Friday, February 24, 2012

ကျနော့်လမ်း


by Cho Tu Zal on Tuesday, February 14, 2012 at 2:59am ·

.နိုင်ငံရေးသမား ဆိုတာ အရမ်းကို “စမတ်” ကျရတယ်။
အစစ အရာရာ ကိုယ်ကျင့်သိက္ခာရှိဖို့လိုသလို၊ ရိုးဖြောင့်ဖို့ကလည်း လိုတယ် လို့မြင်မိတယ်။
ရှက်ရှက်နဲ့ ၀န်ခံရရင် ကျနော်ဖြင့် ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားဖြစ်ဖို့
စမတ်ကျတယ်၊ အရည်အချင်းမီတယ် မထင်မိပါဘူးဗျာ။ နိုင်ငံရေးလုပ်ပြီး ထောင်ကထွက်လာပြီးတဲ့အချိန်
မှာ ကိုယ့်ကိုယ်ကိုယ် ပျော်လားလို့မေးကြည့်တော့ နိုင်ငံရေး လုပ်ရတာ စောင့်ထိန်းရတာ
မပျော်ဘူး။ ရန်ဖြစ်ရတာ မပျော်ဘူး။ အမြဲတမ်း အနေအထိုင်ဆင်ခြင်နေရတာ မပျော်ဘူး။
မလွတ်လပ်ဘူးလို့ ခံစားရတယ်။ ကိုယ်က ခံစားချက်အတိုင်းပဲ နေချင်တာ။
 . .ပီကာဆိုဘ၀ ငါလေ ရလိုက်ချင်ရဲ့ . .
ဝါရင်ဘီတီ လိုလည်း ဖြစ်ချင်ခဲ့. . . .
ကိုထွေး(၀င်းမင်းထွေး) ရဲ့ ဂျစ်ပဆီမိုးတိမ်  ကို ကျနော်သိပ်ကြိုက်ပေါ့။

အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ ရုန်းရုန်းရုန်းရုန်း မနေချင်လို့၊ ကိုယ့်ဖါသာတကိုယ်တော်
 နေတယ်။ လိုအပ်လာရင်၊ လာအကူအညီတောင်း ရင်တော့၊ လုပ်ပေးလိုက်တာချည်းပါဘဲ။
လူငယ်လေးတွေက အကိုရေ. . ဘယ်နယ်ကိုဖြင့်ဆင်းမလို့ အကို့ပါးစပ်ကြီးနဲ့ပြောမှ တန်ကာကျမယ် လိုက်ခဲ့ဆိုလည်း ကောက်ခါငင်ခါ လိုက်သွားလိုက်တာပါဘဲ။ ဘယ်ရုံးမှာ ဘယ်နေရာမှာ ဟောဖို့၊
ပြောဖို့ လာခဲ့ပါဆိုလည်း အဆင်ပြေလမ်းကြောင်းသင့်ရင် တခမ်းတနားဖြစ်မှာစိုးလို့ လာ
တောင် မကြိုခိုင်းပါဘူး။ ဘတ်စ်ကားလေးစီးသွားလိုက်တာပါဘဲ။ ဟောပြောပွဲတွေမှာ လက်ဆောင်တွေ၊ ပိုက်ဆံတွေ ရရ မရရ အရေးမကြီးဘူး။ အထူးသဖြင့် လူငယ်လေးတွေ အဖွဲ့လေးတွေမှာဆို လက်ဆောင်တွေ မပေးကြနဲ့၊ကုန်ကျစရိတ်များမှာစိုးလို့ လို့တားခဲ့တာချည်းပါဘဲ။၈၈ ကတည်းက ခုချိန်ထိ ကိုယ့်နည်းကိုယ်ဟန်လေးနဲ့ ရေးသမျှစာတွေထဲ၊
ဖန်တီးသမျှ ဗီဒီယိုတွေ ဒီမိုကရေစီအတွက်၊ ပြည်သူ့အခွင့်အရေးအတွက် ပြည်သူတွေခံစားနေရတဲ့ ခံစားမှုတွေဆင်းရဲမှုတွေကို အတတ်နိုင်ဆုံးဖေါ်ပြတယ်။ အဲဒါတွေနဲ့ နိုင်ငံရေးသမားတော့ မဖြစ်လောက်ဘူးဗျ။
  နိုင်ငံရေးသမားတော့ မဟုတ်ဘူးဗျာ။ အဲဒီလောက် စမတ် မဖြစ်လို့။
ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်ခဲ့၊ နိုင်ငံရေးသမား သူငယ်ချင်းတွေလည်း အများကြီး၊ ခုချိန်ထိလည်း ကိုယ်မြင်တဲ့ နိုင်ငံရေးအမြင်တွေကို ရေးနေသားနေလို့ နိုင်ငံရေးသမားလို့ အထင်မမှားစေချင်ဘူး။
ဖြစ်ချင်တာများ. .ပြောရရင်..ကျနော်က. .ဆရာ ဒဂုန်တာရာ လို စာကလေးပဲရေး ငြိမ်းချမ်းချင်တယ်။
 ရွေးကောက်ပွဲဝင်ရမယ်တို့၊ ရာထူးတခုခု ယူရမယ် တို့ ဆိုရင် ထွက်ပြေးပြီး မှာပါဘဲ။
တခါတလေ ကိုခင်ဝမ်းဖြစ်ချင်စိတ်၊ တခါတလေ. မောင်ချောနွယ်ဖြစ်ချင်စိတ် လောဘ
ကလည်းတက်သေးတယ်။
တခါတလေမှာ ကြီးကြီးကျယ်ကျယ် ပိုက်ဆံတွေ အများကြီးချမ်းသာအောင်လုပ်နိုင်တဲ့
စီးပွားရေးသမားမျိုးတောင် စိတ်ကူးယဉ်မလွတ်ဘူး။ ငါတို့ ဆင်းရဲလို့ ခုလိုဖြစ်နေရတာ လို့
ရင်ထဲမချိတိုင်း အဲဒီလို ဖြစ်ချင်တယ်။
 ဒီ အမေရိကား ကို ရောက်တော့ အရာရာ တည်ဆောက်ထားသမျှ ကောင်းလိုက်တာ လို့ သဘောကျ
ရင်း ဒါတွေအားလုံး ပိုက်ဆံရှိမှ ဖြစ်မှာ လို့ ချမ်းသာချင်စိတ်တွေ ဖြစ်လာတယ်။ အိုင်ဒဗလျူပီမှာ ၃ လ
လုံးလုံးနေခဲ့ရတာ၊ ဒီအခွင့်အရေးကို သူငယ်ချင်းစာရေးဆရာတွေထဲက ဟိုလူ့လည်း ရစေချင်၊ ဒီလူ့လည်း
ရစေချင် အားလုံးရစေချင်တယ်။ ခက်တာက အိုင်ဒဗလျူပီကိုလျှောက်တိုင်းလည်း မရဆိုပဲ။ စပွန်ဆာပေး
မယ့် အဖွဲ့ကလည်းသဘောကျမှ၊ ထောက်ခံပေးတဲ့သူလည်း သဘောကျမှ။ သြော် ကျနော်တို့မှာသာ
ပိုက်ဆံရှိရင် ဒီကလူတွေ အဖွဲ့ဖွဲ့ပြီး မြန်မာစာရေးဆရာတွေ လေ့လာရေး ခရီး စီစဉ်ပေးနိုင်ကြရင်ကောင်းမလား
လောဘတွေကလည်း တက်မိတယ်။
သူတို့ချမ်းသာသလို ငါတို့ချမ်းသာဖို့မပြောနဲ့ ငါ့တကိုယ်ရည်တောင် လှူချင်တိုင်းမလှူနိုင်၊ ပေးချင်တိုင်းမပေး
နိုင်ပါလားလို့မြင်မိပြန်တယ်။ စီးပွားရေးလုပ်ရင်ကောင်းမလားလို့ တွေ့လေရာ ဒီမှာ လည်လည်ဝယ်ဝယ်ရှိတဲ့ (မေရီလန်းသားကြီး ကိုနေလင်း ဆိုပါတော့) မိတ်ဆွေတွေကိုလည်း တောင်မေးမြောက်မေးပေါ့ဗျာ။ ဒါပေမယ့်
လည်း အချိန်တန်တော့ ဒုံရင်းဒုံရင်းပါဘဲ။ ကွန်ပျူတာနဲ့ မျက်နှာမခွာပဲ စာတွေရေးနေ၊ ဖတ်နေရတာကိုပဲ
ပျော်နေပြန်တယ်။
အန်တီစု၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ စတဲ့ သူရဲကောင်းတွေ လှုပ်ရှားတက်ကြွကြသူတွေရဲ့ သတင်းတွေကို လက်
ဆင့်ကမ်းဖေါ်ပြပေးတယ်။ ပြည်သူကို နိုးကြားအောင်နှိုးဆော်ပေးတယ်၊ ကိုယ်တိုင်နိုင်ငံရေးလုပ်ခဲ့ဖူးတဲ့၊ နိုင်ငံရေးနဲ့မကွာ ရှိနေတဲ့အတွက်
 နိုင်ငံရေးအမြင်လေးတွေကို ရေးသားညွှန်းဆိုတယ်၊ အဖွဲ့ပေါင်းစုံက လှမ်းပြီးဆွေးနွေးကြ
အပြန်အလှန်စာတွေရေးကြသားကြနဲ့မို့ အမြင်စုံလည်း ကျနော့်မှာရှိတယ်။ ဒီလိုရေးသားဆွေးနွေးနေတာနဲ့လည်းနိုင်ငံရေးသမား မဖြစ်ဘူးလေ။ နိုင်ငံရေးစာရေးတဲ့ နိုင်ငံရေးစာရေးဆရာပဲဖြစ်လိမ့်မပေါ့။
ခု လို ရေးနေတာ တချိန်မှာ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောနေမင့်ဟာဗျာ။
အန်တီစု လွတ်လာပြီး ကိုပေါ်တို့ကို လွှတ်မပေးသေးတော့ စိတ်ထဲ ခံပြင်းလွန်းလို့. . .၈၈ ညီမငယ်တယောက်ကိုအကိုလည်း ပြန်လာရင် နိုင်ငံရေးအချိန်ပြည့်လုပ်မယ် လို့ စာရေးလိုက်တယ်။
ခုလို လွှတ်ပေးလိုက်တော့လည်း လုပ်မယ့်သူတွေ အများသားလား. . .။ ဘာကိစ္စလုပ်ရမှာလဲ လို့ပဲ တွေးမိပါတယ်။
အဲဒီ ညီမကိုတော့ ဒီစာထဲကပဲ ဘွာတေး ညီမလေး ရေ. . . လို့ ဘွာခတ်လိုက်ရမှာပါ။
ကျနော့်ဗျာ. . . ခေါင်းပေါင်းစ တလူလူနဲ့ လွှတ်တော်ထဲ ၀င်ချင်ပါဘူး။
ဟောဒီလို စာကလေးရေး. .ဟောဒီလို ကမ္ဘာအနှံ့ခြေဆန့်၊ မြင်တာတွေပြန်ဖေါက်သည်ချ၊ မြင်တာတွေကို ပြန်နှိုင်းယှဉ်ပြ
မြင်တာတွေကို ခံစားပြီးရေးနေရတဲ့ စာသမားဘ၀ပဲပျော်ပါတယ်။ တခါတလေ စိတ်ဆာရင် ရုပ်ရှင်လေး ဗီဒီယိုလေးလည်း ရိုက်တာပေါ့။
လုပ်ဖေါ်ကိုင်ဘက်ဟောင်းတချို့က စာတွေရေးတယ်။ ဘာလို့ပြန်မလာတာလဲ. . လုပ်ရမယ်၊ လုပ်ရအောင်ပေါ့။
မလုပ်ချင်လို့ မလုပ်ပဲနေခဲ့တာ ကြာပြီ။ မလုပ်ခဲ့ဘဲ ခုလို သင်္ကြန်ချိန်မှ စင်ပေါ်တက်ရအောင် ကျနော်သွေးမကြောင်ပါရစေနဲ့ဗျာ။ ကြားထဲမှာ မြင်တာတွေ မတော်ဘူးထင်သမျှ ကိုယ်လုပ်သင့်တယ် ထင်တာအကုန်လုပ်ခဲ့ပါတယ်။
ကျနော့်ညီနောင်တွေ မရှိတုန်း ခွပ်ဒေါင်းအလံတော်ကို အလွဲသုံးစားလုပ်ဖို့ ကျူးကျော်လာတာကိုလည်း ကန့်ကွက်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက်၊ စာပေလွတ်လပ်ခွင့်အတွက် ကိုယ်တိုင်လည်း ပါဝင်ခဲ့ လက်မှတ်ရေးထိုး တင်သွင်းတာတွေလည်း လုပ်ခဲ့တယ်။
ဒီလောက်နဲ့လည်း နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ် မခံယူပါဘူး။
စာပေစိစစ်ရေးက ဖြတ်တောက်တာတွေကို မခံနိုင်တော့တဲ့အခါမှာ ဒီဖေ့စ်ဘွတ်ခ်ပေါ်တက်ပြီး ရေးခဲ့သားခဲ့တာလည်း ပြည်တွင်းကတည်းကပါ။
 ကံကောင်းလို့ဗျို့၊ အဲဒီတုန်းကသာ အဖမ်းခံခဲ့ရရင် နေရင်းထိုင်ရင်း အချောင် သူရဲကောင်းဖြစ်ရဦးမှာ။ ခုလောက်ဆို  ကိုယ်လည်း မာန်တက်ပြီး၊ တိုက်ပုံတကားကားနဲ့ ပွဲတက်နေမိဦးမယ်။
တိုင်းပြည်အတွက် အမြန်ဆုံး ပြန်လာခဲ့ဆိုတဲ့ မိတ်ဆွေတို့ရေ. . .
ဒူးနေရာဒူး၊ တော်နေရာတော် ပဲ ကောင်းပါတယ်။ ဘ၀တခုလုံးကို ရင်းလာခဲ့တဲ့ သူရဲကောင်းတွေက သူတို့အလုပ်သူတို့လုပ်နေကြတာ၊ ကျနော်ကလည်း ကျနော့်ကလောင်တချောင်း(အဲလေ)
နုတ်ဘုတ်တလုံးနဲ့ မြန်မာ့ဒီမိုကရေစီရေး ရေးနေသားနေရင်ကျေနပ်ကြရောပေါ့။
အမေရိကားကို လေ့လာတော့ သူတို့နိုင်ငံရေးစနစ်ကို မကြိုက်ဘူး။ ရီပတ်ဗလီကန်နဲ့ဒီမိုကရက် တို့ဟာ ဖွင့်မတိုက်နိုင်ဘူး။ ဘာလုပ်လုပ် သူတို့ပါတီအကျိုးကိုတော့ ချန်ပြီးနေကြတယ်။ ဒီလို ပါတီနိုင်ငံရေးကို မကြိုက်ဘူး။ စီးပွားရေးမှာလည်း ဒီလိုချွတ်ယွင်းချက်တွေအများကြီးတွေ့တယ်။
ဒါပေမယ့် အရမ်းကို သဘောကျရတာက စနစ်၊ ဒီမိုကရေစီစနစ်။ အမေရိကားရဲ့ဒီမိုကရေစီ ဟာ နိုင်ငံရေး
ဇာတ်ခုံပေါ်မှာပဲ၊ စီးပွားရေးစနစ်မှာပဲ လည်ပတ်ရှင်သန်နေတာမဟုတ်ဘူးဗျ။ လူ့အဖွဲ့အစည်းထဲမှာ လည်ပတ်ရှင်သန်နေတယ်။
လူတွေဟာ နေရာတိုင်းမှာ ဒီမိုကရေစီ ကျင့်ဝတ်နဲ့အညီနေတယ်။ တဦးချင်းတယောက်ချင်းတာဝန်ယူမှု၊ လွတ်လပ်မှုတွေရှိတယ်။
စားတဲ့သောက်တဲ့နေရာ၊ သွားတဲ့လာတဲ့နေရာ၊ နေရာတိုင်းမှာပါပဲ။ နောက် ဘုံဝါဒ မာ့ခ်စ် ၀ါဒ ရဲ့ လုပ်ထုံးလုပ်နည်းလေးတွေကိုနေရာတော်တော်များများမှာတွေ့ရတယ်။ ဆရာတာရာက အမေရိကားကသာ မာ့ခ်စ် အစစ် လို့ပြောခဲ့တာ သတိရမိတယ်။
အမှန်ပါပဲ အမေရိကန်တွေဆီက ရသမျှ ကို ဆက်တဲ့အခါ ဆက်ပါ့မယ်။
ခုဟာကတော့ အမျိုးမျိုးစာတွေရေးကြ၊ ပြောကြဆိုကြတာမို့ ကိုယ့်လမ်း ကလေး ရေးပါတယ်။
ဆရာ လယ်ကလေးရောင်းပြီး၊ တာရာ မဂ္ဂဇင်း ထုတ်ခဲ့သလို ကျနော်လည်း ဟောဒီ စာမူခ
မရတဲ့ ဖေ့စ်ဘွတ်ခ်မှာ စာလေးရေးရေးနေရရင်ကို ကျေနပ်လို့။
အမေရိကားမှာဒီမိုကရေစီစနစ်ကို နိုင်ငံရေးလောကမှာထက်လူ့အဖွဲ့အစည်းထဲပိုရှင်သန်တာကိုမြင်ရတော့
ကိုယ်လျှောက်နေတဲ့ လမ်း၊ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ မြန်မာပြည်ကြီး  ဒီမိုကရေစီ အောင်မြင်ဖို့အတွက် အရေးပါတယ်လို့ အယုံအကြည်ကဲကဲနဲ့ ရဲရဲ ပိုရေးပါတော့တယ်။

ချစ်ခင်စွာ

ချိုတူးဇော်

1 comment:

  1. စောင့်အားပေးလျှက်ပါအကို။ ဆက်ရေးပါဦး.....

    ReplyDelete