည်းအသင်းအပင်းနဲ့လုပ်တတ်ကိုင်တတ်လာတယ်။ လူမှုရေးအလုပ်တွေကို စိတ်ဝင်စားလာတယ်။ ဒီကသူငယ်ချင်းရဲ့

သမီးလေးတို့ကအင်တာနက်ကို သုံးလို့ လူစုကြတယ်။ ဆန်ဖရန်ဘေးဧရိယာတ၀ိုက်ကကျောင်းသူကျောင်းသားလေးတွေ စုကြတယ်။ ပေါင်မုန့်တွေ၊ ယိုတွေ၊ ချိစ်တွေဝယ်ပြီး သုတ်ကြတယ်။ အိုးမဲ့အိမ်မဲ့အခြေနေမဲ့တွေကို ဝေကြတယ်။ ဒါက တပါတ်။ နောက်တပါတ်ကျပြန်တော့ ကလေးတွေကို ပန်းချီလေးတွေ သွားဆွဲပြတယ်။ နောက်တပါတ်ကျတော့ ဥယျာဉ်ထဲက စမ်းချောင်းကလေးကို သွားဆယ်ကြ။ နောက်တပါတ်ကျတော့ စာကြည့်တိုက်မှာ စာအုပ်တွေကို ပြန်စီပေးကြ။ ကောင်းလိုက်တာ။
အဲဒီလိုကွန်မြူနီတီ လှုပ်ရှားမှုတိုင်းကို အမှတ်တွေပေးထားတယ်။ တက္ကသိုလ်ဝင်ရင် အဲဒီအမှတ်တွေနဲ့ ခရက်ဒစ်ပေးမှာ။
ဒါပေမယ့် သမီးလေးကို သူ့ပန်းကန်သူဆေးဖို့ကို အမြဲသတိပေးရတယ်။ သူ့အမေကြီး အလုပ်တဘက်နဲ့ မီးဖိုချောင်ထဲ ချက်နေ

ပြုတ်နေတာ သမီးလေး တခါမှ ကူတာမမြင်ဖူးဘူး။ သမီးလေး သူ့အခန်းသူရှင်းတယ်ဆိုတာ အရမ်းကို အိမ်အလုပ်လုပ်တာပါဘဲ တဲ့။
ဟော သူတို့ပညာရေးစနစ်ရဲ့ ချွတ်ယွင်းချက်ကို ကျနော်တွေ့ပါပြီကောလား။
“ မီးမီးရေ.. ဦးဦးတို့မြန်မာပြည်မှာလေ..သူငယ်တန်းမှာသင်ရတယ်။ ကျောင်းပြန်လာရင် “မိဘကူ” ဆိုတာလေ. . ”
လူမှုရေးလုပ်ငန်းတွေကို အင်မတန်ပျော်ရွှင်ပါတဲ့ သမီးလေး ကျနော့်ကို မျက်လုံးကြီးကလယ်ကလယ်နဲ့ ကြည့်ပါတော့တယ်။ သူနားမလည်
ပါဘူးဗျာ။ ကျနော်တို့မြန်မာ ရဲ့ တန်ဖိုးဟာ သူတို့ထက်မလျော့ပါဘူး။
မိမိကိုယ်ကိုယ်ကောင်းအောင် ကြိုးစားမည်
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်
မိမိကျောင်းကိုကောင်းအာင် ကြိုးစားမည်
မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည် ဆိုတာ . . အတူတူပါ။
ပြောရရင် အာဏာကို လက်ကိုင်ထားတဲ့ လူတသိုက်လေ.. လောဘမသတ်နိုင်ပဲ၊ ကိုယ်ကျိုးစီးပွားကို တငမ်းငမ်းနဲ့ သီလ မစောင့်ခဲ့ကြလို့
တိုင်းပြည်ကြီး ပျက်စီးခြင်းမလှ ပျက်ခဲ့ရတာ။ လူဆိုး၊ လူမိုက်ကြီးတွေ နောင်တ ရစေချင်လှတယ်။
သူတို့လို တကူးတက လုပ်စရာမလိုအောင်ကျနော်တို့မှာ ကြွယ်ဝ ခဲ့ပြီးသားပါ။ ကျနော်တို့ မြန်မာတွေ အသုံးမကျဘူးလို့မပြောပါနဲ့။
ဆင်းရဲလွန်းလို့ပါ။ စာရိတ္တတွေ ၀ါရိတ္တတွေ ပျက်ယွင်းကုန်ကြရတာ။ ကျနော်တို့ဗျာ. . .အင်မတန်မှ ယဉ်ကျေးခဲ့ပါသဗျာ။ အင်မတန်မှလည်း
ချမ်းသာခဲ့ပါသဗျာ။
ဒီက ကလေးတွေနဲ့ အမေတွေအဖေတွေရဲ့ ဆက်ဆံရေးဟာ ရင်းနှီးမှုတော့ရှိပါရဲ့ မနွေးထွေးပါဘူး။ ကလေးတွေဟာ အိုဗာကွန်ဖီးဒန့်ဖြစ်
နေကြပြီး မိဘစကားကို နာခံရကောင်းမှန်းမသိကြဘူး။ အထူးသဖြင့် တတိယနိုင်ငံအနေနဲ့ရောက်လာကြရတဲ့ ကျနော်တို့ မြန်မာတွေရဲ့ကလေးတွေဟာ မိဘတွေကလည်း အင်္ဂလိပ်စကားမကျွမ်းကျင်ကြ၊ ပညာရေးအားနည်းတဲ့မိဘတွေဆို ပိုဆိုးသေး၊
သားသမီးတွေက စိတ်ကြီးဝင်လို့ မိဘကို ရိုသေမှု၊ လေးစားမှုတွေနည်းလာတယ်။ ရိုက်လို့ကလည်း မရဘူး။ ရဲ ဖမ်းမှာဗျ။
မြန်မာပြည်က လာတဲ့ မြန်မာအဖေတယောက်မျက်စိထဲတော့ ကလေးတွေရဲ့ မိဘအပေါ်ဆက်ဆံရေးကို ကြည့်ရတာ တမျိုးကြီးပဲ။
“အချစ်အကြောင်းပြောကြရအောင်” ကိုပြတော့ သူတို့အမေရိကန်တွေ အောင့်သက်သက်နဲ့ လက်ခံကြတယ်။ မြန်မာပြည်မှာ လူဖြစ်ရတာ
ကံကောင်းတယ် လို့ပြောတာကိုး။ တကယ်တော့ ဘတ်ဖဲလိုးက စာပေဟောပြောပွဲမှာ ကျနော်ပြောခဲ့တယ်။ မြန်မာပြည်မှာ လူဖြစ်ရတာ
မကောင်းပါဘူး။ မြန်မာဖြစ်ရတာကောင်းတာပါ လို့။ မြန်မာပြည်မှာတော့ နေ့စဉ်နဲ့အမျှ ဓါးပြရန်၊ သူခိုးရန် ခံ နေရတာကိုး။
ဘတ်ဖဲလိုး စာပေဟောပြောပွဲမှာတုန်းက အဲဒီက ဆရာတော်က ဒကာမကြီးတွေ က တငိုငိုတရယ်ရယ်နဲ့ တရားထိုင်ခိုင်းထားရတယ် ဆိုတော့ ခေါ်ခဲ့ပါဘုရား၊ တပည့်တော် သူတို့အတွက်ပါ ထည့်ဟောပါ့မယ် လို့၊ ပြောပြီး ခေါ်လာခိုင်းရတယ်။ ဆရာတော်အားပေးချီးမြှောက်
မှုနဲ့အတူ ပါလာတဲ့ အမေတွေကို.
အမေတို့ ဘာလို့ငိုတာတုန်း မြန်မာပြည်သတိရလို့လား လို့မေးတော့ မျက်နှာလေး တွေ ညှိုးလို့ ခေါင်းညှိတ်ကြတယ်။ အမေတို့ဘာကို
သတိရတာတုန်း၊ ရေမလာတာကို သတိရတာလား၊ မီးမလာတာကိုသတိုရတာ၊ ဘတ်စ်ကားကြပ်တာကို သတိရတာလား လို့ မေးတော့
ရှုံ့ရှုံ့မဲ့မဲ့နဲ့ ရယ်ကြလေရဲ့။ ကျနော်တို့ဗုဒ္ဓဘာသာမှာ လူ့ပြည်နတ်ပြည်၊ဗြဟ္မာပြည်တွေရဲ့ သုဂတိဘုံ၊ ငရဲပြည်၊ တိရစ္ဆာန်အသူရာကယ်နဲ့ ပြိတ္တာတို့ရဲ့ဒုက္ခတိဘုံရယ်လို့ရှိတယ်။ အမေရိကားမှာဗျာ.. ဘတ်စ်ကားစီးရတော့လည်း သက်သောင့်သက်သာ၊ လူတွေကလည်း ယဉ်ယဉ်ကျေးကျေး၊ စားဝတ်နေရေးကလည်း ပြေပြေလည်လည်(မရှိရင်တောင် ဆင်းရဲရင်တောင် ဖုဒ်စတန်းပ်လေးနဲ့ လောက်သဗျ) ဆိုတော့ သုဂတိဘုံပေါ့။ ကျနော်တို့မြန်မာပြည်ကြီးကတော့ သိတဲ့အတိုင်း ချဲ့ပြောမနေတော့ပါဘူး၊ ဒုက္ခတိဘုံ။ ဒီတော့ အမေတို့ရေ
ကံကောင်းမှ၊ ကုသိုလ်လေးကောင်းမှ သုဂတိဘုံရောက်တာနော်။ ဒီတော့ တာဝတိံသာရောက်လာတာ ကံကောင်းလို့ကိုးဗျ။ တဆက်တည်း
ဒီမှာ ဟီရိသြတ္တပ္ပနည်းကြ၊ ကာမဂုဏ်ထူပြောကြတာကလည်း တာဝတိံသာနဲ့တောင် တူသေး၊ ဒီတော့ အမေတို့ နတ်ပြည်ရောက်လို့ တငိုငိုတရယ်ရယ် လုပ်နေရင် ဒါမှမဟုတ် အမေ့မေ့အလျော့လျော့နေနေရင် အကုသိုလ်တထွေးကြီးနဲ့ပြန်ဆင်းရလိမ့်မယ် လို့ နိဗ္ဗာန်ရောက်ကြောင်းလေးနဲ့ ဟောခဲ့ပါတယ်။ အမေတို့. .ဒီမှာ အေးအေးချမ်းချမ်းသက်သောင့်သက်သာ ထောက်ပံ့ကြေးလေးနဲ့ နေခွင့်
မျိုးကို မြန်မာပြည်က အမေတွေ မရကြရှာဘူး။ ရတဲ့အခွင့်အရေးလေးကို အကျိုးများအောင် တရားလေးထိုင်ကြပါ၊ ဆရာတော်သံဃာတော်
များကလည်း ဦးဆောင်ပြသပေးကြပါ။ ဗုဒ္ဓသာသာနာကြီးအမေရိကားမှာ ထွန်းကားသွားရင်ဖြင့် မကောင်းဘူးလား လို့ ဟောပြောခဲ့ပါတယ်။
ဗြဟ္မစိုရ်ထွန်းကားပါသော အမေရိကန်များဟာ မိသားစုကိစ္စမှာ ချို့တဲ့တယ်။
သူတို့တွေဟာ လွတ်လပ်မှုကို အရမ်းကာရောပေးပြီး ကြိတ်အသည်းကွဲနေကြတာဗျ။ ကျနော်ပြောတာ မယုံမရှိပါနဲ့။ “အချစ်အကြောင်းပြောကြရအောင်” ကို အိုင်ဒဗလျူပီမှာပြတော့ မြန်မာပြည်မှာ လူဖြစ်ရတာအရမ်းကံကောင်းဆိုတဲ့စကားကို အောင့်သက်သက်နဲ့ လက်ခံကြတယ်။ သမီးက အမေဒူးနာတာကို ဆေးလိမ်းပေးတာကြည့်ပြီး
အားကျကြတယ်။ ဘာအလုပ်မှမရှိပဲ အိမ်ဦးခန်းကနေ သူငယ်ပြန်ရင်း စားချင်တာစားလိုက်၊ သမီးတွေ မြေးတွေကို ဆူလိုက်လုပ်နေတဲ့အဖွားကို ကြည့်ပြီး၊ မြန်မာအဖွားဖြစ်ချင်တယ် လို့ ဒန်ဗာပို့မြို့က စကော့ကွန်မြူနီတီကောလိပ်ကျောင်းသူတဦးက ပြော
ခဲ့ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ တန်ဖိုးကို သူတို့ သွားရည်ကျကြပါသဗျ။ ကျနော် ဘတ်ဖဲလိုးမှာ  ပြောခဲ့ပါတယ်။
အမေရိကားမှာရောက်နေမှတော့  ပြန်မလာပါနဲ့တော့၊ အမေရိကားဆိုတာ သိပ်ကောင်းတဲ့ လူ့အဖွဲ့အစည်းကြီးပါ။ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ အသွေးအရောင်ပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရာ ကမ္ဘာ့ဒေသကြီးပါ။ အမေရိကန်နိုင်ငံသားခံယူတာလည်း ကျနော့်အနေနဲ့ကတော့ တိုင်းပြည်ကို သစ္စာမဲ့တယ်လို့လည်း မမြင်မိပါဘူး။ အချိန်တန်တော့ အဲဒီအမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာ
တွေဟာ သူတို့ရဲ့ချွေးနည်းစာလေးတွေကနေ ပခုက္ကူရေဘေးဆိုလည်း လှူ၊ နာဂစ်ဆိုလည်းလှူနဲ့ ကိုယ့်အမျိုးဆင်းရဲရင် မနေပါဘူး။
ကျနော်ဖြစ်ချင်တဲ့ လောဘကလေး ဆန္ဒအာသီသကလေးပြောရင် မြန်မာတိုင်း အမေရိကန်နိုက်ဇ်ချည်းအလုပ်မခံရပဲ၊ နီးရာအမေရိကန်တွေ
ကိုလည်း မြန်မာနိုက်ဇ်လေး ပြန်လုပ်ကြစေချင်ပါတယ် လို့ဗျာ။
အမေရိကန်တွေ အသက်ကြီးတော့ လူအိုရုံမှာ ငေါင်းစင်းစင်းနဲ့ သူတို့သားသမီးမြေးတွေကို မျှော်ရင်း ဘ၀ကို ကုန်ဆုံးသွားကြတယ်။ ခု ၄၀ တန်း၊ ၅၀ တန်း ကျနော့်မိတ်ဆွေတို့ရေ.. ခင်ဗျားတို့ရဲ့ ဘ၀နေ၀င်ချိန်ကို ဘယ်လိုများ မျှော်လင့်ပါသလဲ။ ခင်ဗျားတို့ကလေးတွေ ၂၁ နှစ်
ရောက်တာနဲ့ ခင်ဗျားတို့ရင်ခွင်ကို ခွဲသွားမယ်ဆိုမှ နာကျင်နေရမယ်။
နောက် မြန်မာ လို့ပြောရမှာကို ကလေးတွေက ရှက်နေကြတယ်တဲ့။ အဲဒီလိုအခြေအနေကနေ မြန်မာဆိုတာ သိပ်ယဉ်ကျေးတဲ့လူမျိုး၊ သိပ်
ကို ကူညီရိုင်းပင်းတဲ့လူမျိုး လို့ဖြစ်အောင် ကြိုးစားကြဖို့ထိ ကျနော်ပြောခဲ့ပါတယ်။
ဖို့ဝိန်းမှာတွေ့ခဲ့တဲ့ ဂျွန်ဂျီးဗားဆိုတဲ့ မြန်မာဒုက္ခသည်တွေအကြောင်းမှတ်တမ်းရုပ်ရှင်ရိုက်နေတဲ့ အမေရိကန်ဒါရိုက်တာကို မင်း မြန်မာတွေ
အကြောင်းကို သေချာသိစေချင်ပါတယ် ဆိုပြီး “အချစ်အကြောင်းပြောကြရအောင်” အခွေလက်ဆောင်ပေးခဲ့တယ်။
မင်းတို့အမေရိကန်တွေက ငါတို့မြန်မာဒုက္ခသည်တွေကို လက်ခံတာ အမြတ်ထွက်ဖို့လိုပါတယ်။ ငါတို့ကို မင်းတို့ဆီကကောင်းတာချည်း
ပေးဖို့မကြိုးစားပါနဲ့။ ငါတို့မှာလည်း ကောင်းတာတွေအများကြီး ရှိပါတယ်။ ငါတို့ဆီကကောင်းတာတွေကိုလည်း မင်းတို့ရအောင်ယူကြ
ပါ။ ဒါမှ မင်းတို့ငါတို့ကို လက်ခံရကျိုးနပ်မယ်။ ဒီလိုနည်းနဲ့ ကမ္ဘာကြီးကို ပိုကောင်းစေမယ်၊ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ငါတို့ရလာ
ကြမယ် လို့ပြောခဲ့ပါတယ်။
ရှေးရိုး ဆန်တယ် ပြောပြော. . .ကျနော်က ဗုဒ္ဓဘာသာအပါအ၀င်၊ ဘာသာတိုင်းက ၀ိုင်းထိန်းသိမ်းကြရင်ဖြင့် ကမ္ဘာကြီးငြိမ်းချမ်းလာမယ်၊ ပိုမို
ယဉ်ကျေးသိမ်မွေ့လို့လာမယ် လို့ ယုံကြည်ပါတယ်။
ကျနော်တို့မြန်မာတွေ(မြန်မာဆိုတာ ကချင်ကရင်ချင်းတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပြီးပြောနေတာပါဗျာ)ဟာ ဘာမဆို နွေးထွေးစွာ
ကူညီတတ်၊ ရိုင်းပင်းတတ်တဲ့လူမျိုးပါ။ နောက် မိသားစုကိုလည်း အင်မတန်မှာ ခင်တွယ်ကြ၊ စောင့်ရှောက်ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။
အဲဒီကောင်းမွန်တဲ့ အလေ့အထတွေကို အမေရိကန်တွေဆီ ကူးစက်စေချင်တယ်။
ကျနော်တို့တွေဟာ အမေရိကားမှာ စံပြလူ့အဖွဲ့အစည်းတွေသာ ဖြစ်လာရင် ကျနော်တို့ကလေးတွေဟာ ကျနော်မြန်မာပါလို့ ရဲရဲရင့်ရင့် ဂုဏ်လုပ်ပြောလာနိုင်ကြမယ်။
ခုတော့ တိုင်းပြည်ကို အရမ်းချစ်လို့ အသက်တွေဘ၀တွေရင်းပြီး တိုင်းပြည်ကိုစွန့်ခွာလာခဲ့ကြရတဲ့ အဖေတွေအမေတွေရဲ့ မျိုးဆက်သစ်
ကလေးလေးတွေဟာ မြန်မာစာကို မရေးတတ်မဖတ်တတ်တော့တာ၊ တချို့စကားကိုတောင် ရေလည်အောင်မပြောတတ်တော့တာ ရင်နာ
စွာနဲ့ပဲ တွေ့ခဲ့၊ မြင်ခဲ့ရပါတော့တယ်။


ဆက်ပါမယ်
ရေးစရာတွေအများကြီးကျန်ပါသေးတယ်၊

ချစ်ခင်စွာ

ချိုတူးဇော်

No comments:

Post a Comment