Thursday, February 23, 2012

အမေရိကန်တွေ ဆီက ရသမျှ - ၁

အမေရိကားနဲ့ ဆက်ဆံရေးအသစ်ထူထောင်လိုက်ပြီ၊ တံခါးတွေဖွင့်လို့ အမေရိကန်တွေဆီကဘာတွေရမလဲ လို့ ကျနော်တို့ မျှော်လင့်ခြင်းကြီးစွာနဲ့ပေါင်းသင်းဆက်ဆံကြတဲ့အခါ သတိလေးတခုကပ်ဖို့လိုတယ်။ အမေရိကားမှာ ပြီးပြည့်စုံတဲ့ စနစ်မရှိသေးဘူး ဆိုတာပါ။
ဒါပေမယ့် အဲဒီပြီးပြည့်စုံမှုမရှိတဲ့စနစ်ကိုက ဆင်ပိန်ကျွဲလောက်သာမက . .မြန်မာပြည်ထက်တော့ကြီးထွားသန်မာတယ် ဆိုတာကိုလည်း ကြိုပြောပါရစေဦး။ နှိုင်းစရာလားလို့လည်း တချို့က ဘုတောကြပါဦးမယ်။ အမေရိကန်မှ အမေရိကန် အထင်ကြီးကြတဲ့သူတွေက အမေရိကန်မကောင်းကြောင်းဆိုဘာမှ ပြောတာမကြိုက်ကြပြန်ဘူး။ ကျနော်က အမေရိကန်တွေကောင်းကြောင်းပဲပြော၊ မကောင်းကြောင်းပြောရင် အမေရိကန်လို့ညာပြီး တခြားတိုင်းပြည်တပြည်အပို့ခံထားရတာလားမှ မသိတာလို့ ဝေဖန်တဲ့သူလည်း ရှိသမို့ ပါဗျာ။အမေရိကားမှာ ကောင်းတာတွေ၊ အတုယူစရာတွေအများကြီး ရှိသလို၊ ရှောင်စရာကြဉ်စရာတွေလည်းအများကြီးဆိုတာအဓိကပြောချင်တယ်။ ကိုယ့်လူများ အမေရိကန်ဆန့်ကျင်ရေးအော်ရင်း သိပ်ပြီးကို အမေရိကန်နဲ့ပေါင်းချင်သင်းချင်နေကြသလားလို့။အမေရိကားဟာ ကျနော့်အမြင်မှာတော့ ပေါက်ကွဲလုလု ယမ်းအိုးကြီးလိုပဲ။ အဖြေမှန်ရှာမရသေးတဲ့ ပြဿနာတွေ တထွေးကြီးရှိနေပါတယ်။ အရင် ဒုတိယကမ္ဘာစစ်ပြီးစ ပြာပုံဘ၀ ဂျပန်တွေကို နေ့ချင်းညချင်းချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တပြည်ဖြစ်အောင်ကူညီပေးနိုင်တဲ့စွမ်းအားမျိုးအမေရိကားမှာ ရှိပါသေးစ လို့ သံသယဖြစ်စရာကောင်းတဲ့အခြေအနေပါ။တော်တော်များများ မေးလိုက်ရင် အမေရိကန်မှာရှိတဲ့မြန်မာတွေဟာ ကိုယ်ရောက်နေတဲ့နေရာကနေ ဘယ်မှ လောက်လောက်လားလားမသွားဘူး မလာဘူးကြဘူး။ မြန်မာတွေမပြောနဲ့ ဌာနေအမေရိကန်တွေဆိုလည်း ဒီလိုပဲ၊ ခရီးဝေးဝေးမသွားကြဘူး။ အံ့သြစရာကြီး။အိုင်အိုဝါမှာတွေ့ခဲ့တဲ့ အမေရိကန်အများစုဟာ သူတို့ရုံးသူတို့အိမ်နဲ့ဘ၀မှာ အချိန်တွေကုန်နေတယ်။ ဗေကေးရှင်းရတာကလည်းနည်းတာကြောင့်ပါမယ်။ ကျနော်က ရပ်တကာရွာတရိုးလျှောက်သွားတော့ ပြောပြရင် သူတို့တွေ ပါးစပ်အဟောင်းသားနဲ့ဗျ။ နောက်
သူတို့သွားရင် ဘယ်သွားသွား လေယာဉ်လေးနဲ့ ရွှတ်ခနဲလေ။ လေယာဉ်ခကလည်း ပွဲတော်ရက်တွေမဟုတ်ရင် ၁၀၀- ၁၅၀ တခါ
တလေများ  ၃ - ၄ လစောဝယ်ရင် ၅၀ - ၆၀ နဲ့တောင် ရပါသတဲ့။ ဒီတော့ ဘယ်သွားသွား လေယာဉ်နဲ့ဆိုတော့ ရွှတ်ခနဲဆို ဘာမှမဆိုင်တဲ့ မြို့တမြို့ကို ရောက်ပါတယ်။ ဘာမှမဆိုင်တဲ့မြို့ဆိုတာ အလကားပြောတာမဟုတ်ပါဘူး။ တကယ်ကိုဘာမှမဆိုင်တဲ့ မြို့တွေပါ။ အမေရိကားမှာ တမြို့နဲ့တမြို့ဟာ ဘာမှ မဆိုင်အောင်ကွဲပြားခြားနားလှတယ်။ တချို့တွေက တကယ့်ကို ခြောက်ခြောက်သွေ့သွေ့ ပူပူလောင်လောင်၊ တချို့တွေက မြူတမှိုင်းမှိုင်း၊ တချို့တွေက နှင်းတစိုစို ပါ။ ရာသီဥတုတွေတင် ကွဲသလားဆိုတော့ လူတွေကလည်းကွဲပါတယ်။ နယူးယောက်ခ်လည်း နယူးယောက်ခ်အလျောက် ရိုင်းကြပျကြသလို၊ ၀ါရှင်တန်ကလည်း ၀ါရှင်တန်အလျောက် ကိန်းခန်းကြီးပါတယ်။ အိုင်အိုဝါလည်း အိုင်အိုဝါအလျောက်ရိုးသားတောဆန်သလို ဆန်ဖရန်လည်းဆန်ဖရန်အလျောက် အာရှသားတို့လွှမ်းမိုးပါသဗျာ။ တကယ်တော့ အမေရိကားဆိုတာ တိုက်ကြီးတတိုက်လုံးနီးပါးနေရာယူထားတဲ့ တိုင်းပြည်ကြီးကို။ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း ခရီးသွားရင် နာရီကို သုံးနာရီလောက်ပြန်ရွှေ့ရပါတယ်။ ရန်ကုန်ကနေ ဘန်ကောက်သွားရင်တောင် နာရီဝက်ပဲ ရွှေ့ရတာလေ။ လေယာဉ်နဲ့သွားနေလို့ကတော့ ရွှတ်ခနဲ၊ ရွှတ်ခနဲ ဘာမှန်းကို မသိပါဘူး။ နောက် မြို့ကြီးပြကြီးတွေမှာတော့ တိုးရစ်စ်တွေ တစီစီနဲ့ အမြဲစည်ပင်နေတာကြည့်ပြီး အမေရိကားကြီးက တယ်ချော၊ တယ်လှ၊ တယ်ကြည့်ကောင်း နေတယ်လို့မြင်စရာရှိတယ်။ ဒါပေမယ့် မကွေးတို့လို၊ မိတ္ထီလာတို့လို မြေလတ်တောမြို့ကြီးတွေကို အားလုံးက ကျော်သွားချော်သွားတတ်တယ်။ ကျနော်ဟာ နယူးယောက်ခ်ကနေ ဘတ်ဖဲလိုးကို ဘတ်စ်ကားနဲ့သွားခဲ့တယ်။ ဘတ်ဖဲလိုးကနေ၊ ယူတီကာ၊ ရော့ချက်စတာ၊ ရော့ချက်စတာကနေ ကိုအောင်မိုးဝင်းက ကားတစင်းနဲ့ မခက်မာတို့ ပစ္စဘတ်ကိုလိုက်ပို့၊ မခက်မာတို့ဆီက ပစ္စဘတ်ကနေ ဂရေးဟောင်းကို နှစ်ဆင့်ပြောင်း လို့ အမေရိကားက မြန်မာအောက်ကျူပိုင်း ဖို့ဝိန်း ကို ကူး၊ ဖို့ဝိန်းကနေ ကိုအောင်ဝေးကြီး ကဗျာထဲ ထည့်ရေးစရာ ၀ါရှင်တန်ရထားပေါ်တက်လို့ ခရီးတွေထွက်ခဲ့တဲ့နောက်မှာတော့ မြို့တွေရွာတွေအသီးသီးက ဟောင်းလောင်းဖြစ်နေတဲ့ ရှိုးရွမ်းကြီးတွေ၊ မျက်နှာမသာမယာ နွမ်းနွမ်းဖတ်ဖတ် အမေရိကန်ကျေးလက်တောသားကြီးတွေ..စုံနေအောင်တွေ့ခဲ့ရတယ်။
အမေရိကား အမေရိကား အမေရိကားလည်းဒီလိုကြည့်တော့ ကျနော်တို့မြန်မာပြည်လို စုတ်တီးစုတ်ဖတ်နေရာတွေအများကြီးပါလားဗျာ။ တချို့နေရာတွေမှာ ရထားကို လက်ထွက်ပြနေတဲ့ ကလေးတွေနဲ့ လူကြီးတွေကိုမြင်ရတော့ ကျနော်တို့ မြန်မာပြည်မှာ ရထားလာရင်ပြေးထွက်လက်ပြကြတဲ့ ဗိုက်ပူချက်စူတို့လိုပါပဲလားလို့နှိုင်းယှဉ်မိတယ်။ ချစ်စရာကောင်းတာက အမေရိကန်တွေဟာ အင်မတန်မှ ယဉ်ကျေးသိမ်မွေ့နူးညံ့ကြတယ်။ မျက်လုံးချင်းဆုံတာနဲ့ ဟိုင်းလုပ်ပြီးသားပဲ။တွေ့ရာလူနဲ့တွေ့ရာနေရာမှာ စကားလက်ဆုံကြတတ်တာလည်း အင်မတန်မှ မြန်မာဆန်ပါသဗျ။ နယူးယောက်ခ်သားတွေ ရိုင်းတာတော့ မပြောပါနဲ့တော့။ ချွင်းချက်ထားကြရအောင်။ အထူးသဖြင့် နယူးယောက်ခ်က တက္ကစီသမားတွေဟာ (ကျနော်တို့ဖိုးခွားကတော့ ချွင်းချက်ပေါ့ဗျာ)အင်မတန်မှ ရန်ကုန်တက္ကစီဒရိုင်ဘာတွေလို ရိုင်းတာတူပါသဗျ။
အဲဒီလို ကျနော်တို့အမျိုးတွေနဲ့ တူလှတဲ့ လူမျိုးတွေ ဆင်းရဲနေတာမြင်ရတော့ စိတ်တောင်မကောင်းပါဘူး။ ဘာဖြစ်လို့များ သူတို့တွေ ခုလိုဆင်းရဲရတာလည်းလို့ လေ့လာမိပါတယ်။ ဒါမှ ကိုယ့်အမျိုးတွေ ဒီလိုမမှားရအောင် ရေးနိုင်သားနိုင် အကြံပြုနိုင်မှာကိုး။ အမေရိကားကိုလာရတာ ကျနော့်အတွက် အင်မတန်မှ သက်သာလွယ်ကူပါတယ်။ ဘာလို့လဲ ဆိုတော့ တနိုင်ငံလုံး သူငယ်ချင်းတွေ၊ ၈၈တုန်းက ရဲဘော်တွေ၊ ဖေ့စ်ဘွတ်ခ်မိတ်ဆွေတွေ နေရာအနှံ့ကိုး။ ဖိတ်ရင်ဖိတ်သလောက်လည်း လာခဲ့၊ သွားခဲ့ပါသဗျား။ ကိုယ့်မလဲ ပရိုဂရမ်ကရတဲ့ ပိုက်ဆံ စုထားစောင်းထားတာလေးနဲ့ခရီးစရိတ်လုပ်သွားရတော့ တည်းခ ခိုခ သွားခ လာခများ မြန်မာငွေနဲ့တွက်လိုက်ရင် အမလေး မတွေးရဲဘူးမောင်ရယ် ဒီလောက်ငွေဒီလိုသုံးရသလား ရင်တမမ ကိုး။ အိုင်ဒဗလျူပီ က ပိုတဲ့ပိုက်ဆံတင်မက အိမ်ကတောင်ပြန်မှာရပါသေးတယ်။ ခရီးစရိတ်တင် နည်းမှ မနည်းတာ။ ဒါတောင် ဒီမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ နေရထိုင်ရ စားရသောက်ရပေလို့ပါ။

အမေရိကန် ကိုကြွေးထူ

တကယ်တော့ အမေရိကန်တွေဟာ ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးပါ လို့ ကြွားကြွားဝါ၀ါရှိပေမယ့် အင်မတန်မှ ကြွေးထူတဲ့ တိုင်းပြည်ပါခင်ဗျ။ အစိုးရကလည်း ပေါက်ဖေါ်ကြီးဆီက အကြွေးတွေ တလှေကြီး ယူထားလို့ လည်ပင်းနစ်အောင် ကြွေးထူကြသလို၊ သူတို့နိုင်ငံသားတိုင်းကလည်း ကြွေးကိုယ်စီနဲ့။
သူတို့တိုင်းပြည်ကြီးလည်ပတ်ပုံကိုးက ကြွေးစနစ်ကြီးနဲ့ကိုး။ အမေရိကားရဲ့လည်ပတ်နေတဲ့ စနစ်က ခရက်ဒစ်စနစ်နဲ့ အဓိက မောင်းနှင်လည်ပတ်ပါတယ်။ ကျောင်းသားတွေရဲ့ အမှတ်ပေးစနစ်၊ နိုင်ငံသားတွေရဲ့ အမှတ်ပေးစနစ်ဟာ ခရက်ဒစ်နဲ့သွားပါတယ်။ ကျောင်းသားတွေဟာ ကျောင်းက အက်တီဗစ်တီတွေ၊ သင်ခန်းစာလုပ်ဆောင်မှုတွေနဲ့ ကွန်မြူနီတီလူမှုရေးအလုပ်တွေမှာ ပါဝင်မှုတွေ၊ အားကစားလှုပ်ရှားမှုတွေကို ကြည့်ပြီး ခရက်ဒစ်အမှတ်ပေးတယ်။တချိန်တည်းမှာ ပြစ်မှုကျူးလွန်ရင်၊ ခရက်ဒစ်မှာအမှတ်လျှော့ခံရတယ်။
နိုင်ငံသားတိုင်းကိုလည်း ခရက်ဒစ်စနစ်နဲ့ထိန်းချုပ်ထားတယ်။ မော်တော်ကားမောင်းတဲ့အခါမှာ ပြစ်မှုကျူးလွန်ထားတဲ့သူ၊ အခွန်မဆောင်တဲ့သူ၊ အရက်မူးတဲ့သူ၊ ချေးငွေမဆပ်တဲ့သူ အားလုံးကို ခရက်ဒစ်မှာ မှတ်ထားတယ်။ ခရက်ဒစ်မကောင်းတဲ့သူဟာ အခွင့်အရေးတွေဆုံးရှုံးတယ်။ အစိုးရက နိုင်ငံသားတိုင်းကို ခေါင်းခံပြီး တာဝန်ယူပေးထားတယ်။ ဆေးကုသမှု၊ ပညာသင်ကြားမှု ကအစ အိမ်ဝယ်၊ ကားဝယ် တွေအထိ လိုချင်တာတွေ လိုအပ်တာတွေကို တာဝန်ယူပေးထားတယ်။ ဘဏ်တွေကနေ ချေးငွေတွေ ထုတ်ပေးစေတယ်။ အဲဒီလိုချေးငွေတွေအတွက် အစိုးရကပဲ တာဝန်ယူထားပေးတယ်။ ခင်ဗျားဟာ နိုင်ငံသားတယောက်၊ တခါမှ အိမ်မပိုင်နိုင်သေးဘူး အိမ်ဝယ်ချင်တယ်ဆိုရင် ခင်ဗျားမှာ ပုံမှန်ဝင်ငွေရှိတယ်၊ ခင်ဗျားမှာ ပြစ်မှုကျူးလွန်ခြင်းမရှိဘူး၊ ခင်ဗျားမှာတခြားဘာမှ နာမည်ပျက်မရှိဘူးဆိုခဲ့ရင် ခင်ဗျားဝင်ငွေနဲ့သင့်တင့်လျောက်ပတ်တဲ့ အိမ်တလုံးကို စဦးပေးငွေ ၃ ရာခိုင်နှုန်းလောက်နဲ့  ရောင်းပေးတယ်။
ခင်ဗျားကို အိမ်ဝယ်နိုင်ဖို့ ဘဏ်တခုခုက ငွေထုတ်ချေးတယ်။ အဲဒီငွေကို အစိုးရက တာဝန်ယူ အာမခံပေးတယ်။
နှစ် ၃၀ ဆို နှစ် ၃၀၊ နှစ် ၂၀ ဆို နှစ် ၂၀ ဘဏ်က အတိုးတခု သတ်မှတ်ပြီး ခင်ဗျားကို ထုတ်ချေးပါတယ်။ ကားလည်း အဲလို၊ ဖုန်းလည်း အဲလို။ ဘာပစ္စည်းဝယ်ဝယ် အကြွေးဝယ်လို့ရတယ်။
အဲဒီအကြွေးတွေကို ဘယ်လိုဆပ်သလဲဆိုတော့ လစဉ်ရတဲ့ လခထဲကနေ ဖြတ်တယ်။ အဲဒီမှာရလာတဲ့ “လခ” ဟာ ဘယ်လောက်မို့လို့လဲ ဆိုတာ ဆွေးနွေးစရာဖြစ်လာပါပြီ။ လခ လို့မပြောခင် အမေရိကားမှာ အခြေခံအလုပ်လုပ်သူတွေဟာ တနာရီ ၇ ဒေါ်လာအောက်ထစ်ရကြတယ်။ ဒါအနည်းဆုံး လုပ်ခပါ။ ပုံမှန်အလုပ်လုပ်တဲ့သူတယောက်ရဲ့ ၀င်ငွေဟာ တလကို ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ ရပါတယ်။ စားစရိတ်က မိသားစု ၃ ယောက်ကို တလ ၅၀၀ ဆိုတာ ဗိုက်ရိုက်စားလို့ရပါတယ်။
ကြက်ဥ ၅ ဒါဇင်ကို ၇ ဒေါ်လာကနေ ၁၀ ဒေါ်လာ။ ဆန်တပေါင် ကို ၁ ဒေါ်လာခွဲ၊ ကြက်ကောင်လုံးကျော်ထားတာ ၆ ဒေါ်လာ။ ပေါမှပေါ။ ဆိုတော့ ဘယ်လိုအလုပ်မျိုးပဲလုပ်လုပ် အလုပ်ရတာနဲ့ စားလောက်တယ် ပြောရမယ်။ နေစရိတ်က ကြီးတယ်။ ငှားနေတဲ့ လူကတော့ အိမ်လခတနင့်တပိုးပဲ။ ဒါကြောင့်လည်း အိမ်ဝယ်ဖို့ကိစ္စတွေမှာ အစိုးရက လူတိုင်းအိမ်ပိုင်နိုင်ဖို့၊ လုပ်ပေးထားတယ်။ ကားမှာလည်း ကား
ဆိုတာ အခြေခံလူသုံးကုန်လို့သဘောထားပြီး အပြိုင်အဆိုင်ရောင်းတယ်။ ၂၀၁၂ ခုနှစ်ထုတ် အသစ်ချတ်ချွတ်ကားသစ်တစီးကို အပေါဆုံး
ဒေါ်လာ ၁၃၀၀၀ ပဲ ရှိပါတယ်။ မြန်မာငွေနဲ့ဆို..သိန်းတရာဝန်းကျင်ပါ။ ဘယ်အမေရိကန်မှ သူတို့လက်ထဲ ဒေါ်လာ၁သောင်းကျော်မချမ်းသာပါဘူး။ အဲဒီ ကားကို သူတို့တွေ အကြွေးဝယ်စီးကြတယ်။ ငါးနှစ်ချေးငွေနဲ့။ တလကို ဒေါ်လာ သုံးရာလောက်နှုန်းနဲ့ ၅နှစ်ပါတဲ့။ အမေရိကန်အစိုးရဟာ အိမ်၊ ကား စတာတွေကို အခြေခံလိုအပ်ချက်တွေလို့သတ်မှတ်ပြီး ကို
ဒီလိုပေါများအောင် လုပ်ထားပါတယ်ဗျာ။ ဖုန်းတွေကတော့ လမ်းဘေးက စတိုးဆိုင်တွေမှာ ပေါပေါသောသောဝယ်ချင်သလို ၀ယ်နိုင်ပါတယ်။ ဖုန်းဟန်းဆက်ပေါ်မူတည်ပြီးသာပေးရမယ်။ ဆင်းကဒ်အတွက်ပိုက်ဆံပေးရတယ် လို့ မရှိပါဘူး။ လစဉ် ဒေါ်လာ ၅၀ ဆိုရင် အကန့်အသတ်မရှိသုံးပါ။ ဒါပေမယ့် ဒီလို စားစရိတ်သက်သာလှလို့ သူတို့ကို အရမ်းကို ပိုလျှံနေမှာပဲ လို့တွေးမိရင်လည်း မှားမှာပဲ။ သူတို့ရဲ့ ကျန်တဲ့ပိုက်ဆံတွေဟာ ကျောင်းတက်ခဲ့တုန်းက ချေးငွေ၊ အိမ်ဝယ်တုန်းကချေးငွေ၊ကားဝယ်ထားတဲ့ချေးငွေ၊ အိုင်ပက်အသစ်ဝယ်တဲ့ချေးငွေ၊ အိုင်ဖုန်းအသစ်ဝယ်တဲ့ချေးငွေနဲ့ အကြွေးတွေဆပ်လို့ ပတ်ချာလည်မွေ့နေပါသဗျ။ ဒါ့အပြင် တရိတ်ရိတ်တက်လာတဲ့ ဓါတ်ဆီဈေး၊ ဂက်စ်ကြေး၊ မီတာကြေးတွေကိုလည်း သူတို့တွေ တညည်းညည်းတညူညူဖြစ်နေကြပါသဗျ။ ကျနော်တို့ ရွှေမြန်မာတွေကတော့ အသည်းမာတဲ့လူမျိုးဖြစ်တဲ့အပြင် ရေကိုမူလချွေတာကြ၊ လျှပ်စစ်ကိုလည်းချွေတာပြီး ဆိုတာမျိုးတွေနဲ့ကြီးလာတဲ့လူမျိုးဆိုတော့ ဘာဟီတာမှ မသုံး၊ အင်မတန်မှ အေးအေးချမ်းချမ်းနေတတ်ကြပါသဗျာ။ မြန်မာတွေ အနေအထိုင်အေးချမ်းပါပေတယ် လို့ ဂုဏ်လုပ်ရမလားပဲ။ တမိသားစုနဲ့ တမိသားစု ဆုံကြရင် ချွေတာနည်းလေးတွေလည်း အပြန်အလှန်ဖလှယ်ကြပါသေးတယ်။ ဒီလိုနေလို့အလကားလို့လည်း အထင်မသေးနဲ့နော်။ သူတို့ဆင်းရဲပုံများ ကားနဲ့တိုက်နဲ့လို့ပြောရမှာပါပဲ. .


ဆက်ပါမယ်

ချိုတူးဇော်

No comments:

Post a Comment