Thursday, February 23, 2012

အမေရိကန်တွေဆီက ရသမျှ - ၂

အမေရိကန်တွေ ဆီက ရသမျှ. . . .(၂)
BAD CREDIT, NO CREDIT, NO PROBLEM.

အမေရိကန်တွေဟာ အကြွေးစနစ်နဲ့လည်ပတ်နေတယ် လို့ ကျနော်ရေးခဲ့တယ်။ ဒီတော့ ကျနော့်မိတ်ဆွေ အမေရိကန်မြန်မာမိတ်ဆွေများက(တချို့ကလည်း အလောင်းအလျာတွေပေါ့) အကြွေးရတာ၊ အကြွေးယူခွင့်ရတာ ဂုဏ်ယူစရာလို့ ပြန်ပြီးကွန်မင့်ရေးကြပါတယ်။ ဒီတိုင်းပြည်ရဲ့
အဓိက အားသာချက်က အဲဒါပါပဲ။ လူတွေဟာ နေ့စဉ်ဘ၀အလုပ်တွေကို လုပ်ကြတယ်။ အဲဒီလို
ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြတဲ့ အကျိုးကျေးဇူးကို ချက်ခြင်းခံစားခွင့်ရအောင် အစိုးရက ကြား
ဝင်အာမခံပြီး ဆောင်ကြဉ်းပေးထားတယ်။ ကျနော်တို့မြန်မာပြည်မှာ အဲဒီစနစ်မရှိတော့ အားလုံး
က ဆုံလည်နွားလို ရုန်းရပေမယ့် ရုန်းသလောက် ခံစားခွင့်မရှိကြရှာဘူး။ အိမ်ဝယ်ဖို့ငွေကလေးစု
စုငွေလေးမှ မပြည့်မီ၊ အိမ်ဈေးတွေတရိပ်ရိပ်တက်ပြန် နဲ့ ဘ၀မောတွေနဲ့ ဖြတ်သန်းရတဲ့ တိုင်းပြည်ကြီးလေ. . ။ အမေရိကားမှာတော့ အစိုးရက ကြားဝင်ခံပေးထားတယ်။ ဘဏ်စနစ်တွေ
က အတိုးတွေအထပ်ထပ်ယူပြီး အဲဒီအာမခံတွေနဲ့ အရောင်းအ၀ယ်တွေကိုလုပ်ကြတယ်။
ဒါပေမယ့် စနစ်တိုင်းမှာ ချွတ်ယွင်းချက်ဆိုတာ ရှိပါတယ်။ ကျနော့်အမြင်မှာ အဲဒီကြွေးယူစနစ်ရဲ့
ကောင်းတဲ့အချက်တွေနဲ့ တပြိုင်နက် အဓိကအားနည်းချက်၊ ချွတ်ယွင်းချက်တွေကိုလည်း မြင်
တွေ့ သိ သတိထားမိလာပါတယ်။ အဲဒီလိုမြင်တတ်သိတတ်ရှုတတ်အောင် ကျနော်ဟာ စီးပွား
ရေးပညာရှင်လည်း မဟုတ်၊ တက္ကသိုလ်တွေက အဆင့်မြင့်ပညာတွေကို ဘွဲ့တွေ ဒီဂရီတွေ
အမြောက်အမြား ယူထားတဲ့သူလည်း မဟုတ်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ဝေဖန်ပိုင်းခြားပါသလဲ
ဆိုတော့ ဓမ္မနဲ့ လို့ပဲ ပြောရပါမယ်။ ဗုဒ္ဓဘာသာမှာ “ဆုံလည်နွား” ဆိုတဲ့ ဥပမာကြမ်းလေး တခု
ရှိပါတယ်။ သံသရာတွင်း သက်ဆင်းကျင်လည်ကြတဲ့ အန္ဓပုထုဇဉ်များကို ဆရာအရှင် ရဟန်းသံ
ဃာတော်မြတ်တွေက ပေးလေ့ ဥပမာ၊ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ဥပမာပါ။
ဒီအမေရိကားမှာ လူတွေကို စ တွေ့တော့ တိုက်တွေ၊ ကားတွေ အဆောင်အယောင်အခမ်းအနား
တွေနဲ့ သိပ်ကြည့်ကောင်း၊ သိပ်တောက်ပ၊ သိပ်အားကျစရာ။ ဒါပေမယ့် အတွင်းမှာ တနင့်တပိုး
အတိုးတွေနဲ့ဆပ်နေရတဲ့ အကြွေးတွေရယ်၊ ဆင်းရဲလိုက်တဲ့အချိန်ရယ်။ အရမ်းကို ဆင်းရဲလွန်း
တဲ့ အဲဒီ အချိန်ဆင်းရဲမှုဟာ ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျရှိပါ့မလား လို့
စိတ်ပူတယ်။ ကျနော်တို့မြန်မာတွေလေ. . အင်မတန်မှ ပေါ့ပေါ့ပါးပါးနေတတ်တဲ့လူမျိုး၊ သက်သောင့်သက်သာအေးအေးချမ်းချမ်းနေတတ်တဲ့လူမျိုးတွေ။ အလှူအတန်းပွဲလန်းသဘင်
ကို အချိန်ရှိသရွေ့ ရုံးစုရုံးစုလုပ်ကြ ကိုင်ကြတဲ့လူမျိုးတွေ။ ဒီ အမေရိကန်တွေစနစ်က ဘ၀ အနှစ်
သာရ ပျောက်နေသလို ပဲ ခံစားရတယ်။ ကျနော့်အမြင်ကို ကြိုက်တဲ့သူလည်း ရှိမယ်၊ မကြိုက်တဲ့
သူလည်း ရှိမယ်။ ကျနော် အမေရိကားကို ချစ်ရ၊ ကြိုက်ရတာတွေအများကြီး။ လူမျိုးပေါင်းစုံ
နေထိုင်ကြတာ၊ မမိုးပြောတဲ့ ဗြဟ္မာစိုရ်တရားထွန်းကားတာ၊ (တချိန်တည်း နေ့စဉ်နဲ့အမျှ လူတွေသေ၊ လူတွေသတ်နေတာလည်း ရှိပါတယ်) လူတိုင်းတဦးချင်း တန်ဖိုးရှိကြတာ အများ
ကြီးပါ။ ဒါပေမယ့် တချိန်တည်းမှာ အဲဒီစနစ်က အမေရိကားကြီးမှာပဲ လှပြီး တခြား ဘယ်နိုင်ငံ
နဲ့မှ အံဝင်ခွင်ကျ မရှိနိုင်ဘူး လို့ တွေးမိတယ်။
စင်္ကာပူ ရချင်ရမှာပေါ့။ သူကလည်း အခြေအမြစ်မှ မရှိတာ။ ကိုယ့်လူမျိုးကိုယ့်တိုင်းပြည်ကိုယ့်ယဉ်ကျေးမှုဆိုတာ ရှိတဲ့ တိုင်းပြည်တွေအတွက်ကတော့ အမေရိကားရဲ့ ယဉ်ကျေးမှုမျိုးတည်ဆောက် ဖို့ဆိုတာ မလွယ်လှဘူး။ ပြောရမယ်ဆိုရင် နှစ်
ပေါင်းထောင်ချီတည်ဆောက်လာတဲ့ အမွေအနှစ်တွေကို ပန်းသီးလက်ပ်တော့ပ်လေးသုံးရဖို့၊
ဘရန်းနယူးကားလေးစီးရဖို့ဖျက်ဆီးပစ်ရမှာ ရင်နာစရာ နှမျောစရာကောင်းလှတယ်။
ထားပါတော့ ကျနော်တို စနစ် ရဲ့ချွတ်ယွင်းချက်ကလေးကို ပြန်သွားရအောင်။ ကြွေးစနစ်ကြောင့်
ပင်ပန်းရတဲ့ ဆုံလည်နွားဖြစ်ရတာချင်းတူတူ လူတန်းစေ့အောင်နေခွင့်ရတာ အင်မတန်ကောင်းတဲ့
အားသာတဲ့အချက်ပါ။ တချိန်တည်းမှာ အဲဒီကြွေးကလွတ်ဖို့ အခြေအနေဟာ အင်မတန်နည်းပါး
တာကိုလည်းတွေ့ရပါတယ်။
အမေရိကားကို အဓိက “မောင်းနှင်” နေတာ ကော်ပိုရေးရှင်းကြီးတွေပါ။ တနည်းအားဖြင့်ပြောရ
ရင် လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေပါ။ သူတို့တွေက အခြေခံပြည်သူတွေကို ပိုက်ဆံတွေမစု
မိအောင်၊ မသုံးသုံးအောင်ကို လှုံ့ဆော်ပြီးကို သုံးခိုင်းနေတယ်။ ခရက်ဒစ်ကဒ်တွေကို ပြိုင်ဆိုင်မှု
နဲ့ထုတ်ပေးတယ်။ အကြွေးဝယ်ကဒ်တွေကို သုံးတဲ့၊ ပြန်ဆပ်တဲ့ပမာဏလိုက်ပြီး တိုးတိုးချပေး
တယ်။
ခင်ဗျားဟာ စသုံးတဲ့အချိန်မှာ ၅၀၀ ဆိုပါတော့ ၅၀၀တန် ကြွေးဝယ်ကဒ်လေးကို ချပေးတယ်။
အဲဒီ ၅၀၀ ကို တလအတွင်းသုံး၊ ပြီးရင် တလအတွင်းပြန်ဆပ် ခင်ဗျားဆီက အတိုးလုံးဝမယူဘူး။
တလကျော်သွားရင် အတိုးစယူမယ်။ ကြာလာရင် တိုးရင်းပေါင်းပြီးယူမယ်။ ဒီလိုသတ်မှတ်ချက်
တွေ ရှိတယ်။ ခင်ဗျားကသာ မှန်မှန်သုံးမှန်မှန်ဆပ်နေမယ် ဆိုရင် အကြွေးဝယ်ကဒ်ကိုလည်း
တိုးတိုးချပေးသွားတယ်။ ၅၀၀ ကနေ ၁၀၀၀၊ ၁၀၀၀ ကနေ ၅၀၀၀ နောက်ဆုံး သိန်းချီအကြွေး
ဝယ်လို့ရတဲ့အထိ ချပေးသွားတယ်။ ဘယ်လိုလူကများ ပိုက်ဆံသုံးရတာ မကြိုက်ရှိပါ့မလဲဗျာ။
သိပ်ကြိုက်တာပေါ့။ ဒီလိုပိုက်ဆံတွေကို သုံး ပြန်မဆပ်နိုင်တဲ့အခါမှာ နောက် ခရက်ဒစ်ကဒ် ကုမ္ပဏီတခုက ကမ်းလှမ်းပြန်တယ်။ ဆိုပါဆို အမေရိကန်ဘဏ်က ခရက်ဒစ်ကဒ်ကို ခင်ဗျားက တနင့်တပိုး သုံးထားတယ် ပြန်လည်းမဆပ်နိုင်တော့ဘူး ဆိုပါတော့၊ ဒီအခြေအနေမှာ ခင်ဗျားကို
ချေ့စ် ဘဏ်က ဆက်ကမ်းလှမ်းတယ်။ ခင်ဗျားရဲ့ အကြွေးတွေကို သူဆပ်ပေးပါ့မယ်။ ချေ့စ်
အကြွေးဝယ်ကဒ်ကိုပြောင်းသုံးပါ တဲ့။ ဒီမှာ ခင်ဗျားက အိုကေ ဆိုတာနဲ့ အမေရိကန်ဘဏ် က
အကြွေးမှန်သမျှကို ချေ့စ်က စိုက်ပြီး ဆပ်ပေးလိုက်တယ်။ ပြီးရင် ခင်ဗျားကို အကြွေးဝယ်ကဒ်
အသစ်တခု ထပ်ထုတ်ပေးလိုက်ပါလေရော။ ဒီလိုနည်းနဲ့ ချေ့စ်မှာ မဆပ်နိုင်ရင် နောက်တဘဏ်က ထပ်လာပြန်လေရော။ ဒီလိုနည်းနဲ့ ခင်ဗျားဟာ မဆပ်နိုင်ရင်
bad credit၊ ဒ့ါထက်မက လုံးလုံးကို ဘာခရက်ဒစ်မှ မကိုင်နိုင်တဲ့ no credit ဘ၀တွေလည်း
ရောက်သွားတာတွေအများကြီးဗျ။
သူတို့အမေရိကားက လုပ်ထားပုံကလည်း ခင်ဗျားမှာ ပိုက်ဆံရှိလို့ ငွေသားနဲ့ဝယ်မယ်ဆိုရင်
မသင်္ကာပဲ ကြည့်ကြတယ်။ ခရက်ဒစ်လေးနဲ့ အကြွေးလေးဝယ်မှ အထင်ကြီးတယ်တဲ့။ ဒီလိုဖြစ်
အောင်ကို စနစ်က မောင်းသွင်းထားတယ်။ တကယ်တမ်းမှာတော့ အလွဲကြီး လို့မြင်ပါတယ်။
ခုတော့ စီးပွားကျလွန်းမက ကျ၊ ပျက်တာတွေပျက်ခြင်းမလှ ပျက်နေတော့ တချို့ကုမ္ပဏီတွေ
က ဒီလိုကြော်ငြာပြီးရောင်းပါသဗျာ..
Bad credit, No credit, No problem. . . တဲ့။
ဟားဟားဟား . . သြော် အမေရိကား. . အမေရိကား လို့သာ အသံထွက်ရယ်မောမိပါတော့တယ်။
ခရက်ဒစ် စနစ်ဟာ အခြေခံလူတန်းစားတွေအတွက် သက်သာချောင်ချိရေးအဆင့်မှာပဲ ရပ်နေသင့်တယ်။ ဒါပေမယ့် အရင်းရှင်စီးပွားရေးသမားတွေက လူထုဆီက ငွေကို ဘယ်လိုနှိုက်
မလဲ ဆိုတာ စဉ်းစားကြတဲ့အတွက် ခင်ဗျားက ကိုယ့်ဖါသာလေး ဘဏ်အကောင့်ဖွင့်၊ ငွေသွင်း
ငွေထုတ်လုပ်နေတယ်ဆိုရင်ပဲ၊ မစ္စတာ ဟောဒီမှာ ကျနော်တို့ဘဏ်က အကြွေးဝယ်ကဒ်လေး
ပါ လူကြီးမင်း အသုံးပြုဖို့ ဂုဏ်ယူစွာပေးပါရစေ လို့ သူတို့က စပေးတာ။ နောက် အွန်လိုင်းက
နေပြီးတော့ ခင်ဗျားက ဈေးဝယ်ဖူးတယ်ဆိုတာနဲ့ ၀င်လာမစဲ တသဲသဲ ခရက်ဒစ်ကဒ် ကိုင်မလား
ကျနော်တို့ကုမ္ပဏီက ဘယ်သို့ဘယ်ဝါ ဆိုပြီး ကမ်းလှမ်းတော့တာပါပဲ။ ကျနော်ကလည်း ဆတ်
ဆတ်ဆော့ဆော့ အမေဇုံက နေ ၀ယ်ထားတာ စုံနေတာပဲ ဆိုတော့ လာလိုက်တဲ့ကြော်ငြာတွေ၊
နောက် ဖေါင်ဖြည့်ဆိုဖြည့်ဟ ဖြည့်ဟ၊ ပြီးရင် ဘာရမယ်၊ ညာရမယ်ပေါ့ဗျာ။ ဒီတော့လည်းဖြည့်
နောက်တော့ ကိုယ့်ဒေတာလိုချင်တာကိုး၊ ကြော်ငြာတော့တာပဲဟားဟား။ ကျနော့်လည်း တော
သားမြို့ရောက် အကုန်လုပ်ကြည့်၊ လုပ်အကြည့်ကောင်းလို့ ရှိစုမဲ့စု ဘဏ်ကဒ်ထဲက ပိုက်ဆံလေးတောင် အွန်လိုင်းကဖြတ်သွားလို့ မနည်းပြန်လိုက်တောင်းရပါသေးတယ်။ နောက်မှ
အကျယ်ရေးပါ့မယ်။ ဆိုချင်တာက ခရက်ဒစ်စနစ်ဟာကောင်းတယ်။ ဒါပေမယ့် ဒါကို လောဘ
နဲ့ စီးပွားရေးသမားတွေက အသုံးချပြီး လူတွေရဲ့ ဘ၀တွေကို ထိန်းချုပ်လာတယ်၊ ပျက်စီးအောင်
လုပ်လာတယ်။ လူတွေဟာ အကြွေးတွေနဲ့ သုံးရင်းသုံးရင်း လိုအပ်ချက်ထက်ပို ဆန္ဒနဲ့ပါ သုံးလာတယ်။ စီးပွားရေးပညာရှင်တွေကလည်း ကျမ်းအဆူဆူနဲ့ ချွေတာဖို့ရေးကြလည်း
ဈေးတွေဆိုင်တွေမှာ အရောင်သွေးစုံ၊ ဒီဇိုင်းစုံ၊ မော်ဒယ်လ်စုံမျိုးစုံအောင် ပစ္စည်းတွေက တနေ့ထက်တနေ့ တလထက်တလ အပြိုင်အဆိုင်ဆိုတော့ မ၀ယ်ပဲမနေနိုင်။ သုံးရင်း၊ ဘဏ်တွေကလည်း တိုးချေးရင်းနဲ့ ကြွေးသံသရာလည်မဆုံးပဲ။ အစိုးရကလည်း လူတွေကို ကူညီ
တယ်ဆိုပေမယ့် သူ့ဖါသာတောင် ပိုက်ဆံမလောက်ဘူး။ ကျောင်းသားလေးတယောက် ပညာသင်လို့ တက္ကသိုလ်တက်တော့မယ်ဆိုရင် အစိုးရငွေချေးပေးတယ်၊ တက်ချင်တဲ့ကျောင်း တက်၊ ကြိုက်တဲ့ဘွဲ့ယူပြီးရင်တော့ နှစ်၃၀၊ နှစ် ၄၀ ပြန်ဆပ်ပေရော့။ ပြီးရင် အချိန်တန်နေဖို့အိမ်၊
စီးဖို့ကား၊ ဖုန်းအကုန်လံုး ဆပ်၍မကုန်၊ ပေး၍မခန်းပဲ။ ဒါကိုလည်း ပြဿနာမရှိသေးဘူး ယူဆ
ရင် ရပါသေးတယ်။ ငွေရှာတယ်၊ လိမ္မာတဲ့သူတွေက ကိုယ့်ပညာရေးချေးငွေတွေ၊ အဓိကလိုအပ်
တဲ့ အိမ်ကားအတွက်ချေးငွေတွေကို ပြန်ဆပ်ပြီး လိမ်လိမ်မာမာနဲ့စုစောင်းနေထိုင်ကြပေမယ့် အများစုက အိုင်ဖုန်းဆို အိုင်ဖုန်း၊ အိုင်ပက်ဆိုအိုင်ပက်၊ အယ်လ်အီးဒီ ဆို အယ်အီးဒီနဲ့ လိုက်မဆုံးတော့ဘူး။ ဒီကြားထဲ ကြွေးပေးမယ့်သူတွေကလည်း လောင်းကစားဝိုင်းမှာ “ရပ်ကြည့်လို့အမြတ်မရှိ၊ ထိုးကြည့်မှ အကျိုးရှိမယ်နော်” လို့အော်သလိုအော်ပြီး မြှောက်ပေး
နေပါတော့တယ်။
အများစုဟာ အလုပ်သမားတွေများပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေပါ။ ကိုယ်ပိုင်စီးပွားရေးသမားဆို
တာ တော်တန်ရုံအရင်းအနှီးနဲ့ တော်တန်ရုံအရည်အချင်းနဲ့ အမေရိကားမှာ စ လို့မရဘူး။ ကျနော်မြန်မာတွေဟာ အင်မတန်မှ လွတ်လပ်တဲ့လူမျိုးဆိုတော့ ဆူရှီးလောကထဲကို အပြိုင်းအရိုင်းဝင်ကုန်ကြတယ်။ ဆရာကြီးဦးတင်မိုးက စာပေဟောပြောပွဲမှာ “ဆူရှီးမျိုးဟေ့ ဒို့ဗမာ” လို့တောင် ကြွေးကြော်စ ခဲ့ပါတယ်တဲ့ဗျာ။ မြန်မာတွေ ဆူရှီးလိပ်တော့ ကိုယ့်လက်ကိုယ့်
ခြေလုပ်ရသလားဆိုရင် လုပ်တော့ လုပ်ရတယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးကိုယ့်လက်နဲ့
ကိုယ်လိပ်ရတယ်။ ဒါပေမယ့် ကိုယ့်ဆိုင်ရယ်လို့ ကိုယ်ဖွင့်ချင်တဲ့အချိန်ဖွင့် ကိုယ်ပိတ်ချင်တဲ့အချိန်
ပိတ်လို့မရဘူးဗျ။ ဒီမှာက ကုန်တိုက်ကြီးတွေမှာ ဆိုင်ဖွင့်တဲ့အခါ၊ ကုန်တိုက်ရဲ့ အုပ်ချုပ်မှုအောက်
မှာနေရတယ်။ နောက် ကိုယ့်ဆူရှီးကုမ္ပဏီက စည်းမျည်းအတိုင်းဖွင့်ရတယ်။ သူတို့နည်းစနစ်
သူတို့ကုန်ကြမ်းကိုပဲ ၀ယ်ရတယ်။ ဥပမာ ဆန်ကအစ၊ ငါး၊ အသားကအစ ကိုယ့်ဖါသာ အပြင်မှာ
ဘယ်လောက်သက်သာသက်သာ သူတို့ဆီကပဲဝယ်ရတယ်။ ကျနော်တို့ရွှေမြန်မာများကလည်း
အပြင်က ဆူရှီးဆန်လေးခိုးယူရောင်းရင် သူတို့ကလည်းသိတာပေါ့။ ဒီလောက်ရောင်းရရင် ဒီလောက်ကုန်မယ်ဆိုတာ။ ဒီတော့ တနည်းမဟုတ်တနည်းနဲ့ပြန်လက်ဆင်ပေးပါသတဲ့။
သူတို့နာမည်နဲ့ သူတို့ဆူရှီးရောင်းတော့ ကိုယ့်အရင်းအနှီးနဲ့ကိုယ်ပေမယ့် ရာခိုင်နှုန်းနဲ့အမြတ်
ပေးစားရပါတယ်။ ဖရန်ချိုက်စ် ဆိုင်ဆိုပါတော့။ နောက် သူတို့ဈေးနဲ့သူတို့ကုန်ကြမ်းကိုလည်း
ဝယ်ရပါတယ်။ နောက် ပိတ်ရက်မရှိ။ ကုန်တိုက်ကြီးတွေဟာ ပိတ်ရက်မရှိအပြိုင်အဆိုင်ဖွင့်ထား
တဲ့အတွက် သူတို့ဆီမှာ ဆိုင်နေရာယူရောင်းတဲ့ဆိုင်ကလေးတွေဟာလည်း မပိတ်ရပါဘူး။
ကုန်တိုက်မန်နေဂျာဟာ ဆူရှီးဆိုင်ရှေ့မှာ ကင်းလှည့်သလိုလှည့်ပြီး ရှိုးကေ့စ်ထဲပြထားတဲ့ ဆူရှီး
ဗန်းတွေ ဟိုဟာဖြည့်ဦး၊ ဒီဟာဖြည့်ဦးနဲ့ ဒစ်စ်ပလေးကောင်းအောင် ခိုင်းနေပါတော့တယ်။
နောက် အဲဒီလို ဆိုင်လေးတွေမှာ ရောင်းတဲ့သူတွေဟာ ထိုင်မနေရပါဘူး။ သူတို့ကိုလည်း ရှိုးကေ့
စ်ထဲက အရုပ်တွေလိုသဘောထားပြီး မနက်ဆိုင်ဖွင့်ကတည်းက မတ်တပ်ကလေးရပ်နေမှ ပရိုပိုး
ရှင်းကိုက်လှတယ် ယူဆတဲ့အတွက် ထိုင်ခုံလည်းမထားပေး၊ ထားခွင့်လည်းမရှိ၊ ထိုင်ခွင့်လည်းမရှိ
ဈေးဖွင့်ကစ ဈေးပိတ်တဲ့အထိ ပိတ်ရက်မရှိ၊ ကိုယ့်လက်ကိုယ်ခြေ ဖွင့်ရပါသဗျာ။ ပိုက်ဆံတွေက
တော့ ရသပေါ့။ တချို့ဆိုင်တွေဆို ၂ထောင်၊ ၃ ထောင်၊ တချို့ဆိုင်တွေဆို သောင်းချီ ၀င်ကြပါတယ်။ ဒါပေမယ့် မနက် ၈ နာရီ ၉ နာရီဆိုင်ဖွင့်ဖို့ သွားရလာရ မနက် ၅ နာရီ ၆ နာရီ
လောက်ကတည်းက စ၊ ညနေ ၇ နာရီ ၈ နာရီမှ ပြီးပါတော့တယ်။
ပြန်ရောက်လာရင် ဆိုင်အတွက် ပြင်ဆင်၊ ဘာကုန်တယ်၊ ဘာလိုတယ်ကအစ စာရင်းလုပ်၊ ဒီလိုနဲ့တီဗီကလေးခနဖွင့်၊ မနက်ကျရင်တခါသွားနဲ့ ဘ၀ ဆိုတာ ဘာလဲ လို့မေးစရာဖြစ်လာ
တယ်။ ဒါဆူးရှီးသမားတွေရဲ့ဘ၀ပါ။ ကုမ္ပဏီဝန်ထမ်းတွေ၊ စက်ရုံလုပ်သားတွေ အကြောင်းလည်း
ရေးပါဦးမယ်။
အဲဒီလို ရှာထားသမျှ ပိုက်ဆံတွေနဲ့ ဒီလူတွေဟာ မြန်မာပြည်မှာ ရေကြီးပြီဟေ့ဆိုလည်း လှူပါ
တယ်။ နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆိုလည်း လှူပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး
ဆိုတဲ့ စိတ်နဲ့ပါ။ အများစုကအဲဒီလိုချည်းပါ။ လက်တဆုပ်စာ လူလည်တွေနည်းနည်းသာ ဒီမိုက
ရေစီအရေး ပြောပြီး ပရိုပိုဆယ်လ်လေးတင်၊ လုပ်စားကိုင်စားနေကြတယ်ဆိုတာလည်း တလက်စထဲ ပြောလိုက်ပါတယ်။
နောက် အဲဒီလို ဆူရှီးဆိုင်ဖွင့်ရင်းနဲ့ကို ဘွဲ့တွေတခုပြီးတခုယူထားတဲ့ ကိုအောင်မိုးဝင်းလို စမတ်
ဖြစ်တဲ့ လူမျိုးလည်း ရှိကြောင်း၊ (သူ့မှာနောက်ကပါရမီဖြည့်ဖက်က မထား ကလည်း အခိုင်အမာ
ကိုး) ချီးကျူးလိုက်ချင်သေးတယ်။
အမေရိကားမှာ အရင်းအနှီးနဲ့လုပ်ကိုင်စားသောက်တဲ့သူမဟုတ်ဘူး၊ ၀န်ထမ်းဆိုလို့ကတော့
ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက်နည်းအောင် ရှားပါးပါတယ်။ ဘော့စ်တွေက အစစ မလစ်
ဟင်းအောင် ကိုင် ထားပါတယ်။ နောက်ဒီတိုင်းပြည်က အင်မတန်မှ ဆိုရှယ်များတဲ့ တိုင်းပြည်ပါ။
ရုံးတွင်း၊ လူမှုရေးပါတီပွဲတွေနဲ့ ဖွဲ့စည်းကြပါတယ်။ ဘယ်လောက်အရည်အချင်းရှိရှိ ဆိုရှယ်နည်း
တဲ့သူဆိုဘေးရောက်နေပါတယ်။ ဒါပေမယ့် Talent makes market ကတော့ ရှိနေဆဲပါ။
ကျနော်ကတော့ သူတို့တွေ ခရက်ဒစ် စနစ်ကို သေချာသုံးသပ်ပြီး
ဆရာသော်တာဆွေ ရဲ့ ကျနော့်ဘ၀ဇာတ်ကြောင်းထဲက ချစ်တီးကျီးကန်းမကြီး က သော်တာဆွေတို့သားအဖကို မရမက ငွေယူသုံးဖို့ ထိုးပေးတာကို ပဲ တနုံ့နုံ့သတိရပါတယ်။
ဒီလိုတွေရေးလို့ ချိုတူးဇော်က ကွန်မြူနစ်လို့ သမုတ်မယ့်လူများ ရှိရင်လည်း အဲဒီမိတ်ဆွေ ငရဲ
ကျမှာ စိုးလို့ မပြစ်မှားမိအောင် ကျမ်းကိုးလေး ထည့်ပေးပါ့မယ်။
မဟာမြိုင်ဗောဓိဆရာတော်ကြီးကတော့ ဒီလိုဟောတာ နာဖူးပါတယ်ဗျာ။
“ မတူဘူး ဟ။ သူတို့တွေရဲ့စနစ်က လောဘကြီးအောင်၊ အတ္တကြီးအောင် ပျိုးထောင်ရတဲ့ စနစ်၊
တို့များစနစ်ကတော့ လောဘသတ်ရ၊ အတ္တသတ်ရတဲ့စနစ်” တဲ့။

. . .
အဲဒီစနစ်ကြားမှာပဲ မမေ့မလျော့မပေါ့သော သတိပဌာန်နဲ့ နေကြတဲ့ ချီးကျူးစရာမိတ်ဆွေများလည်းတွေ့ခဲ့ပါတယ်. .

ဆက်ပါဦးမယ်

ချိုတူးဇော်

No comments:

Post a Comment